သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် ကာတာနိုင်ငံရောက်ရှိ


ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ ကာတာနိုင်ငံအုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani (ယာ) (အောက်တိုဘာ ၂၄၊ ၂၀၂၄)
ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ ကာတာနိုင်ငံအုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani (ယာ) (အောက်တိုဘာ ၂၄၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက်နေပြီး ဒီနေ့မှာတော့ ကာတာနိုင်ငံကို အုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဘလင်ကန်ဟာ ကာတာနိုင်ငံခြားရေးဝန်ကြီး Mohammed Al Thani နဲ့ ဒီနေ့ တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီနောက် မနက်ဖြန် သောကြာနေ့မှာတော့ အာရပ်တာဝန်ရှိသူတွေနဲ့ လန်ဒန်မြို့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဝန်ကြီးဘလင်ကန်ရဲ့ အဓိကဦးစားပေးလုပ်ငန်းစဉ်တခုကတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရရှိအောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ်နိုင်ငံကလည်း အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် လက်ဘနွန်မှာထိခိုက်သွားတဲ့သူတွေကို ရံပုံငွေအကူအညီတွေပေးနိုင်ဖို့အတွက် နိုင်ငံတကာညီလာခံတခုကို ပဲရစ်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ဝန်ကြီးဘလင်ကန်ဟာ ဒီခရီးစဉ်အတွင်း အစ္စရေးလ်နဲ့ ဆော်ဒီနိုင်ငံတွေကိုလည်း ဝင်ရောက်မှာဖြစ်ပြီး၊ အဲဒီမှာတော့ ဂါဇာစစ်ပွဲရပ်ဆိုင်းဖို့ နဲ့ ဟားမတ်စ်ဘက်က ဖမ်းဆီးထားတဲ့ ဓါးစားခံတွေပြန်လွှတ်ပေးရေး အရေးပါပုံကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အစ္စရေးကတော့ ဘေရွတ်မြို့တောင်ပိုင်းက ဟဇ်ဘိုလာတွေရဲ့ လက်နက်ထုတ်လုပ်တဲ့စက်ရုံကိုပစ်မှတ်ထားပြီး လေကြောင်းကနေ နောက်ထပ် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။ အဲဒီလို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ဘနွန်စစ်သား ၃ ယောက် သေဆုံးသွားခဲ့တယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။ အဲဒီစစ်သား ၃ ယောက်ဟာ လက်ဘနွန်တောင်ပိုင်း Yater ကျေးရွာမှာ ကယ်ဆယ်ရေးတွေလုပ်နေစဉ်အတွင်း သေဆုံးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေးကတော့ သူတို့အနေနဲ့ လက်ဘနွန်ကို တိုက်တာမဟုတ်ဘဲ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာတွေကို တိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံမှာ ဒမတ်စကတ်မြို့မှာတော့ အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဆီးရီးယားစစ်သားတယောက် သေဆုံးပြီး၊ နောက်ထပ် ၇ ယောက် ဒဏ်ရာရသွားတယ်လို့ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG