သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အိမ်ရာချေးငွေစွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခု အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်


နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)
နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)

အိမ်ရာချေးငွေသတ်မှတ်ချက်တွေကိုကျော်လွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပါတယ်။

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တို့ဟာ အိမ်ရာချေးငွေဆိုင်ရာ ဗဟိုဘဏ်သတ်မှတ်ထားချက်ထက် ကျော်လွန်ဖောက်ဖျက်ခဲ့တယ်လို့ စစ်ကောင်စီကြေညာချက်မှာဖော်ပြပါတယ်။ ဒါကြောင့် အဲဒီ ဘဏ် ၇ ခုက တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုတဲ့အပြင် စိစစ်ကြီးကြပ်မှုအားနည်းခဲ့တဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။

ဗဟိုဘဏ်သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေထုတ်ပေးခဲ့တာကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆာင်စေမယ်လို့ ဆိုပါတယ်။ ရိုးမဘဏ်၊ ဧရာဝတီဘဏ်နဲ့ ယူအေဘီဘဏ်တွေဟာ ထင်ရှားတဲ့ဘဏ်တွေဖြစ်ကြပြီး ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာပါ။ နိုင်ငံတွင်း နိုင်ငံရေးနဲ့ စစ်ရေး ပဋိပက္ခတွေနောက်ဆက်တွဲအားဖြင့် စီးပွားရေးအကျပ်အတည်းပါ ဆိုက်နေချိန်မှာ စစ်ကောင်စီအနေနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပိုင်းကို ပြင်းပြင်းထန်ထန်ကိုင်တွယ်နေတဲ့အခြေအနေတခုဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရွှေလုပ်ငန်းပိုင်ရှင်တွေကို အရေးယူခဲ့သလို ဆန်ဈေးမတည်ငြိမ်မှုစွဲချက်နဲ့ ဆန်လုပ်ငန်းရှင်နဲ့ အရောင်းစင်တာတာဝန်ရှိသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG