သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးသင်္ကြန်မဏ္ဍပ်အနီး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး


လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား အနီးမှာ သင်္ကြန်အကြိုနေ့ နေ့လည်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ (ဧပြီ ၁၃၊ ၂၀၂၃)
လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား အနီးမှာ သင်္ကြန်အကြိုနေ့ နေ့လည်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ (ဧပြီ ၁၃၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ရန်တိုင်းအောင်ဘုရား အနီးဝန်းကျင်မှာ သင်္ကြန်အကြိုနေ့ နေ့လည်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လားရှိုးမြို့ရဲ့ ဗဟိုမဏ္ဍပ်ရှိတဲ့နေရာနဲ့ နီးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က ရန်တိုင်းအောင် ဘုရားအနီးမှာ ဒီကနေ့ သင်္ကြန်အကြိုနေ့ နေ့လည် ၁၁ နာရီခွဲ ဝန်းကျင်အချိန်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ယာဉ်တချို့နဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့ပြီး၊ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဖြစ်တာက အပေါ်လမ်းဘေးနားမှာ။ ရန်တိုင်းအောင်ဘက်ကို အဆင်းနဲ့ ကညနဘက်ကို အသွား လမ်းဆုံလေးပေါ့။ ဖြစ်တဲ့အချိန်က ၁၁ နာရီ ၂၀ လောက်မှာဖြစ်တာ။ လောလောဆယ် သိရတာတော့ ၄ ဦးကတော့ ဆုံးသွားပြီ။ ၁၀ ဦးကတော့ ဒဏ်ရာရထားတယ်။ အခြေအနေကတော့ အဲဒီနားမှာ အခုလောလောဆယ် ရုတ်ရုတ်သည်းသည်းနဲ့ အဲဒီမှာ ရှင်းနေကြတာပဲ။"

ပေါက်ကွဲမှုဖြစ်တဲ့နေရာက သင်္ကြန်ဗဟိုမဏ္ဍပ်ရဲ့ အနီးမှာရှိနေတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေး ပရဟိတယာဉ်တွေနဲ့ သယ်ယူနေပြီး၊ အဲဒီနားမှာ စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။ လားရှိုးမြို့မှာ ဒီကနေ့ သင်္ကြန်အကြိုနေ့မှာတော့ မြို့ပေါ်မှာ ရေကစားသူ မတွေ့ရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လားရှိုးမှာ ရေကစားတာတော့ သိပ်မရှိပါဘူးဗျ။ မဏ္ဍပ်ဘက်တော့ ကလေးတွေ သွားလည်ကြတာ ရှိမှာပေါ့နော်။ မြို့ထဲမှာတော့ ရေကစားကြတာ မရှိပါဘူး။ နည်းပါတယ်။"

သင်္ကြန်အကြိုနေ့ လားရှိုးမြို့က ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ရန်တိုင်းအောင်ဘုရား အဝင်မုဒ်ဦးရှေ့မှာ ရပ်ထားတဲ့ ယာဉ်တစီးကနေ ဒီပေါက်ကွဲမှု စခဲ့တယ်လို့ ပြောဆိုတာတွေ ရှိပေမယ့် VOA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒါပေမယ့်လည်း စစ်ကောင်စီက သူ့လက်ထက်မှာ တိုင်းပြည် တည်ငြိမ်မှုရှိတယ်ဆိုတာကို ပြလိုတဲ့ဆန္ဒနဲ့ ဒီနှစ်သင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပနိုင်ဖို့ စီစဉ်နေပေမယ့် တဘက်မှာလည်း လတ်တလော တိုင်းပြည်မှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် စစ်ကောင်စီကျင်းပတဲ့ အတာသင်္ကြန်ပွဲ သပိတ်မှောက်ကြဖို့ လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။

ဒီကနေ့ကျရောက်တဲ့ အတာသင်္ကြန် အကြိုနေ့မှာတော့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေအပါအဝင် နေရာ အတော်များများမှာ သင်္ကြန်ပွဲကို ဆင်နွှဲသူတွေ မရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG