သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မှာ တိုက်ပွဲပြင်းထန်၊ နမ့်ဆန်ပေါက်ကွဲမှု အနည်းဆုံး ၅ ဦးသေဆုံး 


KIA Kachin Soldiers
KIA Kachin Soldiers

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာအနီးမှာ ကြာသပတေးညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသား ၂ ယောက် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို ကိုရန်နိုင် က တင်ပြပေးပါမယ်။

ဒီလ အစောပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် တစ်ပတ်လောက် ငြိမ်သက်နေခဲ့တဲ့ မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်အကြား မနေ့ည ၉ နာရီလောက်ကနေ ၁၀ နာရီကျော်လောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲဖြစ်ပွားချိန်မှာ စီဟတ်ရွာမှာ မြေပဲနုတ်ဖို့ ပြန်လာတဲ့ စစ်ရှောင် ရွာသား ၁၀၀ ကျော်၂၀၀ နီးပါးလောက်ရှိ နေကြပြီး လက်နက်ကြီးကျည် ထိမှန်တာကြောင့် ရွာသား ၂ ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာသားတွေတောင် ၂ယောက်တောင် ထိသွားတာ။ တစ်ယောက်က ဗိုက်ထိသွားတာ။ တစ်ယောက်ကကျတော့ ကျောကုန်းပေါ်မှာ ဖြတ်သွားတာ။ လက်သုံးလုံးလောက် ရှိတယ်လို့ ပြောတာပဲ။ အထဲထဲက ဗိုက်ရဲ့ အူတွေတောင် မြင်နေရတယ်။ အခု ဗန်းမော်ကို သွားလိုက်ပြီ။ မနက်ကတည်းက ဗန်းမော်ကို သွားလိုက်ပြီ။ မနေ့ညကတော့ ၉နာရီကျော်ကနေ ဖြစ်သွားတာ။ ၁၀နာရီကျော်မှ ရပ်လိုက်တာ။ လက်နက်ကြီးတွေရောပဲ။ ထိသွားတဲ့ အိမ်တွေလည်း အများကြီးပဲ။”

စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း လက်နက်ကြီး ကျည်ထိတာကြောင့် နေအိမ် ၁၀ လုံးလောက် ပျက်ဆီးခဲ့ကြောင်း ပြောပါတယ်။

“မနေ့က ဒီစီဟတ် စလောင်းကုန်းမှာ ပစ်တယ်။ နောက် ကုန်းလောရွာထဲမှာ ပစ်ကြတယ်။ ရွာထဲကို လက်နက်ကြီး ၁၀လုံးကျော်လောက်ကျတယ်။ အိမ်တွေလည်း ၁၀ လုံးကျော်လောက် ထိခိုက်သွားတယ်။ စီဟတ်မှာလည်း အိမ်မှာတွေ တော်တော်ကျတယ်။ စီဟတ်က နှစ်ယောက် ထိသွားတယ်။ အမျိုးသမီးတစ်ယောက်ကလည်း ဗိုက်ပေါက်သွားတယ်ပေါ့နော် အဲလို သိရတယ်။”

ဒေသခံတချို့ကတော့ မြို့သစ်၊ ကုန်းလောနဲ့ စီဟတ် ၃ နေရာက တပ်မတော်တပ်စခန်းတွေကို KIA က လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း တိုက်ပွဲဖြစ်တာမှန်ကန်ကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်ဆီးတာတွေရှိကြောင်း ပြောပေမဲ့ လူထိခိုက်တဲ့သတင်းတော့ မကြားသိရကြောင်း ပြောပါတယ်။

“မနေ့ကပေါ့နော်။ ညအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ စစ်သားတွေက ရွာလည်ခေါင်ဘက်မှာကို လက်နက်ကြီး၊ငယ်တွေနဲ့ ရမ်းပစ်တယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ဒီမြို့သစ်၊ ကုန်းလောဘက်က ပြည်သူလူထုရဲ့ အိမ် ၆လုံးတောင်မှ ပျက်ဆီးသွားတယ်။ လက်နက်ကြီးကျည်ကျသွားလို့ ပျက်ဆီးသွားတယ်ဆိုတဲ့သတင်းတော့ ရှိပါတယ်။ စလောင်းကုန်းဘက်ကို တက်သွားတဲ့ ရပ်ကွက်ထဲမှာ ကျသွားတယ်တဲ့။ ကျသွားလို့ အဲဒီဘက်မှာ အိမ်တစ်အိမ်လည်း မီးလောင်သွားတယ်။ နောက် ကျန်တဲ့အိမ်တွေလည်း ပျက်ဆီးသွားတယ်တဲ့။ လူထိခိုက်တယ်ဆိုတာတော့ မကြားဘူး။”

မိုးမောက်မြို့နယ်အတွင်း ကျေးရွာလူထုနဲ့ နေအိမ်တွေကို ထိခိုက်စေခဲ့တဲ့ လက်နက်ကြီးကျည် ဘယ်သူက ပစ်ခတ်ဆိုတာ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။
ဒီနေ့ မနက်ပိုင်းမှာလည်း ကချင်ပြည်နယ်ရွှေကူမြို့အနီးမှာ စစ်ကောင်စီရဲ့ တပ်သားတွေ လိုက်ပါလာတဲ့ သင်္ဘောတစ်စီးပစ်ခတ်ခံရကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဗိုလ်မှုးကြီးနော်ဘူကတော့ မြို့သစ်၊ ကုန်းလောဘက်ကို KIA က ဝင်ရောက်တိုက်ခိုက်တယ်ဆိုတာနဲ့ ရွှေကူမှာ ပစ်ခတ်တယ်ဆိုတဲ့သတင်းတော့ မရကြောင်း ပြောပါတယ်။

ဒီကနေ့မှာတော့ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပါတယ်။ မိုးမောက်မြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့အချိန်လောက်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မက အထက်တန်းကျောင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှတော့ ရဲမှုးတစ်ဦးအပါအဝင် ၅ယောက် ထိခိုက်သေဆုံးခဲ့တယ်လို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“သူက မိုင်းထောင်ထားတာ သူတို့ လာဖြုတ်တာနဲ့ ပေါက်သွားတာ။ သူများထောင်ထားတာ။ သေဆုံးသူက ၄- ၅ယောက်လောက် ရှိမယ်။ ဒဏ်ရာရတာက ၆ယောက်၊ ၇ယောက်လောက်ရှိမယ်ပြောတယ်။ ပြီးရင် နမ့်ဆန်က ရဲမှုးပေါ့။ ပေါက်ကွဲမှုပြီးတော့ ပစ်ခတ်သံ ကြားရတာ။ အသံကြားတာတော့ တဖက်သတ်ပစ်တာပဲ ကြားတယ်။ အပြန်အလှန် ပစ်တာမဟုတ်ဘူး။”

TNLA တအန်း(ပလောင်)တပ်ဖွဲ့ကတော့ မေလ ၂၀ ရက်နေ့ ည ၉နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာစစ်တပ်က ဗိုလ်မှုး တဦး၊ ဗိုလ်ကြီးတဦး၊ အခြားအဆင့် ၂ ဦးနဲ့ ရဲမှုးတစ်ဦးကျဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း၊ မော်တော်ယာဉ်တချို့နဲ့ ကျောင်းဆောင် ထိခိုက်ခဲ့ပေမဲ့အရပ်သားတွေနဲ့ နေအိမ်ထိခိုက်တာ မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

TNLA က ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာ မဖော်ပြထားပါဘူး။ TNLA ပြောခွင့်ရသူကို ဆက်သွယ်ရာမှာလည်း ဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ် တိုက်ပွဲနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးကတော့ မေလ ၁၉ ရက်နေ့က ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာ အရပ်ဘက် ဆီတင်ယာဉ် ၂ စီးကို KIA က ပစ်ခတ်တိုက်ခိုက်မီးရှို့ခဲ့ကြောင်းနဲ့ တနိုင်းမြို့နယ်မှာ ယုဇန ကုမ္ပဏီပိုင် ပီလောပီနန်စက်ရုံကို KIA က ဘက်ဟိုး ၃စီးနဲ့ လာရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}


















XS
SM
MD
LG