သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် ယူကရိန်း အစ္စရေးလ် ကိစ္စဆွေးနွေး


US President Joe Biden (L) and British Prime Minister Keir Starmer (R) participate in a bilateral meeting in the Blue Room of the White House in Washington, DC, on September 13, 2024. (Photo by SAUL LOEB / AFP)
US President Joe Biden (L) and British Prime Minister Keir Starmer (R) participate in a bilateral meeting in the Blue Room of the White House in Washington, DC, on September 13, 2024. (Photo by SAUL LOEB / AFP)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂ နိုင်ငံကြား အထူးဆက်ဆံရေးကို အလေးထားကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ အစ္စရေးအတွက် အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့လည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မကြာသေးခင်ကမှ အသစ်တက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ၂ နိုင်ငံကြား အထူးဆက်ဆံရေးကို အလေးထားကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ အစ္စရေးအတွက် အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့လည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က ယူကရိန်းကို သူတို့ပေးအပ်တဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲ ပစ်ခတ်ခွင့် ပေးဖို့ စဉ်းစားလာချိန်မှာ အခုလို တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး David Lammy တို့ဟာ ဒီသီတင်းပတ်အစောပိုင်းက ယူကရိန်းမြို့တော် Kyiv ကို သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်လုပ် စစ်ရေးမဟာဗျူဟာကျ မစ်ဇိုင်းဒုံး ATACMS နဲ့ ဗြိတိန်လုပ် Storm Shadow မစ်ဇိုင်းဒုံးတွေ အပါအဝင် ရုရှားပစ်မှတ် တွေကို ပစ်ခတ်မယ့် လက်နက်တွေကို ပြသခဲ့တာပါ။

ဒီလက်နက်တွေဟာ ယူကရိန်းအတွက် အလွန်အရေးကြီးနေတာ ဖြစ်ပြီး ဒါတွေနဲ့ ရုရှားပိုင်နက်ထဲ ပစ်ခတ်ခွင့် ပေးဖို့ မဟာမိတ်တွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာ ဖြစ်ကြောင်း Zelenskyy က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီး Blinken ကလည်း ရုရှားဘက်က စစ်ရေးမဟာဗျူဟာ ပြောင်းလဲလာတာနဲ့အညီ အမေရိကန်ရဲ့ ယူကရိန်းအတွက် ပံ့ပိုးမှုကို လိုအပ်သလိုချိန်ညှိပြီး အပြောင်းအလဲတွေ လုပ်မှာ ဖြစ်ကြောင်း Kyiv မှာ ရှိနေစဉ် ပြောကြားခဲ့တာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ယူကရိန်းက တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်လာနိုင်တာ တခုထဲနဲ့ ဒီရုရှား- ယူကရိန်း စစ်ပွဲကို အဆုံးဖြတ် ပေးနိုင်မယ်လို့ မယုံကြည်သလို ယူကရိန်းအနေနဲ့ ဒရုန်းတွေ အပါအဝင် သူတို့ ပြည်တွင်းထုတ် လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲ ပစ်ခတ်နေတာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် မဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ယူကရိန်းအရေးအပြင် အစ္စရေးအရေး၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခတွေမှာ အီရန်ရဲ့ အခန့်ကဏ္ဍနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG