သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ CDM တပ်မတော်အရာရှိတဦးနဲ့ မေးမြန်းခန်း


CDM တပ်မတော်သား ကိုနောင်ရိုး
CDM တပ်မတော်သား ကိုနောင်ရိုး

မြန်မာနိုင်ငံမှာ တခုတည်းသော အားကောင်းခိုင်မာတဲ့ အဖွဲ့အစည်းဆိုပြီး ဆယ်စုနှစ်များစွာ ရပ်တည်နေခဲ့တဲ့ တပ်မတော်ဟာ အခုဆိုရင် အများထင်သလိုမဟုတ်ဘဲ၊ အောက်ခြေမှာ အလဲလဲအပြိုပြိုဖြစ်နေပြီလို့ CDM တပ်မတော်သား ကိုနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိ မြန်မာစစ်တပ် ရင်ဆိုင်နေရတဲ့ အခြေအနေကို တပ်မတော်အရာရှိတဦးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။ တပ်မတော်သားတဦးအနေနဲ့ စစ်အာဏာသိမ်းတာကို ဘာကြောင့် ဆန့်ကျင်ခဲ့တာလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင် အဖွဲ့တာ၀န်ခံ ကိုနောင်ရိုး ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ချဝင်ရောက်မှု့တွေ ဖြစ်လာတာကို တွေ့နေရတယ်ဆိုတဲ့ အပိုင်းပေါ့လေ။ တကယ့်ကို စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းတခုအနေနဲ့ပေါ့လေ အဲ့လိုမျိုး တိုက်ပွဲတွေကမှ အခုဆိုရင် စစ်ဌာနချုပ်ကြီးတခုလုံး ကျသွားတာတို့၊ တပ်ရင်းလိုက် အလင်းဝင်တာတို့၊ ထွက်ပြေးရတာတို့ ရှိလို့ရှိရင် မြန်မာစစ်တပ်အနေအထားကို ဘယ်လိုသုံးသပ်ပါလဲရှင့်။

ကိုနောင်ရိုး ။ ။ ဒီစစ်တပ်ကိုတော့ ကျနော်တို့ အပြင်ကနေ ကြည့်တဲ့အခါမှာ စစ်တပ်ဟာ အင်မတန်ခိုင်မာတဲ့ တိုင်းပြည်မှာ အင်အားကောင်းသော ခိုင်မာသော institution ဖြစ်တယ်လို့ ရှု့မြင်ကြတာရှိတယ်။ နိုင်ငံတကာကလည်း ဒီလိုမျိုးရှု့မြင်ကြတာရှိတယ်။ တကယ်တကယ်ကျတော့ စစ်တပ်ကနှစ်ပေါင်းများစွာ အထဲထဲမှာ အဂ္ဂတိလိုက်စား ခြစားနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အထက်-အောက် ရဲဘော်ရဲဘက်စိတ် အဂ္ဂတိလိုက်စားမှု့တွေ ကျယ်ပြန့်လာတာနဲ့အမျှ ဆရာ-တပည့်မွေးတာတွေ ပြီးတော့ အထက်-အောက် ယုံကြည်မှု့ကင်းမဲ့တာတွေ ရဲဘော်ရဲဘက် ကင်းမဲ့တဲ့ အနေအထားတွေ ပိုပြီးတော့ နှစ်ရှည်လများ တာရှည်ခံစားနေရတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ အဲဒီတော့ စစ်တပ်ရဲ့ အဓိကဟာ ရဲဘော်ရဲဘက် စိတ်ဓာတ်၊ အချင်းချင်း Moral စိတ်ဓာတ်ခံယူချက်တွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။

သို့ပေမယ့်လည်း ဒီစစ်ခေါင်းဆောင်တွေက သူတို့ အကျိုးစီးပွားအာဏာအတွက်ပဲ အဆင့်ဆင့်ဟာ အဂ္ဂတိလိုက်ခြစားနေတဲ့အတွက် ဒီဒဏ်ကို စစ်တပ်ကကောင်းကောင်း ခံစားနေရတယ်။ အဲဒီအခါကြတော့ ဒီလိုမျိုးအနေအထားတွေက စစ်အာဏာသိမ်းမှု့ ၂၀၂၁ စစ်အာဏာသိမ်းမှု့နောက်ပိုင်းမှာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပုန်ကန်နေတာတွေ တွေ့လာတဲ့အခါမှာ စစ်တပ်က ဘယ်လိုမှကို မဟန်နိုင်တော့ဘူး။ သူ့ရဲ့ အခြေအနေမှန်ကို ပိုပြီး လူတွေက သိမြင်နားလည်လာတာတို့ မျက်ဝါးထင်ထင် သိမြင်လာတာ ဖြစ်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒါက သုံးသပ်ပြီးသား ဖြစ်တယ်။ စစ်တပ်ဟာ အတွင်းမှာကို တိုက်စားနေတာ ဖြစ်တဲ့အတွက် ခေါင်းဆောင်မှု့စွမ်းရည်တွေရော၊ စစ်စွမ်းဆောင်မှု့ စွမ်းရည်တွေရော၊ အထဲထဲမှာ ညီညွတ်မှု့ စွမ်းရည်တွေရော မရှိတော့ဘူး။ ဒီအဆင့်ဆင့်မှာ ချိ့နှဲ့ပြီးတော့ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ရဲဘော်ရဲဘက်တွေနဲ့ အဖွဲ့အစည်း ဖြစ်နေပြီ။ အခုလိုမျိုး တော်လှန်ရေး အင်အားစုတွေက နိုင်ငံအနှံ့မှာ ကြုံတွေ့လာရတဲ့အခါ ဒီအခြေအနေတွေဟာ အနှေးနဲ့အမြန် ကြုံတွေ့လာရတာပါပဲ။ ဒါ့ကြောင့်လည်း စစ်တပ်ရဲ့ စိတ်ဓါတ်ဖြစ်တဲ့ အသက်ပေးခုခံလိုတဲ့စိတ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့တခုရဲ့ စိတ်ဓာတ်လို့ ပြောရမှာပေါ့။


စစ်တပ်ရဲ့ စိတ်ဓာတ်ဆိုတာ လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ စိတ်ဓာတ်အနေနဲ့ ငါ့နိုင်ငံ ငါ့အဖွဲ့အစည်းအတွက် ဒါ အသက်ပေးခုခံမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားတယ်။ ပြီးတော့ နောက်တခုက စစ်တပ်ကိုယ်တိုင်က အာဏာသိမ်းမှု့ နောက်ပိုင်းမှာ ပြည်သူ့ရဲ့ ထောက်ခံမှု့က လုံးဝအနိမ့်ဆုံးထိကို သမိုင်းတလျှောက်မှာ အနိမ့်ဆုံးထိဖြစ်တဲ့အပြင်ကို ပြည်သူတွေကိုယ်တိုင်က နိုင်ငံအနှံ့မှာ ခုခံတော်လှန်လာတဲ့ အနေအထားတခုကို တွေ့ကြုံလာခဲ့ရပြီ။ ဒါကြောင့် ဒီအခြေအနေတရပ် ရိုက်ခတ်တိုက်စားမှု့မှာ စစ်တပ်က ကြီးကြီးမားမား စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု့တွေ ရှိတယ်။ ဒါ့ကြောင့်လည်း တနေ့နဲ့တနေ့ အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်အတွက် အသက်ပေးတိုက်ခိုက်လိုတဲ့ အနေအထားတွေ လျော့ကျလာပြီးတော့ ပြည်သူတွေဘက်ကို ပူးပေါင်းလာတဲ့သူတွေ အလံဖြူထောင်ပြီး လက်နက်ချလာသူတွေ အလင်းဝင်ရောက်လာမှု့တွေ တနေ့ထက်တနေ့ တပ်ရင်းလိုက်၊ အစုအဖွဲ့လိုက်တွေ ပိုပြီးများလာခြင်း ဖြစ်တယ်လို့တော့ ကျနော်တို့ပြောချင်တယ်။

မေး ။ ။ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ် စစ်ကောင်စီက အာဏာသိမ်းလိုက်တယ်လို့ သိလိုက်ရတယ်။ ကြေညာလိုက်ရတဲ့အချိန်မှာ ကိုနောင်ရိုး ဘယ်လို ဖြစ်သွားလဲ။ ဘယ်လို ခံစားရလဲ။

ဖြေ ။ ။ ဒီအာဏာမသိမ်းခင် ရက်ပိုင်းထဲက နိုင်ငံရေးတင်းကြပ်မှု့တွေ ရှိနေတဲ့ကြားမှာ ကျနော်တို့ အရာရှိငယ်တွေကြားမှာလည်း ဝေဖန်သုံးသပ်မှု့တွေ ရှိတယ်။ ဝေဖန်သုံးသပ်တဲ့အခါ အာဏာသိမ်းနိုင်လား၊ အာဏာသိမ်းနိုင်ချေရှိလား၊ နိုင်ငံက တိုးတက်မှု့အဆင့်ကို သွားနေပြီ လက်ရှိမှာ နောက်ကြောင်းမပြန်လောက်ဘူး။ နောက်ကြောင်းပြန် အာဏာသိမ်းနိုင်တယ် စသည်ဖြင့် ဝိဝါဒ ကွဲပြားမှုတွေတော့ ရှိတယ်။ ဒါပေမယ့်လည်း တပ်တွေမှာလည်း ကြိုတင်ပြင်ဆင်မှု့အနေအထားတွေ ကျနော်တို့ တွေ့တော့တွေ့နေရတယ်။ ဒါပေမယ့်လည်း ဇန်နဝါရီလကုန်ရက် ၃၁ တနင်္ဂနေ့ပေါ့လေ ဒီလိုဘဲ ပုံမှန်ပဲ အိပ်ရာဝင်သွားတယ်။ ဒါပေမယ့်လို့ မနက်ခင်းနိုးလာတဲ့ အချိန်ကျတော့သိပြီ ကျနော့်ညီလေးတယောက်က ပြောတာ။ အစ်ကို အာဏာသိမ်းသွားပြီတဲ့။ ကျနော်က တကယ်ကို ဖြစ်လာခဲ့ပြီပေါ့နော်။ ကျနော်တို့ ယုံကြည်ထားတာကတော့ စစ်တပ်ဟာ စစ်ခေါင်းဆောင်ဟာ တိုင်းပြည်က အရွေ့တခုကိုသွားနေပြီ။ ဒီမိုကရေစီ လမ်းကြောင်းတခုကို အရှိန်ဟုန်နဲ့ သွားနေတဲ့အခါမှာ နောက်ကြောင်းမပြန်လောက်ဘူး။ ဒီလို အာဏာသိမ်းရလောက်တဲ့ထိ မရူးမိုက်လောက်ဘူးလို့ ကျနော်တို့ မျှော်လင့်ထားခဲ့တာ။ ကျနော်တို့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားမှန်း သိလိုက်ရပါတယ်။

အာဏာသိမ်းတယ်လို့ ကြားမိတဲ့အချိန်မှာလည်း ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိပါတယ်။ တပ်မတော်က ပြည်သူနဲ့ ပြန်လည်နီးစပ်မယ့် အနေအထားကို ရောက်နေပြီ။ ဂုဏ်သိက္ခာ အတိုင်အတာတခုနဲ့ နည်းနည်းချင်း တည်ဆောက်ထားလို့ ရနေပြီဆိုတဲ့ အခြေအနေမှာ စစ်ခေါင်းဆောင်တွေက ဒါကို ရိုက်ချိုးပြီးတော့ သူတို့အကျိုးစီးပွားအတွက် ဒီလိုမျိုးရူးမိုက်တဲ့ ဆင်ခြေမဲ့လုပ်ရပ်ကို လုပ်လိုက်ပါလားဆိုပြီးတော့ ကြားသိရတဲ့အခါမှာ‌တော့ ကိုယ့်အနေနဲ့ကတော့ တိုင်းပြည်ကတော့ နောက်ပြန်ကျသွားပြီ ရှေ့ကိုသွားနေတဲ့ အရွေ့ကို နောက်ပြန်ကျသွားပြီဆိုတဲ့ စိတ်တခုပေါ့နော်။ ပြီးတော့ ဒီလိုမျိုး ဖြစ်တဲ့ဟာကို စစ်သားတယောက်အနေနဲ့ တော်တော်လေးကို စိတ်ပျက်တဲ့ အခြေအနေတခုကိုတော့ အဲဒီမနက်မှာ စိတ်ပျက်တဲ့ အံ့သြတဲ့တုန်လှုပ်ခြင်း အနေအထားနဲ့ နိုးထလာခဲ့တယ်။

မေး ။ ။ အခု မြန်မာနိုင်ငံသမိုင်းမှာလည်း စစ်တပ်က အကြိမ်ကြိမ်အာဏာတွေ သိမ်းလာတာကို ကြည့်မယ်ဆိုရင်လည်း သူတို့စစ်တပ်ရဲ့ စစ်သားတွေအပေါ် စစ်ခေါင်းဆောင်တွေအနေနဲ့ ကျူးလွန်မှု့တွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မျိုး ပေးထားတဲ့အတွက် ဒါသူတို့ရဲ့ အတွေးအခေါ်မှာကိုက သူတို့ ဘာပဲလုပ်လုပ် သူတို့ကို အပြစ်ပေး အရေးယူနိုင်ချေ မရှိဘူးဆိုတာမျိုးလည်း ဖြစ်ခဲ့တယ်။ ဆိုတော့ အဲ့ဒီဟာကိုလည်း ဝေဖန်ထောက်ပြတာတွေ ရှိတယ်။ အဲ့ဒါကြောင့် စစ်တပ်က အာဏာပြန်သိမ်းဖို့ကိုလည်း တွန်းအားပေးသလို ဖြစ်သွားတယ်ပေါ့။ ဆိုတော့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရှိနေတယ်ဆိုတဲ့အချက်မှာ အခု ကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်ဒဏ်အရ တရားဥပဒေအရ ပြန်ပြီးတော့ အရေးယူ အပြစ်ပေးတာ ဘယ်လောက်ထိ အရေးကြီးတယ်လို့ မြင်ပါလဲရှင့်။

ဖြေ ။ ။ ဒီကနေ့ ၂၀၂၁ အာဏာသိမ်းဖို့ ကျူးလွန်ရခြင်းကိုက အကြောင်းအရင်း (၂ )ချက်ကြောင့် ဖြစ်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီအာဏာကိုယ်ကျိုးစီးပွားကို တပ်မက်လို့ ဒီအာဏာကို လက်မလွှတ်နိုင်လို့ အာဏာသိမ်းခြင်း ဖြစ်သလို၊ ရှေ့ စစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှု့တွေမှာလည်း ကျူးလွန်မှု့တွေကို အရေးယူနိုင်ခြင်းမရှိတဲ့ အခြေအနေတွေကြောင့်လည်း ဒီစစ်အာဏာသိမ်းမှု့အတွက်ကို တွန်းအား ဖြစ်စေခဲ့တယ်။ ငါတို့ အာဏာသိမ်းလို့ ရတယ်၊ ငါတို့ ဘာမှပြစ်ဒဏ်မခံရဘူးဆိုတဲ့ အခြေအနေတွန်းအားကလည်း အဓိကကျတယ်လို့ ကျနော် မြင်တယ်။ နောက်ပြီးကျတော့ ကျနော်တို့ အနာဂတ်နိုင်ငံကို သွားမယ် ပြန်လည်တည်ငြိမ်တဲ့ အားလုံးသင့်မြတ်တဲ့ နိုင်ငံတခုကို သွားမယ်ဆိုရင် သေချာတာတခုကတော့ ပြစ်ဒဏ်ကျူးလွန်မှု့တွေကို အဆုံးသတ်နိုင်ဖို့ လိုတယ်။ ဒီလိုမျိုး စစ်အာဏာစနစ်ဆိုးတွေ ထပ်ထပ်ပြီး၊ ထပ်မံမတွေ့ဖို့က ဒီစစ်အာဏာသိမ်းမှု့တွေမှာ ကျူးလွန်ခဲ့တဲ့သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေရှိဖို့ လိုတယ်။ ဒီလို အရေးမယူနိုင်ဘူးဆိုရင် ဒီလိုမျိုးအလားတူတာတွေ ထပ်ကြုံတွေ့နေရလိမ့်မယ်။ အဲ့ဒါကြောင့် ဒီလိုအခြေအနေတွေကို အဆုံးသတ်နိုင်ဖို့ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ မတရားကျူးလွန်မှု့တွေကို အဆုံးသတ်နိုင်ဖို့ရာ ပြစ်ဒဏ်ကျူးလွန်နေတဲ့ လူတိုင်းကို တရားမျှတတဲ့ အပြစ်ပေးအရေးယူနိုင်ဖို့ အရေးကြီးဆုံး လိုအပ်တယ်လို့ ကျနော်တို့ ရှု့မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ တဘက်မှာကြတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေတွေ သူတို့ သိမ်းပိုက်လာနိုင်တဲ့အနေအထား သူတို့ တိုက်လာတဲ့ အနေအထားတွေမှာ Federal ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အနေအထားကြီးဆိုတာထက် ဒါက တိုင်းပြည်အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားမယ်။ ဒါက တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့နယ်မြေ သူတို့ ခွဲထွက်ပြီးတော့ အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားမယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ ဒါမျိုးတွေ ထွက်လာတာတွေလည်း ရှိတယ်။ ရှိတော့ အခုလက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက် နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံမှာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို သူတို့ အဓိကသွားပြီးတော့မှ တဆင့်ချင်းတဆင့်ချင်း သူတို့ အကောင်အထည် ဖော်သွားမယ်ဆိုတာ ပြောထားတာရှိတော့ အဲ့ဒီတော့ တဘက်မှာလည်း ဒီလိုမေးခွန်းတွေရှိတဲ့ အပိုင်းပေါ့။ တကယ်ပဲ ၁၀၂၇ လို စစ်ဆင်ရေးတွေက တိုင်းပြည်ကို အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားစေမလား။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးမှာ ပိုပြီးတော့ ဆိုးရွားသွားစေမလား။ ဘယ်လို မြင်လဲရှင့်။

ဖြေ ။ ။ လက်ရှိ တော်လှန်ရေးအင်အားစုတွေ အသီးသီးမှာတော့ သူတို့ရဲ့ အထိုင်စဥ်းစားချက်နဲ့ အကျိုးစီးပွားအမြင်တွေကတော့ ကွဲပြားကောင်းကွဲပြား၊ ကွဲပြားမှုတွေတော့ အများကြီးရှိကောင်း ရှိနိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီလောက်ထိ စိုးရိမ်စရာ မရှိသေးဘူးလို့ ကျနော်တို့ ရှု့မြင်တယ်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးကလည်း ဒီနိုင်ငံမှာ အေးတူပူအမျှ သူတို့ တိုက်ပွဲဝင်နေခြင်းသည် သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တော်လှန်တိုက်ပွဲဝင်နေရခြင်း ဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။ အဲ့ဒီလို အလားတူပဲ မြေပြန့်က ကျနော်တို့ တော်လှန်ရေး အင်အားစုတွေလည်း စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရမယ်။ ဒီမိုကရေစီစနစ်နဲ့ သွားရမယ်ဆိုတဲ့ အတွက် သူတို့ တော်လှန်တိုက်ပွဲဝင်နေခြင်း ဖြစ်တယ်လို့ ကျနော်ကတော့ နားလည်တယ်။ အဲ့ဒီတော့ ဒီကနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အဓိက ပင်မပြဿနာ အရင်းမြစ်သည် စစ်အာဏာရှင်စနစ် ရှိနေခြင်းကြောင့်ပဲ။

ဒီ စစ်အာဏာရှင်စနစ် ရှိနေလို့ ၊ ရှင်သန်အားကောင်းနေလို့သာလျှင် ကျနော်တို့ နိုင်ငံရေး ကွဲပြားမှုတွေကို ညှိနှိုင်းလုပ်ဆောင်နိုင်ခြင်း၊ အတူလက်တွဲ ဖြေရှင်းနိုင်ခြင်း မလုပ်ဆောင်နိုင်ခြင်း ဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။ အဲ့ဒီတော့ ဒီစစ်အာဏာရှင်စနစ်ကို ဖယ်ချနိုင်ပြီဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြားမှာ ဘယ်လိုသော ကွဲပြားမှု့ အကျိုးစီးပွား အထိုင်တွေပဲ ရှိနေပါစေ ကျနော်တို့အားလုံးဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ အားလုံးက လိုအပ်ချက်တွေပေါ် ဆွေးနွေးညှိနှိုင်း ဖလှယ်လို့ရတယ်။ အတိုးအလျှော့၊ အပေးအယူတွေ လုပ်ဆောင်နိုင်လို့ ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင် စနစ်ကိုသာ ဖယ်ရှာနိုင်ပြီဆိုရင် ကျနော်တို့ တိုင်းရင်းသားညီအကိုတွေ တတိုင်းပြည်လုံးက လိုလားတဲ့ အနာဂတ်ကို ကျနော်တို့ အားလုံးကြားမှာ ကွဲပြားမှုတွေ ဘယ်လောက်ပဲရှိရှိ၊ ညှိနှိုင်းမှု့တွေကြားမှာ အဓိကက ညှိနှိုင်းဆွေးနွေး လုပ်ဆောင်ဖို့က အဓိကကျတယ်။ ဒီလိုသာ လုပ်ဆောင်နိုင်ဖို့ကို ကျနော်တို့ ဖန်တီးနိုင်ပြီဆိုရင် ဒီကနေ့ကြုံတွေ့နေရတဲ့ မတူကွဲပြားတဲ့ အကျိုးစီးပွားအထိုင်တွေ၊ မတူကွဲပြားတဲ့အမြင်တွေကို စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းဖြေရှင်းလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးရပြီဆိုရင် ကျနော်တို့အနာဂတ်ကို အတူတကွ ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့အပေါ်မှာ ကောင်းကောင်း အဖြေရှာနိုင်မယ်လို့ ကျနော် မြင်တယ်။

မေး ။ ။ အခု ကိုနောင်ရိုးကိုယ်တိုင် ပြောသွားတာ ရှိတယ်။ စစ်တပ်ဟာ တကယ်တမ်း ခိုင်မာတဲ့အဖွဲ့အစည်း ဖြစ်တယ်။ စစ်တပ်ကို နိုင်အောင်မတိုက်နိုင်ဘူးဆိုတဲ့ အတွေးတွေ အမြင်တွေ ရှိခဲ့ကြတယ်။ တကယ်တမ်း စစ်တပ်နဲ့ ထိပ်တိုက်တိုးပြီး ရင်ဆိုင်ပြီး တိုက်ခိုက်လာတဲ့အခါမှာ စစ်တပ်က စစ်ကောင်စီရဲ့ တပ်သားတွေ အလဲလဲပြိုပြို ပြိုကွဲလာတာတွေ။ နောက်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ မတည်ဆောက်နိုင်တာတွေကို အများအပြား တွေ့လာကြရတယ်။ အဲ့ဒါမျိုးအခြေအနေအရ အခုလက်ရှိ စစ်ကောင်စီရဲ့ တပ်ထဲမှာ လက်ရှိရှိနေတဲ့ တပ်သားတွေရဲ့ အနေအထားပေါ့။ အဲ့ဒီတပ်သားတွေက တကယ်ပဲ စစ်ကောင်စီကို လိုလားလို့ သူတို့က တပ်ထဲမှာ ရှိနေတာလား။ သူတို့ရဲ့ အခုလက်ရှိ စစ်ကောင်စီတပ်ထဲမှာ ရှိနေတဲ့ တပ်သားတွေရဲ့ အနေအထားကိုကော ဘယ်လို သုံးသပ်လဲရှင့်။

ဖြေ ။ ။ စစ်တပ်ထဲမှာတော့ မျိုးစုံရှိနိုင်ပါတယ်။ ဥပမာ ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ချင်ပေမယ့်လည်း ဒီဘက်မှာ အခြေအနေအကြောင်းမျိုးမျိုးကြောင့် ရုန်းကန်မထွက်ရဲသေးတဲ့သူတွေ၊ အရာရှိစစ်သည် အများအပြားလည်း ရှိနိုင်ပါတယ်။ ဒီကနေ့အခြေအနေမျိုးကို မလိုလားမနစ့်မျို့သူတွေ ပြည်သူနဲ့ ဒီလိုပြန်တိုက်ခိုက်နေရတဲ့ အနေအထားမျိုးကို မလိုလားမနှစ့်မျို့တဲ့ စစ်သားတွေ အများအပြား ရှိနိုင်ပါတယ်။ သို့သော်လည်း ရုန်းထွက်နိုင်ခြင်း၊ မထွက်နိုင်ခြင်းက သူတို့ တဦးတယောက်ချင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မတူညီကြဘူး။ အလားတူ ဒီလိုအင်အားတွေကလည်း အတိုင်းအတာတခုထိ ရှိတယ်ဆိုတာ ကျနော်တို့ ပြောလို့ရတယ်။ နောက်တခုက စစ်တပ်နဲ့ တိုင်းပြည်နဲ့ ဒီကနေ့ ကြုံတွေ့ရတဲ့ အခြေအနေကို ကိုယ့်ကိုကိုယ် စစ်သားတယောက်အဖြစ် ဖြတ်သန်းချင်တယ်။ စစ်သားလိုပဲ နေချင်တယ်။ ဒီလိုမျိုးတိုင်းပြည်မှာ ဒီလိုမျိုးတွေ့ကြုံနေရတဲ့ အခြေအနေကို မလိုလားဘူး။ သာမန်စစ်သားအဖြစ်ပဲ မြင်တယ်။ ဒီစစ်အာဏာသိမ်းမှု့ကို မလိုလားတဲ့ စစ်သားတွေ၊ အရာရှိစစ်သည်တွေလည်း စစ်တပ်ထဲမှာ အတိုင်းအတာတခုထိ ရှိနိုင်ပါတယ်။ အလားတူ ဒီကနေ့ စစ်အာဏာသိမ်းမှု့ကို လိုလိုလားလား ခိုင်ခိုင်မာမာ ထောက်ခံနေတဲ့ ပြည်သူပေါ် ဒီစစ်အာဏာသိမ်းမှု့နဲ့အတူ ပြည်သူကို ရက်ရက်စက်စက် ပြုကျင့်လိုတဲ့ စစ်သားဆိုးတွေလည်း စစ်တပ်ထဲမှာ အတိုင်းအတာတခုထိ ရှိနေတယ်။

အဲဒါကြောင့် စစ်တပ်ထဲကို ကြည့်တဲ့အခါမှာ တပ်မတော်သားအားလုံးသည် စစ်အာဏာရှင်စနစ်တခုလုံးကို အပြည့်အဝ ထောက်ခံအားပေး Backup ပေးနေတဲ့ လူတွေ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် အထဲမှာ ပိတ်မိနေတဲ့သူတွေ၊ ပြည်သူ့ဘက်ကို ရုန်းမထွက်လာရဲသေးတဲ့၊ ရုန်းမထွက်နိုင်သေးတဲ့ စစ်သားတွေ အများအပြား စစ်တပ်ထဲမှာလည်း အများအပြား ရှိတယ်။ သူတို့ကိုယ်တိုင်လည်း စစ်သားကောင်းအဖြစ် သာမန်စစ်သားကောင်းတွေအဖြစ် နေထိုင်ရပ်တည်လိုချင်တဲ့ စစ်သားတွေ အများအပြား ရှိတယ်ဆိုကိုတော့ ကျနော် ပြောရဲပါတယ်။ ဒီစစ်အာဏာရှင်တွေက တိုင်းပြည်ကို ဖျက်ဆီးနေရုံတင်မကဘူး၊ တိုင်းပြည်ကို ချနင်းဖျက်ဆီးနေရုံတင်မကဘူး။ တပ်မတော်ကိုပဲ ပြန်လည်ချနင်းနေတဲ့၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ချနင်းစတေးနေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ ဒါတွေကို တပ်မတော်သားအားလုံးတွေကို ကျနော်တို့ သိမြင်နားလည်စေချင်တယ်။ ဒါ့ကြောင့် ကျ‌နော်တို့ ဒီနေရာကနေ ဘာကိုပြောချင်လဲဆိုရင် အခြေအနေမှန်တွေကို သိမြင်နားလည်ပြီးတော့ ပြည်သူ့ရင်ခွင်ကို အချိန်မှီခိုလှုံဖို့လိုတယ်။ ပြီးတော့ တိုက်ပွဲတွေမှာဆိုရင် ခုခံတိုက်ခိုက်တာတွေ မလုပ်တော့ဘဲနဲ့ အလံဖြူထောင် လက်နက်ချဖို့ လိုတယ်။ ဒါဟာ သူတို့ရဲ့ ဘဝအနာဂတ်ကို အာမခံချက်ရှိတဲ့ တခုတည်းသော နောက်ဆုံးအခွင့်အရေး ဖြစ်တယ်ဆိုတာကိုလည်း အချိန်မီ နားလည်သဘောပေါက်သွားဖို့အတွက် ကျနော်တို့ စစ်တပ်ထဲမှာရှိတဲ့ တပ်မတော်သားတွေကို သတင်းစကားပါးချင်ပါတယ်။

Forum

XS
SM
MD
LG