သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကဘဏ်တွေကို အရေးယူမယ့် စစ်ကောင်စီ အစီအစဉ်အပေါ် သုံးသပ်ချက် 


စစ်တပ်အာဏာသိမ်းသည့်ရက်က ဘဏ်ရှေ့တွင်စောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၁)
စစ်တပ်အာဏာသိမ်းသည့်ရက်က ဘဏ်ရှေ့တွင်စောင့်ဆိုင်းနေကြသူများ (ဖေဖော်ဝါရီ ၁၊ ၂၀၂၁)

အိမ်ရာချေးငွေသတ်မှတ်ချက်တွေကိုကျော်လွန်ဖောက်ဖျက်မှုနဲ့ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာကြောင့် ဘဏ်လုပ်ငန်းတွေမှာ ရိုက်ခတ်လာမှာ စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီက ပုဂ္ဂလိကဘဏ်တွေကို အရေးယူမယ့် အစီအစဉ်ကြောင့် နောက်ဆက်တွဲ ကြုံရနိုင်တဲ့ အကျိုးဆက်တွေအပေါ် စီးပွားရေး လေ့လာသုံးသပ်သူနဲ့ ဘဏ်သုံးစွဲသူတွေရဲ့အမြင်ကို ရန်ကုန်ကစုစည်းတင်ပြထားတာကို မအိသန့်စင် တင်ပြထားပါတယ်။

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်း များဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး အိမ်ရာနဲ့ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ်တို့ဟာ အိမ်ရာချေးငွေဆိုင်ရာ ဗဟိုဘဏ်သတ်မှတ်ထားချက်ထက် ကျော်လွန် ဖောက်ဖျက်ခဲ့တယ်လို့ စစ်ကောင်စီကြေညာလိုက်သလို အဲဒီ ဘဏ် ၇ ခုက တာဝန်ရှိသူတွေကို အရေး ယူသွားမယ့်အပြင် စိစစ်ကြီးကြပ်မှုအားနည်းခဲ့တဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ် အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။

ဒီလိုအရေးယူတဲ့အခြေအနေအပေါ် ဘဏ်လုပ်ငန်းလေ့လာသုံးသပ်သူ စီးပွားရေးပညာရှင်တဦး ကတော့ သူ့အမြင်ကိုအခု လိုပြောပြလာပါတယ်။

“တချက်ကတော့ ဗဟိုဘဏ်က သူတို့အလုပ်လုပ်တယ်ပေါ့။ စည်းကမ်းထိန်းတာကိုပြချင်တာလည်း ပါမယ် ဒါကတော့သာမန်အားဖြင့်ပေါ့လေ။ လက်ရှိအခြေအနေအရ စစ်ကောင်စီခေါင်းဆောင်က ဖိအား ပေးလို့ အိမ်ခြံမြေစျေးတက်တာတွေ ကုန်စျေးနှုန်းတက်တာတွေကိုထိန်းဖို့လုပ်တာပိုများတယ်။ နောက် တခုက လူတွေ သင်္ကာမကင်းသလိုပေါ့။ တချို့လုပ်ငန်းရှင်ကိုကွက်ပြီးအရေးယူလားပေါ့ ဒါလဲမဖြစ်နိုင် ဘူးလို့ပြောလို့မရဘူး။ လက်ရှိအခြေအနေအရ စည်းကမ်းနဲ့အရေးယူမယ်ဆိုရင်ဘယ်ဘဏ်မှမလွတ်ဘူး ဟိုတုန်းကလည်းစည်းကမ်းဖောက်တယ် ခုလည်းဆက်ဖောက်နေတုန်းဘဲ။ အခြေအနေအရပြေလည် အောင်လုပ်ရတာရှိသလို အခွင့်အရေးယူအမြတ်ထုတ်လုပ်တာလည်းရှိတယ်။ ဘယ်လိုဖြစ်ဖြစ်နေရာတ ကျသွားနေတာမဟုတ်တာသေချာပါတယ်။ ဒါတွေရဲ့အကျိုးသက်ရောက်မှုကလည်းကောင်းစရာတော့ မရှိပါဘူး။”

စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ဘဏ်အလိုက် ငွေပိုထုတ်ချေးတဲ့ ပမာဏဖော်ပြချက်တွေအရ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်သတ်မှတ်ပမာဏထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားပြီး အများဆုံးပိုထုတ်ချေးထားတဲ့ ဘဏ်လို့ စစ်ကောင်စီ က ပြောပါတယ်။

ရိုးမဘဏ်က ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ်က ၃ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း အစရှိတဲ့ ရာခိုင်နှုန်းတွေ ပိုထုတ်ချေးထားတယ်လို့ ဖော်ပြထားတာပါ။ ဒီလိုကျော်လွန်ထုတ်ချေးထားတဲ့ ဘဏ် ၇ ခုက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဥပဒေနဲ့အညီ အရေးယူဆာင်ရွက်သွားမှာဖြစ်သလို စစ်ကောင်စီဗဟိုဘဏ်ရဲ့ ငွေ‌ရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ဒဏ်ကြေးပေးဆောင်ပေးဆောင်စေမယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်း နိုင်ငံရေးနဲ့ စစ်ရေး ပဋိပက္ခတွေနောက်ဆက်တွဲ စီးပွါးရေးအကျပ်အတည်း ရင်ဆိုင်နေချိန်မှာ စစ်ကောင်စီအနေနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပိုင်းကို ပြင်းပြင်းထန် ထန်ကိုင်တွယ် လိုက် တဲ့အခြေအနေတခုဖြစ်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။

စစ်ကောင်စီ အရေးယူမှုတွေကြောင့် ကောင်းကျိုး ထက်ဆိုးကျိုးပိုများလာနိုင်သလို လူတွေရဲ့ဘဏ်တွေအပေါ်မယုံကြည်မှုဟာ ပိုခိုင်မာလာနိုင်သလို ဘဏ် စနစ်အပေါ်ယုံကြည်မှု ပိုမို ကျဆင်းသွားတယ်လို့စောစောက စီးပွားရေးပညာရှင်ကသုံးသပ်ပါတယ်။

"ဒါကတော့ခါတိုင်းလိုဘဲ ဖြစ်တဲ့နည်းနဲ့အဆင်ပြေသလို လွတ်အောင်လူးကာလိမ့်ကာသွားကြရမှာလေ။ ဒီမှာလည်းလမ်းကြောင်းအမှန်ကိုသွားတဲ့အတွက် ဟိုတုန်းကမှားခဲ့တဲ့ လမ်းကြောင်းကိုပြန်လျှောက်နေ တာဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်စီးပွားရေးအတွက် ဘဏ်လုပ်ငန်းရဲ့ ကဏ္ဍကကောင်းလာစရာ စီး ပွားရေးကောင်းအောင်ဖြည့်စည်းပေးနိုင်စရာ အခြေအနေတော့မရှိပါဘူး။ မရှိယုံတင်မကဘူး ရတဲ့နည်း နဲ့ဆက်လုပ်ကြမယ်။ ရတဲ့နည်းနဲ့ဆက်လုပ်တာမှာလည်း တိုင်းပြည်စီးပွားရေးအတွက် နစ်နာစရာတွေ ဖြစ်လာမယ်။ အဓိကထိခိုက်မှာတော့သုံးစွဲသူအများပြည်သူပေါ့လေ။"

ဘဏ်သုံးစွဲသူပြည်သူတဦးကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"cash တွေကိုင်ကုန်မှာပေါ့နော် bank တွေမသုံးဘဲကျော်ကုန်မယ်။ ဒီနေ့တောင်မှ ကားတန်ဖိုးတွေက ၃၊ ၄၊ ၅၀လောက်ထိ ထိုးတက်လာတယ်။ နောက်တခုက ဧရာတို့ UAB တို့က ဧရာကတော့ အရင်ထဲက အသုံးများတဲ့ ဘဏ်တခုပါ။ တော်တော်များများရှိနေပြီးသားထိခိုက်မှုကတော့ရှိနိုင်တယ်။ စိုးရိမ်စိတ် တွေမြင့်တက်လာနိုင်တယ်။ အနည်းနဲ့အများပေါ့ လုပ်ငန်းတွေလုပ်တာတွေရှိတယ်။ လုပ်ငန်းလုပ်တာမှာ လည်းအနည်းနဲ့အများစိုးရိမ်စိတ်ရှိလာတယ်။. ခုဆိုဖြစ်နိုင်ရင်ဘဏ်ထဲမလွှဲခိုင်းတော့ဘူး cash ဘဲကိုင်ဖို့ လုပ်နေကြတယ်။ cash မှာလည်း တသောင်းတန်က ရိုက်ထုတ်ထားတော့အတန်အသေးတွေကို ပိုပြီး ယုံကြည်တော့အဲဒါတွေကို ဘဲ ယူတော့အခက်အခဲတွေတော်တော်ဖြစ်တယ်။ တချို့က cash မကိုင်ထား ဘူးဘဏ်ထဲမှာဘဲရှိတယ်။ ထုတ်တော့လည်း အကန့်အသတ်တွေရှိနေတယ်။ ခုလိုပြဿနာတက်လာတော့ပြုံထုတ်မယ့်အလားအလာကိုလည်းမြင်နေရတယ်။"

မကြာသေးခင်ရက်ပိုင်းကပဲ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရွှေလုပ်ငန်း ပိုင်ရှင်တွေကို အရေးယူခဲ့သလို ဆန်ဈေးမတည်ငြိမ်မှုစွဲချက်နဲ့ ဆန်လုပ်ငန်းရှင်နဲ့ အရောင်းစင်တာ တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG