သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂထဲကနေ ခွဲထွက်မထွက် သမိုင်းဝင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကြာသပတေးနေ့မှာ မဲပေးမှုတွေ ပြီးဆုံးသွားပါပြီ။

လူဝင်မှုကြီးကြပ်ရေး၊ အချုပ်အချာ အာဏာပိုင်ဆိုင်မှု၊ လုံခြုံရေးနဲ့ ဗြိတိန်နိုင်ငံရဲ့ အနာဂါတ် စီးပွါးရေးဆိုင်ရာ ကဏ္ဍမျိုးစုံကို ရိုက်ခတ်မှု ရှိနေတဲ့ အဖြေထွက်လာမယ့် ဒီဆန္ဒခံယူပွဲရဲ့ ရလဒ်ကိုတော့ သောကြာနေ့ စောစောမှာ သိရမှာပါ။

ဗြိတိန်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေကြောင့် လန်ဒန်မြို့တော်က မြေအောက်ရထားလမ်း တချို့ ပိတ်ပစ်ခဲ့ရသလို ယာဉ် အသွားအလာတွေပါ ရှုပ်ထွေးပြီး ညနေပိုင်း မဲရုံသွားမယ့် သူတွေအတွက် အခက်ခဲတွေ ရှိနေပေမယ့် မဲရုံတွေကိုတော့ ကြာသပတေး နေ့မှာ နဂို သတ်မှတ်ချိန်အတိုင်းပဲ ပိတ်ခဲ့တာပါ။ ရေကြီးမှုကြောင့် လန်ဒန်မှာ ရှိတဲ့ မဲရုံ အနဲဆုံး ၂ ခုလောက်ကို နေရာရွှေ့ပြောင်း ပေးခဲ့ရ ပါတယ်။

တချို့ကတော့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တည်ထောင်ခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂထဲ ဆက်နေမနေ အရေးပါတဲ့ ဆုံးဖြတ်ချက်အတွက် မိုးထဲရေထဲ မှာပဲ သွားရောက်မဲပေးခဲ့ကြတာပါ။

မဲပေးသူတွေ မဲရုံတွေကို သွားနေချိန်မှာပဲ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာတော့ ခွဲထွက်ချင်သူတွေရော ဆက်နေချင်သူတွေပါ ၂ ဖက်စလုံး အကြိတ်အနယ် ဖြစ်နေပြီး တချို့နေရာတွေမှာ ဆက်နေချင်တဲ့ သူတွေ အသာစီးနဲနဲ ရနေတာ တွေ့ရပါတယ်။

စီးပွါးရေး သုံးသပ်သူတွေကတော့ ဗြိတိန်သာ အီးယူကနေ ထွက်သွားမယ်ဆိုရင် စီးပွါးရေးဆိုင်ရာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရဖို့ ရှိတယ်လို့ ခန့်မှန်းကြပြီး တချို့ကတော့ ပေါင်စတာလင်ငွေတန်ဖိုးဟာ ၁၅ ရာခိုင်နှုန်းလောက် ကျသွားနိုင်ချေရှိတယ်လို့ တွက်ပါတယ်။ ကြာသပတေးနေ့ မဲခွဲနေချိန်မှာတော့ ဗြိတိသျှ ပေါင်ငွေဟာ ၆ လအတွင်း အမြင့်ဆုံးကို တက်သွားခဲ့တာပါ။ ရာသီဥတု ဆိုးဝါးနေတဲ့ကြားကပဲ မဲလာပေးသူ အများ အပြားရှိခဲ့ပါတယ်။

XS
SM
MD
LG