သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ယူကရိန်းကို နည်းဗျူဟာကျ လေကြောင်းကာကွယ်ရေးစနစ်တွေ ထောက်ပံ့မည်” ကန်သမ္မတ


အမေရိကန်သမ္မတ Joe Biden နေတိုး ၇၅ နှစ်ပြည့်အခမ်းအနားကျင်းပရာ ဝါရှင်တန်ဒီစီမြို့တော့ Mellon ဇာတ်ရုံကြီးအတွင်းမှာ မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၉၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden နေတိုး ၇၅ နှစ်ပြည့်အခမ်းအနားကျင်းပရာ ဝါရှင်တန်ဒီစီမြို့တော့ Mellon ဇာတ်ရုံကြီးအတွင်းမှာ မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၉၊ ၂၀၂၄)

အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ ယူကရိန်းကို လေကြောင်းကာကွယ်ရေးစနစ်တွေ ပိုမိုထောက်ပံ့ကူညီသွားမယ်လို့ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။

“ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ လာမယ့်လတွေမှာ ယူကရိန်းကို နည်းဗျူဟာကျတဲ့ လေကြောင်းကာကွယ်ရေးလက်နက် ဒါဇင်နဲ့ချီ ကူညီသွားဖို့ရှိပါတယ်။” လို့ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်း ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကြီးမှာ သမ္မတဘိုင်ဒန်ပြောသွားတာပါ။ ယူကရိန်းအနေနဲ့ ရုရှားသမ္မတပူတင်ရဲ့ ရည်မှန်းချက်ကို ဟန့်တားနိုင်ရမယ်ဆိုပြီးတော့လည်း ယူကရိန်းစစ်ကို သူ့မိန့်ခွန်းမှာ အလေးပေးပြောဆိုသွားပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ဒီအခမ်းနားမှာ မိန့်ခွန်းပြောဆိုရာမှာ ယူကရိန်းစစ်မှာ ရုရှားသာအနိုင်ရရင် အီရန်၊ မြောက်ကိုရီးယားနဲ့ တရုတ်တို့ကို ပိုမိုရဲတင်းလာစေလိမ့်မယ်လို့ သတိပေးပါတယ်။ ယူကရိန်းစစ်ဟာ လာမယ့် ဆယ်စုနှစ်တွေရဲ့ကမ္ဘာ့လုံခြုံရေးကို ပုံဖော်မှာဖြစ်တဲ့အတွက်လည်း ယူကရိန်းကို ဆက်ပြီး အကူအညီတွေပေးသွားကြဖို့လည်း နေတိုးအတွင်းရေးမှူးချုပ်က နေတိုးအကြီးအကဲတွေကို တိုက်တွန်းသွားပါတယ်။ အခမ်းအနားအတွင်းမှာတော့ မကြာခင် တာဝန်ကနေအနားယူဖို့ရှိတဲ့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကို သမ္မတ Biden က အမေရိကန်သမ္မတရဲ့ လွတ်မြောက်ရေးဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။

မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ NATO ရဲ့ ၇၅ နှစ်ပြည့် အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီ Walter E. Washington Convention Center မှာ ဒေသအချိန် အင်္ဂါနေ့ညနေပိုင်းမှာ ကျင်းပခဲ့ပြီး အဖွဲ့ဝင်တိုင်းပြည်တွေကခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီမတိုင်ခင်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အင်န်ထော်နီ ဘလင်ကန်ဟာ ရာထူးကအနားယူတော့မယ့် NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကို နိုင်ငံခြားရေးဌာနမှာ ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်နဲ့ သူ့ရဲ့ခေါင်းဆောင်မှုကို ကျေးဇူးတင်ပါကြောင်း၊ ပိုပြီးခိုင်မာအားကောင်းတဲ့ မဟာမိတ်အဖွဲ့၊ ပိုပြီးကြီးမားတဲ့ရည်ရွယ်ချက်အတွက် ပိုပြီး အံဝင်၊ အခု အချိန်အခါ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေတဲ့ မဟာမိတ်အဖွဲ့ကို ကျနော်တို့ ရရှိနေပါပြီ။” လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အခုအပတ် ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ NATO ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းစစ်ပွဲက အဓိကကိစ္စတွေထဲကကိစ္စတခုဖြစ်ပြီး သမ္မတBiden ဟာ ယူကရိန်း သမ္မတဇာလန်စကီးကို ကြာသပတေးနေ့မှာ သီးခြားတွေ့ဆုံဖို့ ရှိပါတယ်။ တာဝန်ကနားတော့မယ့် နယ်သာလန်ဝန်ကြီးချုပ် Mark Rutte က နေတိုး အတွင်းရေးမှူးချုပ်အသစ်အဖြစ် မကြာခင် တာဝန်ယူမှာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG