သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေး၊ ဂျော်ဒန်နဲ့ အာရှခရီးစဥ် စတင် 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony (အောက်တိုဘာ ၃၁၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony (အောက်တိုဘာ ၃၁၊ ၂၀၂၃)

ဂါဇာက ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးက လက်တုံ့ပြန်ချေမှုန်းရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ အစ္စရေးနဲ့ ဂျော်ဒန်ကို သွားမယ့်ခရီးစဥ်ကို ဒီနေ့ ကြာသပတေးနေ့မှာပဲ စတင်လိုက်ပါတယ်။ ဒီခရီးစဥ် အပြီးမှာ ဘလင်ကန်ဟာ ရှေ့အပတ်ကျရင် တိုကျိုမှာကျင်းပမယ့် စက်မှု ထိပ်သီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ဂျပန်နိုင်ငံကို ဆက်လက်ခရီးဆက်မှာဖြစ်သလို အဲ့ဒီနောက် တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း သွားမှာ ဖြစ်ပါတယ်။

ဘလင်ကန်ရဲ့ အခုခရီးစဥ်ဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် အစ္စရေးကိုသွားတာ ဖြစ်ပါတယ်။ ဝန်ကြီးဘလင်ကန်ဟာ သောကြာနေ့ကျရင် တဲလ်အဗစ်မြို့မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအပါအဝင် အစ္စရေးအစိုးရ အဖွဲ့ဝင်တွေနဲ့တွေ့ဆုံမှာပါ။ အစ္စရေးသမ္မတ အိုင်းဇက်ဟာ့ဇ်ဇော့ (Isaac Herzog) နဲ့ အင်္ဂါနေ့က ဖုန်းခေါ်ဆိုမှုမှာတော့ ဘလင်ကန်က အရပ်သားတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ဖြစ်နိုင်ခြေရှိတဲ့ ကြိုတင်ကာကွယ်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၀၀ ကျော်ကို ပြန်လွတ်ရေး ဆက်လက်ကြိုးပမ်းမှုတွေနဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် ဂါဇာကမ်းမြောင်ဒေသထဲ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလျင်အမြန်နဲ့ ပမာဏများများ ပေးပို့နိုင်ရေး အရေးတကြီးလိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။ အင်္ဂါနေ့ညက သီးခြားဖုန်းခေါ်ဆိုမှုတခုမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာ ဘုရင်တို့ဟာ ဂါဇာက အရပ်သားတွေကို အရေးပေါ် အကူအညီတွေ တိုးမြှင့်နိုင်ရေးနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြန်လည်စတင်ရေး ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဂါဇာကမ်းမြောင်အပြင်ဘက်မှာ ပါလက်စတိုင်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုဖို့ အာမခံပေးဖို့လည်း အရေးကြီးကြောင်း နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG