အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တော်နီ ဘလင်ကန် ဟာ ဆီးရီးယား အနာဂတ်အရေးကို ဆွေးနွေးဖို့ ဂျောဒန်နဲ့ တူရကီ နိုင်ငံကို ဗုဒ္ဓဟူးနေ့က ဆက်လက် ထွက်ခွါသွားပါတယ်။ ဂျော်ဒန်နိုင်ငံက အကာဘာ နဲ့ တူရကီက အန်ကာရာ မြို့တွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား၊ အစ္စရေး၊ ဂါဇာ၊ လက်ဘနွန် နဲ့ ဒေသတလွှား ကိစ္စတွေကို ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဆီးရီးယား အကူးအပြောင်းအတွက် အဓိက မူတွေကို ဒေသတွင်း ခေါင်းဆောင်တွေကြား သဘောတူညီချက်ရအောင် လုပ်ဖို့ ဘလင်ကန်က ရည်ရွယ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီမူတွေထဲမှာ လူနည်းစု ကို အပြည့်အဝ လေးစားရေး၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ လွယ်ကူချောမွေ့ရေး၊ အကြမ်းဖက်သမားတွေ နေပျော်တဲ့ ဆီးရီးယား မဖြစ်ရေး ဒါမှမဟုတ် အိမ်နီးချင်း တိုင်းပြည်တွေကို ခြိမ်းခြောက်တဲ့ ဆီးရီးယား မဖြစ်ရေး နဲ့ ဓာတု နဲ့ ဇီဝ လက်နက်တွေကို လုံခြုံစိတ်ချစွာနဲ့ ဖျက်ဆီးရေး မူတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
အင်္ဂါနေ့တုန်းကလည်း Jordan, UAE, Qatar နဲ့ Egypt နိုင်ငံတွေက တာဝန်ရှိသူတွေ နဲ့ ဘလင်ကန်က ဆွေးနွေးခဲ့ပြီး၊ ဆီးရီးယားတွေ ကိုယ်တိုင် ဦးဆောင်တဲ့ အကူးအပြောင်းဖြစ်ဖို့ အရေးကြီးတာကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ သောကြာနေ့မှာ လုပ်မယ့် G7 နိုင်ငံများ အွန်လိုင်း ထိပ်သီး အစည်းအဝေးကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်ပြီး ဆွေးနွေးရာမှာ ဆီးရီးယား နဲ့ အရှေ့အလယ်ပိုင်း အရေးကိစ္စတွေ ပါဝင်ပါမယ်။
Forum