အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ မနက်ဖြန် ကြာသပတေးနေ့ ဆွေးနွေးပွဲအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အီဂျစ်နိုင်ငံကို ရောက်ရှိနေ ပါတယ်။
ဝန်ကြီး Blinken ဟာ ဒီနေ့ပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာနယ်စပ်လုံခြုံရေးနဲ့ ပါလက်စတိုင်းဘက်ခြမ်းမှ Rafah ဒေသ ဖြတ်ကျော်စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဘယ်အပြောင်းအလဲကိုမှာ လက်ခံမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက တာဝန်ရှိသူရဲ့ လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပေမဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ လက်ခံနိုင်မယ့် သဘောတူညီမှုမျိုးတော့ မရသေးပါဘူး။ ဆွေးနွေးမှုတွေမှာ စစ်ပွဲရပ်ဖို့နဲ့ ဂါဇာရှိ ဟားမတ်စ်စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ကိစ္စတွေကို အဓိကညှိနှိုင်းးနေကြတာပါ။
ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုပြုချက်အတွက် အမေရိကန်က အချိန်အတိအကျ မပြောသေးပေမဲ့ တာဝန်ရှိသူတွေကတော့ မကြာခင်မှာ တင်ပြမယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller ကတော့ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေ၊ အထူးသဖြင့် အီဂျစ်၊ ကာတာနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဘယ်လိုအချက်တွေ ထည့်သွင်းသင့်တယ်ဆိုတာကို ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂမှာတော့ အင်္ဂါနေ့ကပဲ ဂါဇာအတွက် အရေးပေါ်အစည်းအဝေးကို ပြန်လည် ကျင်းပခဲ့ပါတယ်။
Forum