တရုတ်ကိုအချက်ပြတဲ့ ဝန်ကြီး Blinken ရဲ့ သြစတြေးလျ ခရီး
{{Unicode}}
ယူကရိန်းအရေး အမေရိကန်က အာရုံစိုက်နေတဲ့ တချိန်တည်းမှာပဲ အာရှ၊ ပစိဖိတ်နဲ့ အင်ဒို ပစိဖိတ်ဒေသအပေါ် သမ္မတ Joe Biden အစိုးရရဲ့ သံဓိဌာန်ခိုင်မာမှုကို ပြသတဲ့ ခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က သြစတြေးလျမှာ ရောက်နေပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယ ၄ နိုင်ငံ QUAD အဖွဲ့အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမယ့် သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Marise Payne ကတော့ အခုအစည်းအဝေးဟာ ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်က ဦးစားပေးအဖြစ် သဘောထားကြောင်း တရုတ်နိုင်ငံကို ပြသတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုလိုက်တာပါ။
QUAD အဖွဲ့ဝန်ကြီးအစည်းအဝေးမှာ ဒေသတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ဖြန့်ချီမှု၊ ဆိုက်ဘာနဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်သလို၊ မမှန်သတင်းဖြန့်ချီမှု၊ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု စတာတွေကိုလည်း ဆွေးနွေးမှာဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဝန်ကြီး Blinken ကတော့ ဒေသတွင်းနဲ့ ကမ္ဘာတလွှား ပြည်သူတွေအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ကိုဗစ်ရောဂါ ကာကွယ်ဆေး ရရှိရေး၊ ရေကြောင်းလုံခြုံရေး၊ အင်ဒို ပစိဖိတ်ဒေသမှာ ရန်လိုတဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေး ခေတ်မီ နည်းပညာတွေကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုနိုင်ရေး စတဲ့ ကိစ္စတွေကို ဆောင်ရွက်ရာမှာ QUAD အဖွဲ့ဟာ ပိုမိုအားကောင်း လာနေကြောင်းလည်း ပြောပါတယ်။
ဝန်ကြီးဘလင်ကန်ရဲ့ သီတင်းပတ်ကြာ ခရီးစဉ်အတွင်း ပစိဖိတ်ဒေသက Fiji နိုင်ငံအပြင် Honolulu နဲ့ Hawaii တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
......................................................................
{{Unicode}}