သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit သဘောတူညီချက် ဗြိတိန်ပြောင်းလဲလို


EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက်ပိုင်း ၂ ဖက်လိုက်နာရမယ့် သဘောတူညီချက်တွေကို ပြင်ဆင်ဖို့ ဗြိတိန်ပါလီမာန်က ထောက်ခံလိုက်လို့ ဝန်ကြီးချုပ် Theresa May အစိုးရက EU တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဖို့ ပြင်ဆင်နေပေမဲ့ EU ဖက်ကတော့ ပြင်ဆင်ဖို့ ငြင်းဆန်နေပါတယ်။

လောလောဆယ် EU နဲ့ ဗြိတိန်ကြားရရှိထားတဲ့ သဘောတူညီချက်တွေထဲက မြောက်ပိုင်း Ireland နယ်စပ်နဲ့ပါတ်သက်တဲ့ သဘောတူညီမှုတွေကို ပြင်ဆင်မယ့် အစီအစဉ်တွေကို ဗြိတိန်ပါလီမာန်မှာ အင်္ဂါနေ့က မဲခွဲခဲ့ရာမှာ ထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း ဒီကိစ္စတွေကို EU နဲ့ ညှိုနှိုင်းဆွေးနွေးသွားမယ်လို့ ဗြိတိန် Brexit ဝန်ကြီး Stephen Barclay က BBC သတင်းဌာနနဲ့ မေးမြန်းခန်းတခုမှာ ဒီကနေ့ ပြောကြားပါတယ်။

ဒါပေမဲ့ EU ဖက်က Brexit ညှိုနှိုင်းရေးတာဝန်ခံ Michel Barnier ကတော့ ဗြိတိန်အစိုးရနဲ့ ရရှိထားပြီးသား သဘောတူညီမှုကို ကိုင်စွဲထားမယ်ဆိုတာ ရှင်းရှင်းပြောထားပြီးဖြစ်တယ်လို့ သတင်းထောက်တွေကို Belgium နိုင်ငံ Brussels မြို့တော်မှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။

EU ကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker ကလည်း ဒီကိစ္စကို ဒီနေ့နှောင်းပိုင်းမှာ ပြောလိမ့်မယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂထဲက နုတ်ထွက်ပြီးနောက်ပိုင်း ၂ ဖက်ကြား ကုန်သွယ်ရေး သဘောတူညီချက်သစ် မရမချင်း မြောက်ပိုင်း Ireland နဲ့ Ireland နယ်စပ်မှာ လွတ်လွတ်လပ်လပ် ကုန်စည်စီးဆင်းမှု ဆက်ရှိနေအောင် ဗြိတိန်အကောက်ခွန်စည်းကမ်းတွေကို EU အတိုင်းလိုက်နာမယ်ဆိုတဲ့ Backstop အစီအစဉ်ကို ဗြိတိန်ပါလီမာန်က ပယ်ချခဲ့ပြီးနောက် သဘောတူညီချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ကြိုးစားတာဖြစ်ပါတယ်။

ဒီအစီအစဉ်အရ EU ဥပဒေတွေအောက်မှာ ဗြိတိန်လိုက်နာနေရဦးမယ်ဆိုပြီး ဗြိတိန်နုတ်ထွက်ဖို့လိုလားသူတွေက ဆန့်ကျင်ကန့်ကွက်နေကြတာပါ။ တကယ်လို့ EU နဲ့ ဗြိတိန်ကြား သဘောတူညီချက်အသစ် ညှိုနှိုင်းမရရင်တော့ သဘောတူညီချက်မရှိဘဲ ဗြိတိန်နုတ်ထွက်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG