သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဆင်ဖြတ်သန်းရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ


ပြည်သူ့လွှတ်တော် ရွေးကောက်ရေးစနစ် ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးတင်မောင်ဦး
ပြည်သူ့လွှတ်တော် ရွေးကောက်ရေးစနစ် ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးတင်မောင်ဦး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ဆိုရင် ဖြတ်သန်းရမယ့် အဆင့်တွေ ရှိတာကြောင့် နိုဝင်ဘာလမှာ ကျင်းပနိုင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲမတိုင်မီမှာ ပြင်ဆင်လို့ ခန့်မှန်းလို့ မရသေးဘူးလို့ ပြည်သူ့လွှတ်တော် ရွေးကောက်ရေးစနစ် ကော်မရှင်ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးတင်မောင်ဦး က ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ဝါရှန်တန်ဒီစီကို ရောက်ရှိခိုက် ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ သူက ပြောဆိုသွားခဲ့ပါတယ်။ ကိုသားညွှန့်ဦး က ဦးတင်မောင်ဦး ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးတင်မောင်ဦး အခုလို ဗွီအိုအေအစီအစဉ်ကို လာပြီးတော့ တွေ့ဆုံမေးမြန်း ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် ဦးစွာမေးချင်တာက ဦးတင်မောင်ဦး က ပြည်သူ့လွှတ်တော်ရဲ့ ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်မှာ ဥက္ကဋ္ဌဆိုတော့ ဒီ ရွေးကောက်ရေးကော်မရှင်အနေနဲ့ အခုလက်ရှိမှာ ပြည်သူ့လွှတ်တော်အနေနဲ့ ဘာတွေများ လုပ်နေလဲ။ ဘာတွေ သုံးသပ်ချက်တွေ ထုတ်ထားလဲ။ လာမယ့် ရွေးကောက်ပွဲကလဲ နီးလာပြီဆိုတော့။

ဦးတင်မောင်ဦး။ ။ ပြီးခဲ့တဲ့နှစ်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ လေ့လာသုံးသပ်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ လေ့လာရေးသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်တွေကို သုံးသပ်ပါတယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရွေးကောက်ပွဲတွေကို သုံးသပ်ပါတယ်။ ပြင်ပကနေ ကူညီတဲ့ IDE … နိုင်ငံတကာကလည်း ကူညီကြပါတယ်။ အဓိကအချက်ကတော့ ကျနော်တို့နိုင်ငံ constitution မှာပါတဲ့ ရွေးကောက်ပွဲစနစ်နဲ့ လက်ရှိ ကျင့်သုံးနေတဲ့ … နဲ့ နှိုင်းယှဉ်သုံးသပ်ပြီးတော့ မြန်မာနိုင်ငံအတွက် လာမယ့် ဒီမိုကရေစီ အောင်မြင်တိုးတက်လာမယ့်အခါမှာ FPTP? တခုတည်းလုပ်မလား။ တခြားစနစ်တွေ ရှိလာအောင် ပြည်သူ့လူထုကို အသိပေးသင့်တယ်လို့ ယူဆတဲ့အတွက် ဒီ ကော်မရှင်နာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲစနစ်ကို ပြင်ဖို့အတွက် မဟုတ်ပါဘူး။ ကျနော်တို့ constitution ကို အခြေခံပြီးတော့ လာမယ့် ဒီမိုကရေစီနှစ်တွေ ကြာလာတဲ့အခါ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ထဲက ကျနော်တို့နိုင်ငံ ဒီမိုက်ရေစီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြောင်းလဲတိုးတက်တဲ့နည်းလမ်းတွေကို ပြည်သူလူထုကို အသိပေးချင်လို့ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ အခုလဲ ထူးထူးခြားခြား အမေရိကန်ပြည်ထောင်စုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လာရောက်လေ့လာတယ်ဆိုတော့ ဘာများ ထူးထူးခြားခြား နှိုင်းယှဉ်မြင်လဲ။

ဦးတင်မောင်ဦး။ ။ ဒီနိုင်ငံနဲ့ ပတ်သက်လို့လဲ ကျနော်တို့ ပြီးခဲ့တဲ့ (၄) နှစ်လောက်ကတည်းက အသေးစိတ်လေ့လာတာ ရှိပါတယ်။ ဒီနိုင်ငံမှာတော့ ပိုပြီးတော့ လွတ်လပ်မှု၊ တရားမျှတမှုတွေ ပိုများပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းတွေမှာ ဆွေးနွေးပါတယ်။ ဒီမှာ တွေ့ရှိရတဲ့အချက်တွေကတော့ ကျနော်တို့ထက် ပိုပြီးတော့ တချို့နေရာတွေမှာ ပိုပြီးပွင့်လင်းမြင်သာမှုရှိတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တနိုင်ငံလုံး လွှမ်းခြုံပြီးတော့ ဖွဲ့တာကိုတွေ့ရတယ်။ အမေရိကမှာ ဖယ်ဒရယ်စနစ်ကြောင့် ပြည်နယ် (၅၀) မှာ FEC ကို ဖွဲ့ထားတယ်။ Centralize လုပ်ပြီးတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ထိန်းချုပ်မှု မရှိတာကို အထူးသဖြင့် တွေ့ရတယ်။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား PR စနစ်ကို အသုံးပြုပြီးတော့ လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တွေလဲ ချထားတာကို တွေ့ရတယ်။ PR စနစ်က အခု ဘယ်လိုအခြေအနေရှိလဲ။ ၂၀၁၅ ရွေးကောက်ပွဲကလဲ ကျင်းပတော့မယ်ဆိုတော့ အဲဒါ ဖြစ်နိုင်ချေရှိလား။ ကျင့်သုံးနိုင်ချေရှိလား။

ဦးတင်မောင်ဦး။ ။ ကျနော် အခုန တင်ပြသလိုပေါ့။ ပြည်သူ့လွှတ်တော်မှာတော့ ရွေးကောက်ပွဲစနစ်တွေကို လေ့လာသုံးသပ်ပါတယ်။ ယနေ့ကျင့်သုံးနေတဲ့ FPTP winners take all ဆိုတာ မြန်မာနိုင်ငံ စတင်ပြီးပေါ်လာကတည်းက ရွေးကောက်ပွဲအသီးသီးမှာ အကြိမ်ပေါင်း (၇) ကြိမ်လောက် ရှိနေပါပြီ။ ၁၉၄၇ နောက်ပိုင်းမှာပေါ့။ ဒီခေတ်တွေမှာလဲ ကျင့်သုံးခဲ့တာ Winners take all က FPTP ပဲ ဖြစ်ပါတယ်။ ယနေ့ Constitution အရလဲ ပြည်သူ့လွှတ်တော်က လေ့လာသုံးသပ်တဲ့အခါ အခြေခံစနစ် (၃) ခု ရှိပါတယ်။ အဲဒီ (၃) ခုကို သွေးဖယ်လို့ မရပါဘူး။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အနေနဲ့ FPTP စနစ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။ ဒါကိုလဲ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို မေးတဲ့အခါမှာလဲ ယနေ့ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်သည် winners take all FPTP စနစ်ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။


ကိုသားညွှန့်ဦး ။ ။ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲစနစ်က ထူးခြားတာက သမ္မတတို့ ဘာတို့ဆိုရင် လွှတ်တော်က ပြန်ရွေးတာကို။ ရွေးကောက်ပွဲစနစ်နဲ့ ဒီကဖြစ်နေတဲ့ ဒီကဟာနဲ့ အမေရိကန်ပြည်ထောင်စုမှာ လေ့လာမိတာနဲ့ သွားနှိုင်းယှဉ်တဲ့အခါကြတော့ ဒီနှိုင်းယှဉ်ချက်နဲ့ ပတ်သက်လို့ကော ဦးတင်မောင်ဦး ဘယ်လို သုံးသပ်ပါလဲ။

ကိုသားညွှန့်ဦး ။ ။ ကျနော်တို့ နိုင်ငံမှာက Parliament ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မြန်မာနိုင်ငံအခေါ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်ဆိုပြီး လွှတ်တော်ကြီး (၂) ရပ် ရှိပါတယ်။ အခြေခံကတော့ ပြည်သူ့လွှတ်တော်ပေါ့။ အလားတူပဲ တိုင်းဒေသကြီး ပြည်နယ်တွေမှာ တိုင်းဒေသကြီးလွှတ်တော်ဆိုပြီး ရှိပါတယ်။ ဒါကို လေ့လာကြည့်လိုက်ရင် ပြည်ထောင်စုအဆင့်မှာရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကတော့ အမေရိကန်ရဲ့ ကွန်ဂရက်နဲ့ သွားပြီးတော့ တူပါတယ်။ အလားတူပဲ တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိတဲ့ လွှတ်တော်က အိန္ဒိယ၊ အင်္ဂလန်တို့မှာ ကျင့်သုံးတဲ့ ပါလီမန်ဒီမိုကရေစီတွေရဲ့ လွှတ်တော်တွေနဲ့ သွားပြီးတော့ တူပါတယ်။ အဓိကတော့ ပြည်ထောင်စုအဆင့်မှာ မြန်မာနိုင်ငံမှာ ပြည်ထောင်စုဝန်ကြီးဖြစ်သွားရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပေးရပါတယ်။ တိုင်းဒေသကြီး ပြည်နယ်တွေမှာ တိုင်းဒေသကြီးဝန်ကြီး ဖြစ်သွားရင် တိုင်းဒေသကြီးဝန်ကြီး ဖြစ်သော်ငြားလဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ဖို့ မလိုပါဘူး။ ဒီနှစ်ချက်ကို နှိုင်းယှဉ်လိုက်ရင် ကျနော်တို့နိုင်ငံရဲ့ ပါလီမန်အားလုံးသည် အင်္ဂလန်ရဲ့ ပါလီမန်၊ အမေရိကန်နိုင်ငံရဲ့ ကွန်ဂရက် လွှတ်တော်နှစ်ခု ပေါင်းစပ်ပြီးတော့ ဖွဲ့စည်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် တဆက်တည်း မေးချင်တာက မြန်မာနိုင်ငံမှာဆိုရင် သမ္မတ ရွေးချယ်တာက သက်သက် ဒီ အမေရိကန်ပြည်ထောင်စုလို့ ရွေးကောက်တာ မဟုတ်ဘဲနဲ့ လွှတ်တော်က ရွေးတာ။ အဲဒီတော့ တဆက်တည်းရှိတာက ဖွဲ့စည်းပုံ ကိစ္စပါ။ ရွေးကောက်ပွဲစနစ်တွေ လေ့လာရေးနဲ့ ဖွဲ့စည်းပုံသွားပြီးတော့ ပြင်စရာတွေများ သွားတွေ့တာရှိလား။ ဥပမာ ရွေးကောက်ပွဲစနစ် လေ့လာတာ ဦးတင်မောင်ဦးတို့ လုပ်နေတော့ ဖွဲ့စည်းပုံကို တစုံတရာပြင်ဖို့ လိုအပ်တယ့် အချက်မျိုးတွေကို သတိထားမိလား။

ဦးတင်မောင်ဦး။ ။ မေးခွန်းက ကျနော်တို့ ရွေးကောက်ပွဲက အမှန်တကယ်လဲ ဖွဲ့စည်းပုံနဲ့ အများကြီး ပတ်သက်ပါတယ်။ ယနေ့ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက အခန်းပေါင်း (၁၅) ခန်း ပုဒ်မပေါင်း (၅၇) ခု ပါပါတယ်။ ဒါတွေက ပြည်သူ့လွှတ်တော်က စတင်ပြီးတော့ အဆိုတင်သွင်းပြီးတော့ ပြင်ဆင်ပြီး စတင်ဆောင်ရွက်တာလဲ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ အခုနမေးတဲ့ သမ္မတ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ယနေ့ ရွေးကောက်ပွဲစနစ်နဲ့ ဖွဲ့စည်းပုံမှာက အနိုင်ရတဲ့ပါတီကို အရင်ရှာပါတယ်။ အဲဒီပါတီက တင်မြှောက်တဲ့ ပုဂ က သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့တော့ သူ့ရဲ့ အောက်ခြေအခြေခံကနေ ပြည်သူလူထု သမ္မတ ရွေးချယ်ချင်းကို သီးခြားလုပ်တာကို တွေ့ရပါတယ်။ အလားတူ ဒုသမ္မတ ရွေးတာကိုလဲ တွေ့ရပါတယ်။ ဒီနှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က ပုံစံတမျိုးပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ သမ္မတ ရွေးတဲ့ပုံစံက တမျိုးပေါ့။ နှစ်ခုစလုံးက လက်ရှိအခြေအနေကတော့ မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ရေရှည်ဆိုရင်တော့ ဒီမိုကရေစီရဲ့ အနှစ်သာရကိုက ပြည်သူအုပ်ချုပ်တာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထု တိုက်ရိုက်ရွေးချယ်တာကတော့ ရေရှည်မှာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါဆိုရင် သမ္မတစနစ် ရွေးချယ်မှုမှာ အားသားချက်၊ အားနည်းချက် လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေပေါ့။ အားသားချက်၊ အားနည်းချက်ကို ဘယ်လိုများ သုံးသပ်မိလဲ။

ဦးတင်မောင်ဦး။ ။ သမ္မတ ရွေးချယ်တဲ့ အနေအထားကတော့ မြန်မာနိုင်ငံအနေနဲ့ကတော့ ယနေ့ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ အချိုးကျ ဒုသမ္မတတွေ ရွေးပါတယ်။ ဒုသမ္မတတွေကနေ သမ္မတတွေ ထပ်မံပြီး ရွေးချယ်ပါတယ်။ အမေရိကမှာတော့ ပြည်သူလူထုက ရွေးချယ်ပြီး နိုင်လာတဲ့ သမ္မတကို အခြေခံပြီးတော့ အစိုးရဖွဲ့တယ်။ သူ့ပါတီ နိုင်လာတာ ဖြစ်ပါတယ်။ ပုံစံကတော့ ပုံစံချင်း မတူကြပါဘူး။ အားနည်းချက် အားသားချက်ကတော့ ကျနော်တို့ နိုင်ငံအနေနဲ့ကတော့ လက်ရှိ ဒီမိုကရေစီ ပေါ်ထွန်းစဖြစ်တော့ အမေရိကန်ရဲ့ ရွေးချယ်မှုက အားသားချက်တွေ ရှိပါတယ်။ သို့သော် ဒီအချိန်မှာတော့ အားလုံးထပ်တူ ကူးလို့မရသေးတဲ့ အနေအထားဖြစ်တော့ လက်ရှိအတိုင်းပဲ ၂၀၁၅ မှာ ဒီအတိုင်းပဲ သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် ကျနော်တို့ ဆွေးနွေးနေပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ အမှန်တကယ်လိုအပ်တဲ့ နိုင်ငံတော်အတွက် အကျိုးရှိမယ့်အတွက် ဆွေးနွေးမှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အနေနဲ့က နိုင်ငံတော် နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အားလုံးပြင်မှာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒါကြောင့် နိုင်ငံရေးတခုလုံးဘက်ကို ချဲ့ပြီးတော့ မေးချင်ပါတယ်။ ရွေးကောက်ပွဲကလဲ နီးပါပြီ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောနေဆိုနေတာလဲ ရှိတယ်။ ဒါပေမဲ့ ဒီ ရွေးကောက်ပွဲအမီ လုပ်နိုင်ပါ့မလား။ လွှတ်တော်တွေမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ။

ဦးတင်မောင်ဦး။ ။ ရွေးကော်ပွဲက အကြမ်းမျဉ်းအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးကတော့ လာမယ့် ၂၀၁၅ အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ လုပ်မယ်လို့ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လွှတ်တော်ကြီးကလဲ တောင်းဆိုမှုတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၂) ကြိမ်မြောက် လွှတ်တော်ရဲ့ နောက်ဆုံးနေ့။ အခုကတော့ (၁၂) ကြိမ်မြောက် လွှတ်တော်ကတော့ မပြီးသေးပါဘူး။ အဲဒီ နောက်ဆုံးနေ့မှာ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီးဖြစ်တဲ့ သူရဦးရွှေမန်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလအကုန် နိုဝင်ဘာလအဆန်းမှာ လုပ်ပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းထားတာ ရှိပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲက နိုဝင်ဘာလလို့ မှန်းမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ရှင်းပြဖို့ လိုပါမယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အမှန်တကယ် ပြင်ဆင်ဖို့အတွက် အကြောင်းတရာ နှစ်ချက်ရှိပါတယ်။ နံပတ် (၁) ကတော့ ၂၀၀၈ လို့ ဆိုသော်ငြားလဲ ဒီထဲမှာပါတဲ့ Ideology က ၁၉၉၃ ဝန်းကျင် ဖြစ်ပါတယ်။ နှစ်အားဖြင့် (၂၅) နှစ်လောက် ကြာပါပြီ။ ကာလအားဖြင့် ပြင်ရမယ့် အနေအထား ဖြစ်ပါတယ်။ ဒုတိယကတော့ ဒါကို ရေးပေးခဲ့တာ တပ်မတော်အစိုးရ ဖြစ်ပါတယ်။ တပ်မတော်အစိုးရကိုလဲ ဖွဲ့စည်းပုံ ရေးပေးခဲ့တဲ။ ဒီမိုကရေစီကို စပြီးတော့ ဖန်တီးပေးခဲ့တဲ့အတွက်ကြောင့် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ သို့သော် သူတို့ကိုယ်တိုင် ဒီမိုကရေစီနယ်ပယ်ထဲကို မရောက်ဖူးပါဘူး။ ကြားတာမြင်တာ အတွေ့အကြုံတွေနဲ့ ရေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူများအနေနဲ့ ယနေ့ဖြတ်သန်းခဲ့ကြတဲ့အခါမှာ ရေးထားတဲ့ အချို့အချက်နဲ့ အံ့ဝင်ဂွင်ကျ မရှိတာ ဖြစ်ပါတယ်။ ဒါတွေကြောင့်လဲ ပြင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေခံအကြောင်းတရာ (၂) ချက်နဲ့ ပြင်ဖို့ ကျနော်တို့ စတင်ပြီးတော့ ဆောင်ရွက်ပါတယ်။ ပြင်မယ်ဆိုရင် အဆင့် (၃) ဆင့် ရှိပါတယ်။ အကျဉ်းချုပ်ပြောရင်တော့ ပထမအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်း ရှိလို့ရှိရင် အဲဒီအပေါက်လေးထဲကို ဝင်နိုင်ပါတယ်။ အဲဒီ တံခါးပေါက်ကို ဝင်နိုင်လို့ရှိရင် ရမယ့်အခွင့်အရေးတွေကတော့ ဥပဒေကြမ်းတင်ခွင့် ဖြစ်ပါတယ်။ ဒုတိယအပေါက်ကတော့ ပြည်ထောင်စုလွှတ်တော် (၇၅) ရာခိုင်နှုန်း ဝင်နိုင်ရင် အဲဒီမှာ (၄၃၆ (ခ) ကို ပြင်ခွင့်ရမှာ ဖြစ်ပါတယ်။ တတိယအပေါက်ကတော့ ပြည်သူလူထု (၅၀) ရာခိုင်နှုန်းကျော်ရဲ့ Referendum လုပ်ပြီးတော့ ဖြတ်ကျော်မယ်ဆိုရင်တော့ (၄၃၆(က) ကို ပြင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲက နီးလာပြီ ဖြစ်ပါတယ်။ ကျနော်တို့ ရောက်နေတဲ့အဆင့်က ပထမတံခါးပေါက်ထဲကို ဝင်တုန်းပဲ ရှိပါသေးတယ်။ ဒုတိယတံခါးပေါက်၊ တတိယတံခါးပေါက် ဝင်ဖို့နဲ့ ပေးရမယ့်အချိန်နဲ့ သိပ်ကြာတဲ့အတွက်ကြောင့် မျှော်လင့်ထားသလိုတော့ ဖြစ်မယ်လို့ ခန့်မှန်းလို့ မရပါဘူး။

ကိုသားညွှန့်ဦး ။ ။ ကျနော် တဆက်တည်းမေးချင်တာက ဦးတင်မောင်ဦးက တပ်မတော်အရာရှိဟောင်းတယောက် ဖြစ်ပါတယ်။ တချက်က ဦးတင်မောင်ဦး ပြောသွားတဲ့အထဲမှာ ပါပါတယ်။ ဒီမိုကရေစီ အလေ့အကျင့်၊ ဒီမိုကရေစီနိုင်ငံ ပုံစံမျိုးကို တပ်မတော်က အရင်တုန်းက မကျင့်ခဲ့ဘူး။ အခု ကျင့်သုံးတယ်။ လွှတ်တော်ထဲကိုလည်း တပ်မတော်အရာရှိဟောင်းတွေ ရောက်နေကြပြီ။ ဦးတင်မောင်ဦးရဲ့ တဦးချင်းအမြင် ဘာပြောင်းသွားတာ ရှိလဲ။

ဦးတင်မောင်ဦး။ ။ ကျနော် အရင်အနေအထားနဲ့ ယနေ့ (၄) နှစ်သာ ရှိလာပြီပေါ့။ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံပြောင်းလဲမှုတွေ အတိုင်းအတာတခုအထိ ရှိပါတယ်။ ကျနော်တို့ ကောင်းတာတွေ ရှာကြည့်မယ်ဆိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံတော်မှာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ ပြောင်းလဲမှုတွေ ရှိပါတယ်။ သို့သော် ကျနော်တို့လဲ နိုင်ငံအသီးသီး ရောက်ပါတယ်။ အဲဒီနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ နောက်ကျနေတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။ ဒါကြောင့် ယနေ့ ဒီအပြောင်းအလဲတွေမှာ ကျနော်တို့လဲ ပြောင်းလဲဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းရင်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ တပ်မတော်အရာရှိဟောင်းအနေနဲ့ နောက်တခု မေးချင်တာက ကိုယ်မှာရှိတဲ့ mindset အရင်တုန်းက ကျင်လည်ရပ်တည်ခဲ့တဲ့ အနေအထားနဲ့ အခု လွှတ်တော်ထဲမှာ ဝင်လာတဲ့အနေအထားမှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေမှာ မြင်ရတဲ့အခါမှာ ကိုယ်ကိုယ်တိုင် ဘယ်လို အပြောင်းအလဲရှိလဲ။

ဦးတင်မောင်ဦး။ ။ ကျနော်တို့ အရင်တုန်းက တပ်မတော်သား လုပ်ခဲ့ပါတယ်။ တပ်မတော်ကတော့ ထုံးစံအတိုင်း အမိန့်နဲ့ လှုပ်ရှားကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ယနေ့ ကျနော် ပါလီမန်ထဲ ရောက်တဲ့အခါမှာ ကျနော်တို့ အရင်တုန်းက မပြောဝံ့တဲ့စကားတွေ၊ မတွေးဝံ့တဲ့အတွေးတွေ။ ဒါက နိုင်ငံတော်အတွက်ပါ။ ကျနော်တို့ ယနေ့ ပြောခွင့်ဆိုခွင့်၊ တွေးခွင့် လွတ်လပ်စွာ ပြောဆိုခွင့်ရပါတယ်။ တနည်းအားဖြင့် ကျနော်သည် ပြည်ထောင်စုကြံံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်ပါတယ်။ ကျနော်တို့ ပါတီတွင်း မူအရကိုက ဒီမိုကရေစီအပြည့် ပေးတဲ့အတွက်ကြောင့် ကျနော်တို့ ယနေ့ လွှတ်တော်ထဲမှာ မေးခွန်းတွေမေးတယ်။ ဥပဒေတွေပြုတယ်။ ကျနော်တို့ လွှတ်တော်ထဲမှာ မေးခွန်းတွေမေးတယ်။ အဆိုတွေ တင်သွင်းတယ်။ ဥပဒေတွေ ပြုတယ်။ ဘယ်သူရဲ့ ခြိမ်းခြောက်မှု မပါပါဘူး။ ကျနော်တို့ အဓိက မူကတော့ လွှတ်တော်ကိုယ်စားလှယ်မှာ ပါတီအသီးသီးမှာ နိုင်ငံတော် နိုင်ငံသားအတွက်ဆိုရင် ပြည်ထောင်စုလွှတ်တော် နာယကကြီး ချပေးထားတဲ့ လမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ရဲရဲဝံ့ဝံ့နဲ့ ပြောဆိုဆောင်ရွက်လုပ်ကိုင်နေတဲ့အတွက်ကြောင့် ကျနော်တို့ကိုယ်တိုင်လဲ အများကြီး ပြောင်းလဲလာတာကို မိမိကိုယ်မိမိ သုံးသပ်မိပါတယ်။

ကိုသားညွှန့်ဦး ။ ။ အခုပြောင်းလဲတဲ့ အခင်းအကျင်းနဲ့ နိုင်ငံရေးအခြေအနေ ရှိနေတဲ့ အခြေအနေက အရင်တုန်းက ဦးတင်မောင်ဦး ထင်ခဲ့တဲ့အခြေအနေ၊ မြင်ခဲ့တဲ့ အခြေအနေမှာ ဒီလိုပဲ ထင်ဟပ်နေလား။ ဒါမှမဟုတ် တခုခု လွှဲသွားတာရှိလား။ ပြောင်းသွားတာရှိလား။

ဦးတင်မောင်ဦး။ ။ ကျနော့်အမြင် ပြောရရင်တော့ ကျနော်တို့က ဒီမိုကရေစီကို မကျင့်သုံးဖူးဘူး။ တာထွက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံရဲ့ သတ်မှတ်ချက်အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ် ရှိပါတယ်။ တခုနဲ့တခုကလဲ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုရင် ထိန်းကြောင်းရမှာ ဖြစ်ပါတယ်။ သို့သော် အစိုးရနဲ့ တရားသူကြီးအဖွဲ့ (၂) ဖွဲ့ မဏ္ဍိုင် (၂) ခုကတော့ ဖွဲ့စည်းပြီးသာဖြစ်တော့ စောစောစီးစီး တာထွက်သွားတယ်။ ဒီအချိန်မှာ လွှတ်တော်ကြီးက ကိုယ်တွေလက်တွေ အင်္ဂါတွေ မစုံသေးပါဘူး။ ဒါကိုလဲ လွှတ်တော်နာယကကြီးရဲ့ ကြိုးပမ်းမှုကြောင့် တော်တော်လေး မှီလာပါပြီ။ လွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ အစိုးရအဖွဲ့ကို check and balance ထိန်းကြောင်းဖို့၊ အပြုသဘောနဲ့ ရဲရဲဝံ့ဝံ့ ပြုပြင်ပြောင်းလဲဖို့ ဝေဖန်မှသာ တိုင်းပြည်တိုးတက်မှာ ဖြစ်တဲ့အတွက်ကြောင့် ယနေ့များစွာ ပြောင်းလဲမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးတင်မောင်ဦး ကျေးဇူးများစွာ တင်ပါတယ်။

XS
SM
MD
LG