ဗြိတိန်ဝန်ကြီးချုပ် Theresa May နောက်ဆုံးတင်သွင်းခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်းကို အင်္ဂါနေ့က ဗြိတိန်လွှတ်တော်မှာ အမတ်တွေက တခဲနက်ပယ်ချခဲ့ကြပါတယ်။ အခုလို သူ့အဆိုကို လက်မခံတဲ့အတွက်ကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း ဝန်ကြီးချုပ် May က ပြောပါတယ်။
" ကျမရဲ့ အဆိုကို လက်မခံတဲ့အတွက် သိပ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အီးယူကနေ ခွဲထွက်တဲ့အခါ စနစ်တကျခွဲထွက်တဲ့နည်းဟာ အကောင်းဆုံးနည်းဖြစ်ပြီး ဒီတနည်းပဲရှိတယ် ဆိုတာကို ကျမ ဆက်လက် ယုံကြည်ဆဲ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် May က ပြောသွားတာပါ။ "
ဝန်ကြီးချုပ် May ရဲ့ အဆိုကို ကန့်ကွက်မဲ ၃၉၁ မဲ ထောက်ခံမဲ ၂၄၂ မဲနဲ့ ဗြိတိန်လွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အီးယူကနေ ဘာသဘောတူညီချက်မှ မပါဘဲ မတ်လ ၂၉ ရက်မှာ ဗြိတိန်က ခွဲထွက်ဖို့အဆိုကို မဲခွဲဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဟူးနေ့မဲခွဲရာမှာ သဘောတူညီမှု မရခဲ့ရင် နုတ်ထွက်ရေးကို ဆိုင်းငံ့ဖို့ ကြာသပတေးနေ့မှာ မဲခွဲကြမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ရင် သဘောတူညီမှု တရပ်ရရေးအတွက် ဆွေးနွေးချိန် တိုးပေးဖို့ ဝန်ကြီးချုပ် May အနေနဲ့ ဥပဒေပြဌာန်းချက် အပိုဒ် ၅၀ အရ အီးယူနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင် အိုင်ယာလန်နဲ့ ဗြိတိန်မြောက်ပိုင်းက အိုင်ယာလန်တို့ရဲ့နယ်စပ်ဒေသကို ဗြိတိန်-အီးယူက ခွဲထွက်ပြီးနောက်ပိုင်း ဆက်ပြီးဖွင့်ထား စေဖို့အတွက် ဥပဒေကြောင်းအရ ခိုင်မြဲတဲ့ အပြောင်းအလဲတရပ်အတွက် ဥရောပကော်မရှင်အကြီးအကဲ Jean-Claude Juncker နဲ့ ဝန်ကြီးချုပ် May တို့ တနင်္လာနေ့ညှိနှိုင်းမှုက ရခဲ့တဲ့ သဘောတူညီချက်ကို လက်ခံဖို့ လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ် May က ပန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလတုန်းက တင်သွင်းခဲ့တဲ့ သူ့အစီအစဉ်ကို ထောက်ခံမဲ ၂၃၀ ပဲရှိပြီး လက်မခံကြသလို အခုလည်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။