သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်က တပ်တွေ ရုပ်သိမ်းရေး အစီအစဉ် အပြောင်းအလဲမရှိ (သမ္မတဘိုင်ဒန်)


US Afghanistan
US Afghanistan

အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန် တပ်ဖွဲ့တွေ ဒီလကုန် နောက်ဆုံးထား ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်အတိုင်း အပြောင်းအလဲ မရှိကြောင်း သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့ အစောပိုင်းတုန်းက G7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အာဖဂနစ္စတန်နိုင်ငံအရေး အွန်လိုင်းက ဆွေးနွေးရာမှာ သတ်မှတ်ရက်ထက် ကျော်ပြီး အမေရိကန်တပ်တွေ ထားရှိဖို့ တိုက်တွန်းမှုတွေ ရှိပေမဲ့ သမ္မတဘိုင်ဒင်ကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ့်အကြောင်း အိမ်ဖြူတော်ကနေ ပြောလိုက်တာပါ။

“သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်နိုင်အောင် အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။ မြန်မြန်အပြီးသတ်နိုင်ရင် အကောင်းဆုံးပါ။ အမေရိကန် တပ်ဖွဲ့တွေအတွက် နေ့စဉ်နဲ့အမျှ အန္တရာယ်တွေ တိုးလာနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်နိုင်ဖို့ တာလီဘန်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း မူတည်ပါတယ်။” လို့ သမ္မတဘိုင်ဒင် ပြောသွားတာပါ။

တာလီဘန်တွေကတော့ သတ်မှတ်ထားတဲ့ရက်ထက် ကျော်လွန်ပြီး အမေရိကန်တပ်တွေ ဆက်ထားမယ့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ပြောဆိုထားတာပါ။ အင်္ဂါနေ့ အစောပိုင်းမှာပဲ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ်လူပေါင်း ၂၁,၆၀၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း နိုင်ငံကနေ ထွက်ခွာချင်သူ ထောင်ချီရှိနေဆဲဖြစ်ပြီး၊ လေဆိပ်ကို အရောက်သွားဖို့ တာလီဘန်တွေရဲ့ စစ်ဆေးရေးဂိတ်တွေကိုဖြတ်ဖို့ ခက်ခဲတယ်လို့လည်း အာဖဂန်တွေ တော်တော်များများက ပြောပါတယ်။ ကဘူးမြို့တော်က အခြေအနေတွေနဲ့ ပတ်သက်လို့ တာလီဘန်တွေနဲ့ နေ့စဉ်ဆက်သွယ် ပြောဆိုနေကြောင်းလည်း အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်





XS
SM
MD
LG