သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ စစ်ကောင်စီ ကန့်သတ်


ရန်ကုန်မြို့မှာ တွေ့ရတဲ့ ATM စက်တလုံး (ဇူလိုင် ၂၀၂၄)
ရန်ကုန်မြို့မှာ တွေ့ရတဲ့ ATM စက်တလုံး (ဇူလိုင် ၂၀၂၄)

ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကို အိမ်ခြံမြေ ရောင်း၀ယ်ရေး သတ်မှတ်ချက် ချိုးဖောက်မှုတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ ရှိခဲ့ပြီးနောက်ပိုင်း အများပြည်သူအတွက် ဘဏ်၀န်ဆောင်မှု လုပ်ငန်းတွေ အကန့်အသတ်တွေကြီးမားလာပါတယ်။ ငွေအလုံးအရင်း ထုတ်ယူမှာကို ဘဏ်တွေဘက်က စိုးရိမ်နေတဲ့အတွက် ကန့်သတ်ချက်တွေ ပိုမိုပြုလုပ်လာတာဖြစ်တယ်လို့ ဘဏ်သုံးစွဲသူတချို့က သုံးသပ်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေမှာ ငွေအလွှဲအပြောင်း ပမာဏကို လျှော့ချ ကန့်သတ်လိုက်ပြီး လူစည်ကားရာ အချက်အချာ နေရာတွေကလွဲလို့ ဘဏ်ခွဲအများစုရဲ့ ငွေထုတ်စက် ATM တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

အကန့်အသတ်မရှိ ထုတ်ယူလို့ရတဲ့ Special Account လို့ခေါ်တဲ့ စစ်ကောင်စီလက်ထက်မှာ အသစ်ဖွင့်ခိုင်းထားတဲ့ ငွေစာရင်းတွေကနေ အခုဆိုရင် တရက်ကို ကျပ် ၁၀သိန်းပဲ အလွှဲအပြောင်း လုပ်လို့ရတော့တယ်လို့ ငွေအပ်ထားသူတချို့က ဗွီအိုအေကို ပြောပါတယ်။ ငွေသား အလွယ်တကူ ထုတ်လို့ရတဲ့ ATM စက်တွေကိုလည်း ဘဏ်တွေက ပိတ်ထားလိုက်ပါတယ်။ ဒါကြောင့် ငွေအနည်းငယ်ထုတ်ဖို့တောင် အဆင်မပြေတာကြောင့် ဘဏ်တွေအပေါ်မှာ ယုံကြည်မှုနည်းလာကြောင်း ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။

" အခုနောက်ပိုင်း ATM စက်တွေကလည်း ထုတ်ရတာ အဆင်မပြေတဲ့အခါကြတော့ ATM လည်းသိပ်မထုတ်ဖြစ်တော့ဘဲနဲ့ အပြင်မှာပဲ ထုတ်တာများတယ်။ Kpay ဆိုလည်း Kpay ထုတ်တဲ့ဆိုင်တွေမှာပဲ အဲလိုပဲ ထုတ်တာများတယ်။ နောက်ပိုင်းတော့ ဘဏ်လည်း သိပ်မအပ်တော့ဘူး ငွေမအပ်ဖြစ်တော့ဘူး။ အစ်မတို့က မျှော်လင့်တာဆိုတောတောင် ပြောဖို့တောင် ခက်ခက် ဖြစ်နေတာပေါ့နော်။ ဘာလို့ဆို ဘာမှလည်း မျှော်လင့်လို့မရဘူးလေ။ ကိုယ့်မျှော်လင့်ချက်က တမျိုး၊ ဖြစ်လာတာက တမျိုးဖြစ်နေကြတာကိုး အဲဒီတော့ မျှောင်လင့်ချက် ဘာမှမထားတာကောင်းတယ်။ "

ကမ္ဘောဇ KBZ ရဲ့ ဝန်ဆောင်မှုဌာနဘက်ကတော့ သူတို့အနေနဲ့ ဘဏ်ခွဲတွေရဲ့ ငွေလက်ကျန်အပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက အခုလိုတုံ့ပြန်ရှင်းပြပါတယ်။

" ဘဏ်စာအုပ်နဲ့ ဘဏ်မှာထုတ်တာကြတော့ ဘဏ်တွေက သူတို့ရဲ့လက်ကျန် Currency အပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးရတာဖြစ်တဲ့ အတွက်လေ ဘဏ်မှာတော့ တချက်မေးပြီး ထုတ်ပေးပါရှင့်။ ညီမတို့ဘက်မှာတော့ ပမာဏတွေ ကန့်သတ်ထားတာတော့ မရှိပါဘူး။ တချို့ (ATM) စက်လေးတွေကတော့ လိုင်းမကောင်းနေတာတွေ ငွေလေးတွေ ကုန်နေတာလေးတွေ အဲလိုလေးတွေဆိုရင် ထုတ်ဖို့ အဆင်မပြေနေမှာရှင့်။"

ရန်ကုန်၊ မန္တလေး မြို့ကြီးတွေတင်မကဘဲ ကျန်တဲ့မြို့က ဘဏ်ခွဲတွေပါ အခုလို ငွေထုတ်၊ ငွေလွှဲပမာဏကို ကန့်သတ်လာတာပါ။ နယ်မှာရှိတဲ့ A Bank ရဲ့ ဝန်ဆောင်မှုဌာနတခုကတော့ လောလောဆယ်မှာ ငွေသားကို ဆယ်သိန်းပဲ ထုတ်ပေးကြောင်း အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတဦးက အခုလိုပြောပါတယ်။

"ငွေလွှဲဆိုရင် Transfer ဆိုရင် ၁၀သိန်းတော့ ထုတ်ပေးလို့ရတယ်။ အခုကလက်ကျန်နဲ့ ချိန်နေရလို့ပါ။ ဟိုလို အကန့်အသတ်နဲ့ ထုတ်ပေးတာတော့ မဟုတ်ပါဘူး။ (လက်ကျန်) ငွေများရင်တော့ ညီမတို့ထုတ်ပေးပါတယ် အဲလိုမျိုးပေါ့။ အခုက ငွေချိန်နေရလို့ပါ။ သူများတွေကြားသလိုမျိုး အကန့်အသတ်နဲ့ ထုတ်ပေးတာတို့၊ တနေ့ကို ဘယ်လောက်ပဲ ထုတ်ပေးတာမျိုး အဲလိုတော့ မဟုတ်ဘူး။ ဒီရက်ပိုင်းမှပဲ ညီမတို့က လက်ကျန်ပဲ ချိန်နေရလို့ပါ။ ATM ကတော့ other ATM ရဲ့ flow အတိုင်းပဲသွားမယ်။"

Speial Account လို့ခေါ်တဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ထပ်ဖွင့်ရတဲ့ ငွေစုစာရင်းတွေကနေ ငွေလွှဲပြောင်းမယ်ဆိုရင် ကျပ်သိန်း ၂၀၀ထက်မပိုဖို့၊ ပိုမယ်ဆိုရင်လည်း ငွေစာရင်းနဲ့ပဲလွှဲကြဖို့ ဗဟိုဘဏ်က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘဏ်တွေမှာ ငွေသွားထုတ်မယ်ဆိုရင် တရက်ကို ကျပ် ၁၀သိန်းပဲ အများဆုံး ထုတ်ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG