သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်တွင်း စက်လှေတိမ်းမှောက်မှု မြန်မာ ၃၀ ခန့်ပျောက်ဆုံး 


ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်မြင်ကွင်း (ယခင်ပုံဟောင်း)
ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်မြင်ကွင်း (ယခင်ပုံဟောင်း)

မဲခေါင်မြစ်တွင်း စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ မြန်မာအများအပြားကို ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ကိုယ်တိုင်တွေ့သူတွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ တနင်္လာနေ့က လာအိုနိုင်ငံကနေ မြန်မာပြည်နိုင်ငံဘက်ကို ပြန်လာသူတွေ စက်လှေတိမ်းမှောက်ရာက မြန်မာအများစု အပါအဝင် ၃၀ လောက် ပျောက်ဆုံးနေတာပါ။ မဲခေါင်မြစ် စစ်လှေတိမ်းမှောက်မှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်မှာ စက်တင်ဘာလ ၂ရက်၊ တနင်္လာနေ့ နေ့လည် ၃နာရီခွဲ ဝန်းကျင်အချိန်မှာ မြန်မာလုပ်သား ၄၀ ကျော် တင်ဆောင်လာတဲ့ စက်လှေနှစ်စီး မှောက်ခဲ့တယ်လို့ တွေ့ရှိသူတွေက ပြောပါတယ်။ အဲဒီထဲက ၁၀ ဦးဝန်းကျင်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး၊ ကျန်တဲ့ အယောက် ၃၀ ကျော်ကတော့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

"လှေက စက်ရပ်ပြီး မှောက်တယ်လို့ သိရတယ်။ နှစ်စီးဆိုတော့ လူတော်တော်များတယ်။ အသက်ရှင်လျက် ကယ်တင်နိုင်တာ ၁၀ ယောက်ပဲ တွေ့တယ်လို့ ပြောတယ်ဗျ။ လူကတော့ နှစ်စီးပေါင်းဆို ၄၀ ကျော်တယ်လို့ ပြောတာပဲ။ ၁၀ ယောက်ပဲကယ်နိုင်လို့ အပေါ်ပြန်ရောက်လာတယ်။ ကျန်တဲ့လူ တော်တော်များများ ပျောက်နေတယ်။ သူတို့ တွေ့ရှိတဲ့လူတွေကို ထားတာကတော့ မြို့ပြင်က တောင်ခြေဆေးရုံမှာ ထားတာဗျ။"

လာအိုမှာရောက်ရှိနေတဲ့ မြန်မာလုပ်သားတဦး ပြောပြထားတာပါ။ ပျောက်ဆုံးနေတဲ့အထဲမှာ သူငယ်ချင်းလည်း ပါဝင်နေပြီး၊ အခုချိန်ထိ အခြေအနေ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

"အခုချိန်ထိကတော့ အတိအကျတော့ မသိသေးဘူး။ ကျနော်တို့ သူငယ်ချင်းတယောက် ပျောက်တာလည်း သေသလား၊ ရှင်သလား မသိဘူး။ ဆေးရုံလည်း သွားမကြည့်နိုင်တော့ အခြေအနေကို စောင့်ကြည့်ရမယ့် ပုံစံဖြစ်နေတယ်။ အတိအကျတော့ သတင်းမထွက်လာသေးဘူး။ ဝနယ်ထဲကပဲ။ သူလည်း ဝလူမျိုးပဲ။ အကုန်လုံးပြန်တာက ဝတွေချည်းပဲ။ လှေပေါ်ပါတာလည်း ဝတွေအများဆုံးပဲ။"

စက်လှေစီးလာသူတွေက ဝလူမျိုးတွေ ဖြစ်တယ်လို့ နောက်ထပ် မြန်မာလုပ်သားတဦးကလည်း ပြောပါတယ်။

"လှေနှစ်စီးမှောက်တာ၊ ဝလူမျိုးတွေ များတယ်ဗျ။ သူတို့က စစ်မှုထမ်းရမှာမို့လို့ ပြန်ခေါ်တဲ့လူတွေကို ပြန်ပို့တာဗျ။"

စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးသူတွေကို လာအိုဘက်က တာဝန်ရှိသူတွေ ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။ စက်လှေမှောက်ချိန်မှာ မျက်မြင်တွေ့သူတွေနဲ့ ပျောက်ဆုံးသွားသူတွေရဲ့ နီးစပ်သူတွေကနေတဆင့် ပြောပြချက်အရ သတင်းဖော်ပြထားပါတယ်။ ကယ်ဆယ်နိုင်တဲ့ အရေအတွက်နဲ့ ပျောက်ဆုံးသူစာရင်းကို ဗွီအိုအေက ဆက်ပြီးစုံစမ်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG