သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုပီးယား ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး ဝန်ကြီးချုပ် Abiy Ahmed နဲ့ သမ္မတ Biden ဆွေးနွေး


(Zawgyi / Unicode)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed နဲ့ တနင်္လာနေ့ ဆက်သွယ်ပြောကြားရာမှာ အီသီယိုပီးယားနိုင်ငံမှာ စစ်မက်ဆက်လက်ဖြစ်ပွါးနေတာနဲ့ မကြာသေးခင်ကပဲ တီဂရေးဒေသက အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီသီယိုပီးယားမှာ တနှစ်ကျော်ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရသလို ဒေသခံ ၂ သန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတာကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်နိုင်မယ့် နည်းလမ်းတွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူက ပြောပါတယ်။

အီသီယိုပီးယား နိုင်ငံတလွှား လူသားချင်းစာနာမှု အကူညီတွေ ပေးနိုင်ရေး အရေးပေါ်လိုအပ်နေသလို နိုင်ငံတွင်း ပြဌာန်းထားတဲ့ အရေးပေါ်အခြေနေ ဥပဒေနဲ့ ထိန်းသိမ်းထားမှုတွေ အပါအဝင် လူ့အခွင့်ရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်း သမ္မတဘိုင်ဒန်က အလေးထားပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ ဒီစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး အီသီယိုပီးယား ဝန်ကြီးချုပ် Abiy ဘက်က ဘယ်လိုတုန့်ပြန်ပြောဆိုတယ် ဆိုတာကိုတော့ သမ္မတ ဘိုင်ဒန် အစိုးရအဖွဲ့က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

သမ္မတ အိမ်ဖြူထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သမ္မတရဲ့ ဒီစိုးရိမ်မှုတွေနဲ့ အတူ အမေရိကန်ဘက်က AU အာဖရိကသမဂ္ဂနဲ့ရော ဒေသတွင်းမိတ်ဆွေတွေနဲ့ပါ လက်တွဲပြီး အီသီယိုပီးယား အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အကူညီတွေ ပေးမှာ ဖြစ်ကြောင်း ထပ်လောင်းပြောဆိုထားတာပါ။

ကယ်ဆယ်ကူညီရေး အဖွဲ့တွေ အကူညီပေးနေတဲ့ အီသီယိုပီးယား နိုင်ငံအနောက်မြောက်ပိုင်းက တီဂရေး ဒေသမှာ သောကြာနေ့က လေကြောင်း အတိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၅၆ ယောက် သေဆုံးခဲ့ရသလို ၃၀ လောက်ပါ ဒဏ်ရာရခဲ့တဲ့ နောက် သမ္မတဘိုင်ဒန်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)








XS
SM
MD
LG