သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလားအလာရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ


အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် Brigham Young University, Utah
အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် Brigham Young University, Utah
တိုက်ရိုက် လင့်ခ်

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွါးတာ (၉) လထဲ ရောက်လာချိန်မှာ ဒီရောဂါနဲ့ သေဆုံးသူ ကမ္ဘာမှာ (၉) သိန်းဝန်းကျင် ရှိလာနေပြီး၊ ကာကွယ်ဆေးထုတ်နိုင်ဖို့လည်း နိုင်ငံအများအပြားက အပြင်းအထန် ကြိုးစားနေကြပါတယ်။ ဒီအထဲက အလားအလာရှိတဲ့ ဆေးတွေနဲ့ ပတ်သက်ပြီး အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြပေးမှာပါ။

မေး ။ ။ မြန်မာနိုင်ငံမှာက ဒုတိယလှိုင်းကို အရမ်းကြောက်နေကြပါတယ်ဆိုတော့ ဒီလို ဒုတိယလှိုင်းကို ကြောက်နေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်နိုင်သေးဘူးဆိုတော့ လူတွေက ဒီကာကွယ်ဆေး ဘယ်တော့ရမလဲဆိုတာကို သိချင်နေကြပါတယ်။ ရုရှားနိုင်ငံကလည်း ကာကွယ်ဆေး ထုတ်နိုင်တယ်လို့ ပြောနေပေမယ့် စိတ်မချရဘူးလို့ ပြောနေကြတယ်။ အလားအလာရှိတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါ။ အလားအလာရှိတဲ့ ကာကွယ်ဆေး ဘယ်နှစ်ခုလောက် တွေ့နေပြီလဲဆိုတာ။

ဖြေ ။ ။ အလားအလာကောင်းတဲ့ ကာကွယ်ဆေးတွေကတော့ စုစုပေါင်း (၅) ခု လောက် ရှိတယ်။ ပထမဦးဆုံး တစ်ခုက US အခြေစိုက် Moderna ကုမ္ပဏီက ထုတ်နေတဲ့ mRNA 1273 က ထိပ်ဆုံးက ပြေးနေတယ်။ Phase III မှာ ရောက်နေတဲ့ဟာတွေ အကုန်လုံးပေါ့။ သူကတော့ နံပတ်တစ် ကာကွယ်ဆေး ဖြစ်ပါတယ်။ သူတို့ Phase III ကို စခဲ့တာက ဇူလိုင်လ (၂၇) ရက်နေ့မှာ စခဲ့ပါတယ်။ နံပတ် (၂) ကတော့ Pfzer နဲ့ ဂျာမဏီကုမ္ပဏီ၊ တရုတ်ကုမ္ပဏီ (၃) ခု ပေါင်းပြီးတော့ လေ့လာစမ်းသပ်နေတဲ့ ဆေးတစ်မျိုး ရှိတယ်။ အဲဒါလဲ mRNA ကာကွယ်ဆေးပဲ ဖြစ်တယ်။ အဲဒီဆေးလည်း အခု Phase III ကို စမ်းနေတယ်။ တတိယတစ်ခုကတော့ CanSino Biologics တရုတ်ပြည်အခြေစိုက်ပါ။ သူကတော့ တရုတ်ဇီဝနည်းပညာကုမ္ပဏီ ဖြစ်ပေမယ့် တရုတ်ပြည် စစ်တပ်နဲ့ တွဲပြီးတော့ လုပ်နေပါတယ်။ စစ်တပ်မှာ ထိုးမိန့်ကို ပေးထားပြီးပြီ။ ထိုးခွင့်ကို ပေးထားပြီဆိုပြီးတော့ သိရပါတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်ကို Phase III စမ်းတဲ့ဟာကတော့ စမ်းနေတုန်းလို့ပဲ သိရပါတယ်။ နောက်နံပတ်လေးကတော့ Oxford တက္ကသိုလ်နဲ့ ဆွီဒင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ စမ်းသပ်ထုတ်နေတဲ့ ဆေးပါ။ အဲဒီဆေးကလည်း Phase III မှာ သွားနေပါတယ်။ နံပတ် (၅) ကတော့ တရုတ်ပြည်အခြေစိုက် ကုမ္ပဏီတစ်ခု။ သူတို့ရဲ့ Phase III ကိုတော့ UAE မှာ စပြီးတော့ လူတွေကို စမ်းနေပြီလို့ ပြောနေတယ်။ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတော့ စောင့်ကြည့်ရအုံးမယ့် အခြေအနေမှာ ရှိပါတယ်။

မေး ။ ။ ဆိုတော့ ဒါတွေ အကုန်လုံးက အဆင့် (၃) နဲ့ စမ်းသပ်ထားတဲ့ ဆေးတွေပေါ့။ ဆိုတော့ အဲဒီအထဲမှာ အလားအလာ အရှိဆုံး၊ အကောင်းဆုံး ဆေးက ဘာဆေးလို့ ပြောနိုင်ပါလဲ။

ဖြေ ။ ။ ကျမကတော့ US ဘက်ကဟာတွေကို အဖတ်များတယ်ဆိုတော့ US က သွားနေတဲ့ Pfzer နဲ့ Moderna တို့ကို သူတို့ အရင်ဆုံး ဖြစ်မလား၊ ဘာလား မသိသေးပေမယ့်၊ သူတို့ဘက်က စစ်နေတဲ့ဟာတွေက များနေပြီလို့ သိထားရပါတယ်။ နောက်တခုက University of Oxford နဲ့ ဆီွိဒင်တို့ ပူးပေါင်းပြီးတော့ လေ့လာစမ်းသပ်နေတယ်ဆိုတာတွေလဲ Data တွေ ထပ်ထပ်ပြီးတော့ စောင့်နေတုန်းပဲဆိုတော့ သူတို့တွေကို အခြေအနေကောင်းတယ်လို့ ယူဆပါတယ်။

မေး ။ ။ ဆိုတော့ စောစောက ပြောသွားတဲ့အထဲမှာ mRNA တွေကို အခြေတည်ပြီးတော့ စမ်းတယ်ဆိုတော့ ဘယ်လိုစမ်းတာလဲ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ mRNA ဆိုတာကို မပြောခင်မှာ mRNA ဆိုတာက RNA ထဲက တစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်လောက်ဆိုရင်တော့ လူတော်တော်များများ ရင်းနှီးကျွမ်းဝင်နေတာကတော့ မျိုးဗီဇ (DNA) - လူတွေနဲ့ သက်ရှိသတ္တဝါတွေမှာ မျိုးဗီဇ (DNA) က ရှိတယ်။ DNA ကနေ ပရိုတင်း Protein, ဆဲလ် Cell အချင်းချင်း လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံးနဲ့ တစ်လုံး ဆက်သွယ်မှုတွေမှာ အသုံးပြုမယ့်ဟာက ပရိုတင်းလေးတွေလို့ ခေါ်တယ်။ ပရိုတင်းတွေထွက်ဖို့ DNA ကနေ အလယ်မှာကြားခံလုပ်ပေးတဲ့ဟာက RNA လို့ ခေါ်တယ်။ သူရှိမှာသာ ပရိုတင်းကို ထုတ်လုပ်ရတယ်။ ဗိုင်းရပ်စ်ကို mRNA vaccine အရှည်ကောက်က messenger RNA ခေါ်တယ်။ RNA (၃) မျိုး ရှိတဲ့အထဲမှာ messenger RNA က ပရိုတင်းကို ဖြစ်ဖို့အတွက် သူက အဓိက ပါဝင်လုပ်ပေးရတဲ့ဟာ။ ဆိုတော့ သူ့ရဲ့ concept က ဘာကို အခြေခံသလဲဆိုတော့ DNA ကို မထည့်ဘဲနဲ့ RNA ကို ထည့်ပေးလိုက်တယ်ဆိုရင် ဒီ mNRA ကနေ ပရိုတင်းကို ပြောင်းဖို့လွယ်တယ်။

ဆိုတဲ့အခါကြတော့ လူ့ရဲ့ခန္ဓာကိုယ်ထဲကို mNRA ရောက်သွားပြီ ဆိုလို့ရှိရင် mNRA သည် ဗိုင်းရပ်စ်ရဲ့ mNRA အပိုင်းလေးတစ်ခုပဲ ဖြစ်တယ်။ ဗိုင်းရပ်စ်ပုံစံလေး၊ အတုဖြစ်ဖို့အတွက်ကို အထောက်အကူပေးတဲ့ mNRA တစ်ခုပါ။ ဒီ mNRA က လူ့ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားကို သူကပြန်ပြီးတော့ ခန္ဓာကိုယ်က ခုခံအားက ထွက်လာတဲ့ ဗိုင်းရပ်စ်အတုကို ပြန်ပြီးတော့ တုံ့ပြန်လိမ့်မယ်။ အဲဒီတုံ့ပြန်တဲ့ဟာသည် ဗိုင်းရပ်စ်အစစ်ဝင်တဲ့ ပုံစံလိုမျိုးအတိုင်း ဖြစ်တယ်။ အဲဒါကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ခုခံအားမှာ မှတ်ဉာဏ်ဆိုတဲ့ဟာတစ်ခု ပေါ်လာပြီးတဲ့အခါမှာ နောက်တကယ်လို့ ကိုယ်က တကယ်ဗိုင်းရပ်စ်အစစ်နဲ့ တွေ့တဲ့အခါမှာ မှတ်ဉာဏ်ကလေးက ခုခံအားနဲ့ ပြန်တိုက်ထုတ်ပေးလိုက်တယ်။ ဒါက ကာကွယ်ဆေးရဲ့ သူအခြေခံထားတဲ့ mNRA ကာကွယ်ဆေးကို အခြေခံထားတဲ့ သဘောတရားကို ပြောပြတာပါ။

မေး ။ ။ ဆိုတော့ အခုကာကွယ်ဆေးတစ်ခုက စိတ်ချရတယ်၊ မချရဘူးဆိုတာ ဘယ်ပေါ်မှာ မူတည်ပါလဲ။

ဖြေ ။ ။ ကာကွယ်ဆေးတစ်ခုက စိတ်ချရတယ်၊ မချရဘူးဆိုတာကတော့ ဘေးထွက်ဆိုးကျိုးသည် ကောင်းကျိုးထက် - ဘယ်ဆေးမဆို ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်ခုကို ယှဉ်ရပါတယ်။ အဲဒီလိုယှဉ်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးသည်၊ မပြောပလောက်အောင် နည်းပြီးတော့ ကောင်းကျိုးက အလေးသာနေတယ်။ အဲဒါမျိုးကို ပြောတာပါ။ အဲဒါမျိုးသည် ကောင်းတယ်။ ကောင်းတဲ့ ကာကွယ်ဆေးတစ်ခုလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘေးထွက်ဆိုးကျိုး များတယ်ဆိုလို့ရှိရင် လူငယ်တွေ ခံနိုင်တယ်ဆိုရင်တောင်မှ ရောဂါခံရှိသူတွေ ခံနိုင်မလား။ ကလေးတွေ ခံနိုင်မလား၊ လူကြီးတွေ ခံနိုင်မလား။ ဒါမျိုးတွေကို ရှိပါတယ်။ အဲဒီလိုပါ။

မေး ။ ။ ဆိုတော့ စမ်းသပ်တဲ့အခါမှာ အဆင့်ဆင့်စမ်းကြတယ်ပေါ့။ အဆင့် (၃) ရောက်မှ စိတ်ချရတယ်လို့ ပြောလို့ရတာပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ အဆင့် (၃) ရောက်မှ စိတ်ချရတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင့် (၁) မှာက လူဆယ်ဂဏန်းလောက်နဲ့ ခဏစမ်းလိုက်တယ်။ စမ်းပြီးတဲ့အခါ အဆင့် (၁) မှာ လူတွေကို ဘယ်လောက်ပေးရမယ့် dosage တွေကို မှန်းတွက်ကြမယ်။ နောက်ပြီးတော့ ဒီဟာသည် ဘယ်လောက်ဆိုးဆိုးဝါးဝါး Case တွေ၊ ဆိုးကျိုးတွေ ရှိသလဲဆိုတာတွေကို စမ်းမယ်။ နောက်ပြီးတော့ Stage (2) မှာ Stage (1) ထက် နည်းနည်းပိုများတဲ့ လူဦးရေပမာဏ ရာဂဏန်း၊ ထောင်ဂဏန်းလောက်နဲ့ စမ်းမယ်။ ဒီ Stage (2) ကို ရောက်သွားပြီးတဲ့အခါ သူသည် ဘယ်လောက်အထိ စိတ်ချရသလဲ Safe ဖြစ်သလဲ - ဒီဆေးကို ပေးလို့ရပြီလားဆိုတာကို ကြည့်တယ်။ ဒါကတော့ လူအများနဲ့ ပိုဆိုင်တယ်။ Stage (3) ကို ရောက်တဲ့အခါမှ လူက ငါးထောင်ခြောက်ထောင်၊ ခုနှစ်ထောင်၊ တချို့ဆိုရင် သုံးသောင်းလောက် - Moderna ဆိုရင် သုံးသောင်းလောက်နဲ့ စပြီးစမ်းပေးတယ်။ ဒီလိုမျိုး စမ်းတယ်ဆိုတဲ့ဟာသည် စမ်းတဲ့လူ များလာလေလေ သူ့ရဲ့ ဆိုးကျိုးကြောင့် ဆုံးရှုံးမှု၊ ထိခိုက်နစ်နာမူတွေ နည်းလာလေလေ အဲဒါမျိုးတွေ ရှိလာတယ်။ အဲဒါကြောင့် Phase (3) က အရေးကြီးတယ်လို့ ပြောတာပါ။

မေး ။ ။ ဆိုတော့ အခု ရုရှားမှာဆိုရင် ရုရှားစမ်းသပ်မှုကဆိုရင် အစိုးရက ချက်ချင်းကြီး အတည်ပြုပေးလိုက်တာပေါ့။ ဒီလိုအဆင့်ဆင့် စမ်းသပ်မှုတွေ လုပ်မလုပ် မသေချာဘူးဆိုပြီး အခုစုံစမ်းမှုတွေ လုပ်နေတယ်။ ဆိုတော့ ဒါမျိုးကို စိတ်ချရတယ်၊ မချရဘူးဆိုတာကို အဲဒီအပေါ်မှာ မူတည်ပြောတာထင်တယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဆင့် (၃) ကို ရုရှားက ကျမဖတ်ရသလောက်ဆိုရင် ရုရှားက အဆင့် (၃) ကို လူဦးရေထောင်ဂဏန်းနဲ့ မစစ်လိုက်ဘဲနဲ့ သူက ချက်ချင်းတန်းပြီးပေးလိုက်သလိုမျိုး ဖြစ်သွားတယ်။ အဲဒီအခါကြတော့ ဘာတွေဖြစ်နိုင်သလဲဆိုရင် မမျှော်လင့်ထားတဲ့ Case တွေ ဖြစ်လာနိုင်တယ်။ ဥပမာ စစ်တဲ့လူဦးရေနည်းနည်းမှာက ခုခံအားသည် ပုံစံအားဖြင် တမျိုးတည်း ဖြစ်နေတဲ့အတွက် နည်းနည်းပဲ ကွဲပြားတာမျိုးပဲ ဖြစ်နိုင်တယ်။ လူဦးရေထောင်နဲ့ချီ စစ်တဲ့အခါကြတော့ ခုခံအား အနိမ့်အမြင့်ပေါ် မူတည်ပြီးတော့ … လူက ဘယ်လောက်အဖျားတက်မလဲ။ သူ့ရဲ့ reaction ဒီကာကွယ်ဆေး ဖြစ်တဲ့ဟာက ဗိုင်းရပ်စ်အစစ်ကို ကူးနိုင်စွမ်း၊ ရောဂါပေးနိုင်စွမ်းတို့ ဖယ်ထားတဲ့ပုံစံမျိုး ပေးတာပါ။ ဆိုတဲ့အခါကြတော့ အနည်းဆုံးတော့ ခန္ဓာကိုယ်ထဲမှာ foreign body တစ်ခုအနေနဲ့ ဝင်သွားတဲ့အတွက် ခန္ဓာကိုယ်က ခုခံအားက တုံ့ပြန်ပါတယ်။ ဒီတုံ့ပြန်တဲ့အားသည် ဘယ်လောက် အခြေအနေဆိုးဝါးသလဲ၊ မဆိုးဝါးဘူးဆိုတာကို သူကိုပြောဖို့ ဘောင်နည်းနည်းကျဉ်းသွားတယ်။ သူတို့ရဲ့ လေ့လာမှု နည်းသွားတဲ့အချိန်မှာ ကိုယ့်ရဲ့ ယုံကြည်မှု Confident level ဆိုတာရှိတယ်။ အဲဒါနည်းသွားတယ်ပေါ့။

မေး ။ ။ ဒီကာကွယ်ဆေးတစ်ခု ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘယ်လိုပြောနိုင်ပါသလဲ။

ဖြေ ။ ။ ကာကွယ်ဆေးတစ်ခု ကောင်းတယ်၊ မကောင်းဆိုတဲ့နေရာမှာ - ကောင်းတဲ့ကာကွယ်ဆေးသည် အကျိုးတကယ်ရှိတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်။ အဲဒီဟာနှစ်ခု ပြည့်စုံမှသာ လူက ဒီဟာက ပြည်သူတွေကို ပေးနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးကောင်းတစ်ခု ဖြစ်တယ်။ အကျိုးရှိတယ်ဆိုတာဟာက တကယ်ကော အလုပ်လုပ်သလား။ တော်ကြာနေ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ တကယ်လဲ အလုပ်မလုပ်ဘူး။ ကူးခံတဲ့အခါကြရင် ခံလိုက်မယ်ဆိုတဲ့ဟာမျိုးဆို မထိုးတာနဲ့ အတူတူပဲ ဖြစ်တတ်တာကြောင့် အကျိုးလည်း ရှိရမယ်။ နောက်ပြီးတော့ ဘယ်နှစ်ခါထိုးရမလဲ။ အခု Moderna ဆိုရင်တော့ နှစ်ခါဆင့်ထိုးရမယ်။ အဲဒီလိုမျိုးတွေကို ဘယ်လိုပုံစံနဲ့ ပေးမလဲ။ Procedure ပုံစံနဲ့ Dosage ဘယ်လောက်ပေးမလဲ။ ဒါမျိုးတွေ သေချာအတိအကျ ထွက်ထားပြီးပြီဆိုတဲ့ ကာကွယ်ဆေးတစ်ခုသာ ယုံကြည်စိတ်ချရမယ်။ ပြည်သူတွေအနေနဲ့လည်း ယုံယုံကြည်ကြည် စိတ်ချမ်းသာစွာနဲ့ ထိုးနိုင်တယ်။ အဲဒါမျိုးကို ပြောတာပါ။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်း အရမ်းမြန်တဲ့ အမျိုးအစားတစ်မျိုးကို နိုင်ငံခြားက ပြန်လာတဲ့လူတွေဆီကနေ တွေ့ထားတယ်လို့ သူတို့သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ ဆိုတော့ ဒီလိုမျိုး အခြေအနေမျိုးမှာ မြန်မာနိုင်ငံမှာ ဘာတွေသတိထားသင့်လဲဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ကျမကတော့ လက်လှမ်းမိသလောက်ကိုတော့ မိဘဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အမြဲဂရုစိုက်ပါဆိုပြီးတော့ ပြောပါတယ်။ ဒီရောဂါသည် ကာကွယ်ဆေးမတိုင်ခင်၊ မပေါ်ခင်အထိ လူတွေကတော့ ဒီလိုမျိုး ဆက်ပြီးတော့ စိုးရိမ်နေရအုံးမယ်။ ဆိုတဲ့အခါကြတော့ အခုအချိန်၊ အခြေအနေက ကိုဗစ်-၁၉ က ကာကွယ်ဆေးမပေါ်ချိန်အထိတော့ လူတွေကတော့ ခပ်ခွါခွါနေရမယ်၊ သန့်သန့်ရှင်းရှင်း နေရမယ်၊ မျက်နှာနှာခေါင်းစည်းကို အပြင်သွားတဲ့အခါ အုပ်သွားရမယ်။ လူစုလူဝေး ရှောင်ရှားရမယ်။ ဒါတွေကတော့ မလုပ်မဖြစ် လုပ်နေရမယ်။ ကာကွယ်ဆေး မပေါ်ခင်အထိပေါ့။ ကာကွယ်ဆေးပေါ်သွားပြီ၊ လူတွေအကုန်လုံး ရနိုင်ပြီဆိုရင်တော့ ဒီရောဂါအတွက် နေထိုင်ပုံစံကို ပြန်ပြီးတော့ လျှော့လို့ရတယ်။ အဲဒီအချိန်မတိုင်ခင်အထိတော့ သတိနဲ့ထားပြီးတော့ သွားနေရမယ်။ တအားကြီးကြောက်ပြီးတော့ တုန်လှုပ်ခြောက်ခြားဖို့လည်း မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဗိုင်းရပ်စ်က အပြင်မှာ ရှိနေတဲ့ဟာကိုလည်း လက်ခံထားရမယ်။ နောက်ပြီးတော့ မသွားမဖြစ်တဲ့ ကိစ္စမျိုးတွေမှသာ အပြင်သွားတာလာတာမျိုးကိုသာ - မသွားမဖြစ်မှသာ သွားမှ အဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း အပြင်မှာ လူစုလူဝေးနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားနေကြမယ်ဆိုရင်တော့ ကိုယ်လဲမသိနိုင်ဘူး၊ ကိုယ်ကနေ တခြားလူကို ထပ်ပြီးတော့ ကူးသွားမလားဆိုတဲ့ဟာမျိုးကြောင့် နည်းနည်းသတိလေးတော့ ထားပေးဖို့ လိုအပ်ပါတယ်။

==Unicode==



















XS
SM
MD
LG