သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ပြည်သူ့ဂုဏ်ရည်ဆု ဒေါက်တာသန်းမင်းထွဋ် ချီးမြှင့်ခံရ


၂၀၁၆ ပြည်သူ့ဂုဏ်ရည်ဆု ဒေါက်တာ သန်းမင်းထွဋ် ချီးမြှင့်ခံရ
၂၀၁၆ ပြည်သူ့ဂုဏ်ရည်ဆု ဒေါက်တာ သန်းမင်းထွဋ် ချီးမြှင့်ခံရ

၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) ရွေးချယ် ချီးမြှင့်ခံရပါတယ်။ ဒေါက်တာသန်းမင်းထွဋ်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ဆရာဝန်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပင်းတယမြို့နယ်တွင်း ကျေးလက် နယ်စွန် နယ်ဖျား တောင်ပေါ် ဒေသပါမကျန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုစွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေ အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းဒ်ပြည်နယ် Rockville မြို့မှာ စနေနေ့ညက Citizen of Burma Award ပြည်သူ့ဂုဏ်ရည် ဆုရှင်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အထူးဆုရှင်တွေအဖြစ် ငြိမ်းချမ်းရေးအတွက် တေးဂီတနဲ့ လှုံ့ဆော် လုပ်ဆောင်တဲ့ ပန်းရဲ့လမ်းအဖွဲ့၊ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါ်ခင်မမမျိုးတို့ကို ချီးမြှင့်ခဲ့ပါတယ်။

နောက်ထပ် အထူးဆု ချီးမြှင့်ခံရတဲ့ မြန်မာ ပုံပြောသူများအဖွဲ့ကတော့ တိုင်းရင်းသား ရိုးရာပုံပြင်တွေကို စုစည်း ဖော်ထုတ်ပြီး နယ်လှည့်ပုံပြင်ပြောတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ကြသူ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို မြန်မာနိုင်ငံပြင်ပမှာရောက်နေသူတွေ စုစည်းပြီး ၂၀၁၀ ပြည့်နှစ်ကစလို့ ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စာရေးဆရာမ သန်းမြင့်အောင်နဲ့ ၂၀၁၅ ခုနှစ်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG