သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကွန်ဂိုပဋိပက္ခဖြေရှင်းရေး အာဖရိကမိတ်ဖက်နိုင်ငံတွေနဲ့ ထိစပ်ဆောင်ရွက်မည်" ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ အန်ဂိုလာသမ္မတ Joao Lourenco တို့ အန်ဂိုလာနိုင်ငံ။ Luanda နန်းတော်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ အန်ဂိုလာသမ္မတ Joao Lourenco တို့ အန်ဂိုလာနိုင်ငံ။ Luanda နန်းတော်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)

ကွန်ဂိုသမ္မတနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး အမေရိကန်က အာဖရိကဒေသတွင်း မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်လက်ပြီး ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဝန်ကြီး Blinken ဟာ ကြာသပတးနေ့မှာ အန်ဂိုလာ သမ္မတ ဂျိုအာ လိုရန်းဇိုးနဲ့တွေ့ဆုံပြီး ကွန်ဂို အရှေ့ပိုင်းက တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ဒေသအတွက် ရေရှည်ငြိမ်းချမ်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကွန်ဂိုနဲ့ ရဝမ်ဒါတပ်တွေကြား နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတဲ့ တိုက်ခိုက်မှုတွေ တိုးလာနေချိန်မှာ ဆွေးနွေးပွဲကျင်းပခဲ့တာပါ။

ရဝမ်ဒါနဲ့ကွန်ဂိုကြား တင်းမာမှုတွေလျော့ပါးအောင် ကွန်ဂိုသမ္မတလိုရန်းဇိုးက ဆက်လက် ကြိုးပမ်းနေတာအတွက် အမေရိကန်ပြည်ထောင်စုက အထူးကျေးဇူးတင်ကြောင်း ဝန်ကြီး Blinken က ပြောပါတယ်။ ကွန်ဂိုသမ္မတဟာ သူ့ရဲ့ အိမ်နီးချင်းရဝမ်ဒါနဲ့ ငြိမ်းချမ်းမှုရအောင် ကြိုးပမ်းနေတဲ့ Nairobi လုပ်ငန်းစဉ်နဲ့အတူ တိုးလာနေတဲ့ ကွန်ဂိုအရှေ့ပိုင်းသူပုန်တွေလက်နက်ချရေး Luanda လုပ်ငန်းစဉ်ကိုပါ ပူးတွဲလုပ်ဆောင်နေရတာပါ။ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှစ်ခုစလုံး အောင်မြင်စေဖို့ အမေရိကန်က မျှော်လင့်ကြောင်းနဲ့ ဒီအချိန်မျိုးမှာ သမ္မတလိုရန်းဇိုးရဲ့ ဦးဆောင်မှုက အရေးပါကြောင်းလည်း ဝန်ကြီး Blinken က ပြောပါတယ်။

ဒေသတွင်းက Angola နိုင်ငံကတော့ ဘက်အားလုံးက ယုံကြည်မှုရတဲ့နိုင်ငံဖြစ်ကြောင်းလည်း အာဖရိက ၄ နိုင်ငံ ခရီးစဉ် အဆုံးသတ်အဖြစ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken က ပြောကြားခဲ့တာပါ။ Angola နိုင်ငံခြားရေးဝန်ကြီး Tete Antonio နဲ့ တွေ့ဆုံချိန်ကတော့ အမေရိကန် -Angola ၂ နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးခဲ့သလို ဒေသတွင်း အရေးပါတဲ့ မီးရထားလမ်း ဖေါက်လုပ်ရေး စီမံကိန်းနဲ့ အာကာသစူးစမ်းရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တာပါ။

XS
SM
MD
LG