သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အစ္စလာမ်နဲ့ဂျူးအသိုင်းအဝိုင်းကြား ခြိမ်းခြောက်မှုတွေတိုးလာ


ISRAEL-PALESTINIANS/PROTESTS-USA
ISRAEL-PALESTINIANS/PROTESTS-USA

အစ္စရေးနဲ့ဟားမတ်စ်ကြား စစ်ပွဲတွေဆက်ဖြစ်နေတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေ၊ ဂျူးဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ အကြမ်းဖက်ဖို့ ခြိမ်းခြောက်တာတွေ ကြုံလာရပါတယ်။ ခုလို ခြိမ်းခြောက်မှုတွေ ဖြစ်လာအောင် ဘာတွေက စေ့စော်နေတာပါလဲ။ ဒီလူမှုအသိုင်းအဝိုင်းတွေအနေနဲ့ သူ့တို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဘာတွေ ကြိုးစား ဆောင်ရွက်နေကြရပါလဲ။ ဗွီအိုအေသတင်းထောက် Veronica Balderas Iglesias ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အစ္စရေး−ဟားမတ်စ် စစ်ပွဲဆိုင်ရာသဘောထား ရပ်တည်ချက်မတူညီကြတာတွေကနေ ပေါ်ပေါက်လာတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေက အမေရိကန် အစ္စလာမ်မစ် ဆက်ဆံရေးကောင်စီ CAIR ရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲကို လျှို့ဝှက်နေရာတခုကို ရွှေ့လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ် ၂ စုအတွင်း ပထမဆုံးအကြိမ် ခုလို ကြုံရတာပါ။

ဒီအဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး Edward Ahmed Mitchell က ခုလိုပြောပါတယ်။

“ပွဲလုပ်မယ့်နေကို ဝင်စီးမယ်၊ ကားဂိုထောင်ကို ဗုံးခွဲမယ်၊ အသက်အန္တရာယ်ပြုမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ့ရတဲ့အကြောင်း ဟိုတယ်က ကျနော်တို့ကို အသိပေးပါတယ်။ ပါလက်စတိုင်းသားတွေရဲ့အခွင့်အရေးအတွက် ကျနော်တို့အဖွဲ့က ကူညီထောက်ပံ့နေတာကို မကျေနပ်ကြတဲ့ မွတ်ဆလင် ဆန့်ကျင်ရေးသမားတွေ၊ ပါလက်စတိုင်း ဆန့်ကျင်ရေး အစွန်းရောက်တွေဆီကလာတဲ့ ခြိမ်းခြောက်မှုတွေပါ။”

အလားတူ အမေရိကန် ဂျူးဘုရားကျောင်းတချို့မှာလည်း အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီးတော့ပဲ ဗုံးခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်တာတွေ ရှိလာလို့ လူကိုယ်တိုင်ရော၊ အွန်လိုင်းပါတွဲလုပ်တဲ့ ဝတ်ပြုပွဲတွေ ထိခိုက်ခဲ့ရတယ်လို့ အမေရိကန် ဂျူးကော်မတီက ပြောပါတယ်။

ဒီကော်မတီဟာ − အောက်တိုဘာလ ၂၁ ရက်နေ့က Detroit မြို့ နေအိမ်မှာ ဓားနဲ့ထိုး အသတ်ခံခဲ့ရတဲ့ Isaac Agree Downtown Synagogue ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Samantha Woll နဲ့လည်း ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

Samantha Woll သတ်ဖြတ်ခံရမှုဟာ အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှုဆိုတာမျိုး သက်သေ အထောက်အထား မတွေ့ရသေးပေမဲ့လို့ ဆက်လက်စုံစမ်းနေဆဖြစ်ပြီး ဂျူးခေါင်းဆောင်တွေအတွက်တော့ ပိုပြီး ဂရုစိုက် နေထိုင်လာနေရတာပါ။

Chief Field Operation အဖွဲ့က အရာရှိ Melanie Maron Pell က ခုလိုပြောပါတယ်။

“သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ လူတိုင်း မသိအောင် သိုသိုသိပ်သိပ် ဂရုစိုက်နေလာရတာမျိုးတွေ တွေ့လာရပါတယ်။ အင်မတန့် အင်မတန်ကို သတိမပြတ် ဂရုစိုက် နေနေရတဲ့ ကာလပါပဲ။”

ဒီလို ဂျူးအသိုင်းအဝိုင်းမှာရော၊ မွတ်ဆလင်အသိုင်းအဝိုင်းတွေကြားမှာပါ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတာပါ။ ဒီအထဲမှာ မွတ်ဆလင် ကျောင်းသူကျောင်းသားတွေ ပညာသင်ယူနေကြတဲ့ NGO အဖွဲ့တခုဖြစ်တဲ့ အမေရိကန် အစ္စလာမ် စာသင်ကျောင်းများအဖွဲ့ချုပ်လည်း ပါပါတယ်။

ဒီအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Shaza Khan က Skype က တဆင့် ဗွီအိုအေကို ခုလိုပြောပါတယ်။

“သောကြာနေ့တုန်းက ရှိကာဂိုမြို့မှာရှိတဲ့ အစ္စလာမ် အချိန်ပြည့်စာသင်ကျောင်းကို ခြိမ်းခြောက်တဲ့စာတွေ ရပါတယ်။ တကယ့် ခြိမ်းခြောက်စာ အစစ်တွေပါ။ ဒါကြောင့် သင်ကြားမှုတွေကို အွန်လိုင်း ပြောင်းလိုက်ရပါတယ်။ အတန်းကြီး ကျောင်းသူကျောင်းသားတွေကိုတော့ လက်ရှိအခြေအနေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေနဲ့ ဘေးကင်းလုံခြုံအောင် ဘယ်လို နေထိုင်ကြတယ်ဆိုတာတွေကို အချင်းချင်း ဝေမျှ ပြောဆိုတာတွေ လုပ်စေပါတယ်။”

ဂျူး စာသင်ကျောင်းတွေမှာလည်း လုံခြုံရေးအစီအမံတွေ တိုးမြှင့်ဖို့အတွက် ရန်ပုံငွေ ပိုပြီး သုံးလာကြပါတယ်။ Orthodox သမဂ္ဂ လက်အောက် အစီအစဥ်တခုဖြစ်တဲ့ Teach Coalition အဖွဲ့က Dan Mitzner က ခုလိုပြောပါတယ်။

“တော်ရုံကျည်ဆံ မပေါက်တဲ့ မှန်တွေ၊ တိုက်ခိုက်လာရင် အဟန့်အတား ဖြစ်စေမယ့် တိုင်တွေ စတဲ့ လုံခြုံရေး အစီအမံတွေ လုပ်လာရပါတယ်။ ကမ္ဘာတဝန်းက ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို တောင်းဆို ချင်တာကတော့ ဂျူး မုန်းတီးရေး ဝါဒီတွေကိုရော၊ အစ္စလာမ်မုန်းတီးရေး ဝါဒီတွေကိုရော၊ အမုန်းတရားနဲ့ အကြမ်းဖက်တာ၊ ပြောဆိုတာကိုပါ ရှုတ်ချကြဖို့ပါ။ ဒါတွေကို အားမပေးဘဲ ရပ်တန့်အောင် လုပ်ပေးကြပါ။”

လက်ရှိ အစ္စရေး−ဟားမတ်စ် စစ်ပွဲအပြင် ခုချိန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ပင်ဆဲဗေးနီးယားပြည်နယ် Pittsburgh မြို့က ဂျူး ဘုရားကျောင်း တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပတ်လည်ချိန်လည်းဖြစ်နေတာကြောင့် ဂျူး လူမှုအသိုင်းအဝိုင်းကြား စိုးရိမ်ထိတ်လန့်မှုတွေ ပိုများနေတယ်လို့ ဗွီအိုအေကို ဖြေကြားသူတွေကပြောပြကြပါတယ်။

Tree of Life ဂျူး ဘုရားကျောင်းကို ဂျူးဆန့်ကျင်ရေး အကြမ်းဖက်သမားတဦးက တိုက်ခိုက်ခဲ့တာ အောက်တိုဘာ ၂၇ ရက် သောကြာနေ့ဆိုရင် ၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့သူကတော့ သေဒဏ် ချမှတ်ခံထားရပါတယ်။

လတ်တလောမှာတော့ ဂျူးလူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသူတွေက ပိုပြီး အားစိုက် ဆောင်ရွက်ပေးနေတဲ့အကြောင်း Dan Mitzner က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG