သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ် ကန်လွှတ်တော်မိန့်ခွန်းပြောစဉ် ဆန္ဒပြကန့်ကွက်


အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု အမေရိကန်လွှတ်တော်တွင်း မိန့်ခွန်းပြောနေချိန် အပြင်ဘက်မှာ ဆန္ဒပြသူတွေက ပါလက်စတိုင်းလွတ်မြောက်ရေးတောင်းဆို ဆန္ဒပြနေစဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု အမေရိကန်လွှတ်တော်တွင်း မိန့်ခွန်းပြောနေချိန် အပြင်ဘက်မှာ ဆန္ဒပြသူတွေက ပါလက်စတိုင်းလွတ်မြောက်ရေးတောင်းဆို ဆန္ဒပြနေစဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောနေတုန်းမှာပဲ ဂါဇာစစ်ပွဲဆန့်ကျင့်ပြီး ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြသူ အမြောက်အမြားဟာ လွှတ်တော်ရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ လမ်းမတွေကိုပိတ်ဆို့ပြီး “ပါလက်စတိုင်း လွတ်မြောက်ရေး” ဆန္ဒပြသူတချို့က အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။

ပါလက်စတိုင်း ၃၉,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့စစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုနေကြတဲ့ ထောင်ဂဏန်းရှိတဲ့လူအုပ်ကြီးကို ဓာတ်ငွေ့ကာမျက်နှာဖုံးတွေတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ တားဆီးခဲ့ရပါတယ်။ ဆန္ဒပြသူတချို့က “အကြမ်းဖက်” လာပြီး ရဲက တားမြစ်ထားတဲ့ သတ်မှတ်မျဥ်းကို “နာခံဖို့ ပျက်ကွက်” လို့ Pepper Spray လို့ခေါ်တဲ့ ငရုတ်ဆေးရည်ဖြန်း ကိရိယာတွေ အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

"ဥပဒေချိုးဖောက်ပြီး အဲဒီမျဉ်းကိုဖြတ်ကျော်ဖို့ ကြိုးစားနေသူတွေကို ငရုတ်ရည်ဖြန်းဆေး အသုံးပြုခဲ့တယ်" လို့ Capitol ရဲတပ်ဖွဲ့က X လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အကာအကွယ် ဦးထုပ်ဆောင်းပြီး အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းတွေကိုင်ဆောင်ထားတဲ့ ရဲအရာရှိ အမြောက်အမြားဟာလည်း လွှတ်တော် အနီးတဝိုက်မှာ လုံခြုံရေး အပြည့် ယူထားပါတယ်။

နေတန်ယာဟု မိန့်ခွန်းမပြောမီ ကွန်ဂရက်လွှတ်တော် ရှေ့မှာ ပါလက်စတိုင်းလိုလားသူတွေ အင်္ဂါနေ့က ထိုင်သပိတ်ပြခဲ့ပြီး ဖမ်းဆီးမှုတချို့ ရှိခဲ့အပြီးမှာ လွှတ်တော် အဆောက်အအုံကိုလည်း အထပ်ထပ် ကာရံ ပိတ်ဆို့ထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူအများအပြားက နေတန်ယာဟုရဲ့ ပုံတူ ရုပ်တုကြီးကို နတ်ဆိုးပုံသဏ္ဌာန် ချိုတွေ တပ်ဆင်ခဲ့ကြသလို ပါးစပ်ကနေလည်း သွေးအတုတွေ စီးကျနေတဲ့ ပုံစံ ပုံဖော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတချို့ကတော့ နေတန်ယာဟုရဲ့ ပုံတူ စက္ကူကို မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသူအများစုက အစ္စရေးကို ရှုတ်ချခဲ့ကြပြီး တချို့ကတော့ နေတန်ယာဟုကို ထောက်ခံကြောင်း ပြသကြပေမယ့် ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ ဓားစာခံတွေ အိမ်ပြန်ခေါ်ဆောင်လာနိုင်ရေး ဖိအားပေးခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့ကတော့ “နေတန်ယာဟုကို ဖမ်းဆီးဖို့” နဲ့ “အစ္စရေးအတွက် အမေရိကန်အကူအညီတွေ အကုန်ရပ်” ဖို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပြီး “ပါလက်စတိုင်း လွတ်မြောက်ရေး” ကြွေးကြော်ခဲ့ကြပါတယ်။ လွှတ်တော်အနီး ယူနီယံဘူတာရုံက အမေရိကန်အလံ ၃ ခုစလုံးကိုလည်း ပါလက်စတိုင်းအလံတွေ အစားထိုး လွှင့်ထူခဲ့ကြပါတယ်။ ဆန္ဒပြသူတချို့ကတော့ “နေတန်ယာဟု လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်" ဆိုပြီး စွပ်စွဲ ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG