သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲအိုးကျေးရွာက စစ်ကောင်စီရဲ့ စစ်ရာဇတ်မှုကျူးလွန်မှု (NUG လူ့အခွင့်အရေးဝန်ကြီး)


NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်ရာဇဝတ်ကျူးလွန်မှု ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ဗွီအိုအေကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နာရီပိုင်းအတွင်း အမျိုးသမီးတွေ၊ ကလေးတွေအပြင် သက်ကြီးရွယ်အိုတွေအပါအဝင် လူပေါင်း ၁၀၀ လောက် ဖမ်းဆီးခဲ့ပြီး အဲဒီထဲက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ဦးဆောင်နေသူလို့ စွပ်စွဲခံရတဲ့ မခင်နှင်းဌေးနဲ့ အမျိုးသားလေးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဝန်ကြီးဌာနကလည်း အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။ ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမှာ ဖြစ်သွားတဲ့ကိစ္စပေါ့နော်။ အဲ့ဒီ့မှာ NUG ရဲ့ ထုတ်ပြန်ချက်အရ ဦးအောင်မျိုးမင်းတို့ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် မဲအိုးကျေးရွာမှာ စစ်ကောင်စီ စစ်တပ်တွေရဲ့ ကျူးလွန်မှုပေါ့နော်။ အဲဒါလေးက တော်တော်လေးကို ပြင်းထန်တယ်။ နောက်ပြီးတော့ အရပ်သားတွေအ‌ပေါ် သူတို့ သတ်ဖြတ်သွားတဲ့ကိစ္စက တော်တော်လေးရက်စက်တယ်ဆိုတဲ့ ထောက်ပြချက် တွေရှိနေပါတယ်။ အဲ့ဒီ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ ဦးအောင်မျိုးမင်းတို့ သုံးသပ်ချက် ဘယ်လိုရှိလဲရှင့်။
ဦးအောင်မျိုးမင်း ။ ။ မဲအိုးဖြစ်စဥ်က တော်တော်လေး ဆိုးရွာတဲ့ ဖြစ်စဥ်လို့ပြောပေမယ့်၊ ဒီ့ထက်ဆိုးရွားတဲ့ ဖြစ်စဥ်တွေ အများကြီးပါ။ တစ်နေရာထဲမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း များစွာကြုံတွေ့ ရတယ်။ အဲ့ဒီတော့ ရက်စက်ယုတ်မာတဲ့ ဖြစ်စဥ်တွေက ဒီ မဲအိုးကျေးရွာ ဖြစ်စဥ်က အခုလောလောဆယ် ဖြစ်ပျက်ခဲ့တာပေါ့။ ဒါတင်မကပါဘူး။ နောက်ထပ် ဖြစ်ပျက်ခဲ့တဲ့အမှုတွေ ကျနော်တို့ ဆက်ပြီးတော့လည်း ရရှိခဲ့ပါတယ်။ ဒါကိုကြည့်တဲ့အခါမှာ ကျနော်တို့ ဘာကိုတွေ့ ရလဲဆိုရင်တော့ စစ်‌ကြောင်းတစ်ကြောင်းက ရွာတစ်ရွာကို ရောက်လာပြီးတော့ ရည်ရွယ်ချက်မရှိဘဲနဲ့ သတ်ဖြတ်တာ မဟုတ်ဘူးဗျ။ ရွာပေါင်းများရွာ အဲ့ဒီလိုအဖြစ်ပျက်‌ တွေကြုံရတယ်။ ဖြစ်ပျက်တဲ့ပုံစံမှာလည်း တွေ့သမျှလူကိုဖမ်း၊ ပြီးလို့ရှိရင် သတ်ဖြတ်၊ တချို့ဆိုရင် ရွာလုံးကျွတ် မီးရှို့တဲ့သတင်း ကျနော်တို့ ဒီနေ့ပဲ ရတယ်။ အဲ့ဒီတော့ ဒါကဘာကို ညွှန်ပြနေလည်း ဆိုရင် စစ်ဗိုလ်တစ်ယောက် ဒါမှမဟုတ် စစ်သားတစ်ယောက်က သူ့ရဲ့ စိတ်အခြအနေနဲ့လုပ်တာ မဟုတ်ဘူး။ ဒါကိုကျူးလွန်ဖို့ အတွက် စနစ်တကျ စစ်ဆင်ရေး အနေနဲ့ ကျူးလွန်နေတာ တွေ့ရတယ်။ ဒါ့အပြင် ကျနော်တို့ ဘာတွေ တွေ့ရသေးလည်းဆိုရင်တော့ ဒီလိုဖြစ်ရပ်က အခု ဒီပဲယင်းမှာတင်မကဘူး ရေဦး၊ ခင်ဦး မျိုးစုံ စစ်ကိုင်းတိုင်းဆို ကျနော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေပြီ။

စစ်ကိုးတိုင်းတင်ပဲလား ကရင်နီ၊ ချင်း နောက် တနင်္လာရီ‌ဒေသမှာလည်း ဖြစ်ပျက်နေတယ်။ အဲ့ဒီတော့ ဒါက ကျူးလွန်မှုက အရမ်းကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ နေရာတိုင်းနီးပါး ဖြစ်နေတယ်။ ဖြစ်တဲ့ပုံစံလည်း တူနေတဲ့ အတွက် သာမန်လူ့အခွင့်အ‌ရေးနဲ့တော့ ကျနော်မပြောချင်ပါဘူး။ ဒါက နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇဝတ်မှု့ Crimes against Humanity.
နောက်အခုကာလဆိုရင်တော့ စစ်ပွဲတွေနဲ့ ပဋိပက္ခ တွေကြားထဲမှာ ကျူးလွန်တဲ့ အတွက် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု မြောက်နေပြီလို့တောင် ပြောလို့ရပါတယ်။

မေး ။ ။ စစ်ကိုင်းတိုင်း‌ဒေသဘက်မှာဆိုရင် စစ်အာဏာသိမ်းမှု့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလည်း အထူးသဖြင့် လက်နက်ကိုင်ပြီး ခု့ခံတော်လှန်တဲ့ အရှိန်ပေါ့နော်။ အဲ့ဒါလည်း တော်တော်လေး ပြင်းထန်တာလည်း ရှိနေတော့ ဒါပေမဲ့ တဘက်မှာလည်း အခုချိန်ထိ စစ်ကြောင်းထိုးတာ၊ စစ်ကောင်စီရဲ့ စစ်တပ်ကနေပြီးတော့ ရွာတွေထဲ ဝင်ရောက်ပြီးတော့ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်တာတွေလည်း ရှိနေတယ်ဆိုတော့ လက်ရှိ စစ်ကိုင်းတိုင်း နောက်းအခြေအနေကကော ဘယ်လိုဖြစ်နေလဲရှင့်။ ဥပမာ NUG ဘက်က နယ်မြေတွေ - အခု ကောလင်းဘက်မှာ လည်း NUG သိမ်းပိုက်ထားတယ်ဆိုပေမဲ့လည်း တဖက်မှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အခါကြတော့ အရပ်သားတွေရဲ့ အခြေအနေကော ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ မြို့သိမ်းရွာသိမ်း မလုပ်ခင်ကတည်းက၊ ဘာမှ မသိမ်းနိုင်ခင်ကတည်းက စစ်ကိုင်းတိုင်းတခုလုံးကို အရင်တုန်းက ကျင့်သုံးတဲ့ ဖြတ် (၄) ဖြတ် ပုံစံနဲ့ပဲ လုပ်နေတာ။ ရိက္ခာဖြတ်မယ်၊ အဆက်အသွယ်ဖြတ်မယ်၊ သတင်းတွေဖြတ်မယ်။ စစ်ကိုင်းတိုင်းဆို အင်တာနက် ဘယ်လောက်ကြာပြီလဲ ပိတ်ထားတာ။ ဒါ့အပြင် လူတွေ လူထုစုဆောင်းလို့ မရအောင် ဖြတ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ မအင်ကြင်းနိုင် ပြောသလို စစ်ဘောင်ကျယ်လာတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ခုခံကာကွယ်မှုတွေ အခုဆို ထိုးစစ်ထိ လုပ်ဆောင်နိုင်တဲ့ စစ်ဘောင်တွေ ကျယ်လာတယ်။ စစ်ပွဲအရဆိုရင်တော့ တဘက်နဲ့တဘက် တိုက်ခိုက်မှုက ရှိမှာပဲ။ ဘာကြောင့်လဲဆိုတော့ သင်္ကြန်ရေပတ်နေတာမှ မဟုတ်တာ။ တိုက်ပွဲတွေ လုပ်ဆောင်လို့ရှိရင် တိုက်ခိုက်မှု ဖြစ်တယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က အခုဏပြောသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို အဲ့ဒါတင်မကဘူး။ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လူမှန်သမျှ သတ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူလူထုမှန်းလည်း သိတယ်၊ အကုန်လုံးကို မီးရှို့ပြစ်၊ အရပ်သားတွေ မှန်းသိတယ် ဗုံးကြဲပြစ်ဆိုတဲ့ ရည်ရွယ်ချက် လုပ်ဆောင်တာ အဲ့ဒါကတော့ စစ်ပွဲတိုက်နေတာ မဟုတ်ဘူး။ စစ်ပွဲအတွင်းမှာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်သွားပြီ။

အဲ့ဒီ့တော့ ဘာတွေဖြစ်နေလဲဆိုရင် ပြည်သူလူထုက စစ်ကြောင်းလာလို့ရှိရင် ထွက်ပြေးရမယ်ဆိုတာ ဒို့တာဝန် အရေးတပါးလို ဖြစ်နေပြီ။ အဲ့ဒါမှဟုတ်ရင် သတ်ဖြတ်ခံထိမယ်။ အဲ့ဒီတော့ ကြေးတပ်လာလို့၊ ခြေလျင်တပ်တွေ လာလို့ စစ်ကြောင်းတွေလာလို့ ပြေးနိုင်ပေမယ့်၊ အခုက ဘယ်လောက်ထိ ဆိုးလာလဲ ဆိုရင် လေကြောင်းတိုက်ခိုက်မှု ပိုပြီးတော့ ကျင့်သုံးလာတယ်။ မြို့တွေသိမ်း၊ ရွာတွေသိမ်းပြီးပြီးဆိုရင်တော့ ဟိုးအဝေးကြီးကနေ ဟာဝေဇာလက်နက်ကြီးတို့လို တာဝေးပစ် လက်နက်ကြီးတွေ ပစ်ပြီးတော့ လူထုရှိမှန်း သိရက်နဲ့ ချေမှုန်းနေတာ။ ဒါဆိုလို့ရှိရင် တော်တော်ကြီးကို ဆိုးရွားပါပြီ။ အခုဆိုရင် ဖြစ်ပျက်ခဲ့တဲ့ ဒီကိစ္စတင်မကဘူး ကျနော်တို့ တွေ့သမျှ ရွာလုံးကျွတ် မီးရှို့ခံထိတဲ့ဟာတွေ။ နောက်ခါ လူအစုလိုက်အပြုံလိုက် (၅) ဦးထက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးမှုပေါင်း ဒီ (၂၀၂၃)ထဲမှာ (၈၀) ကျော်ရှိခဲ့တယ်။

ဒါတွေကလက်ရှိ ကျနော်တို့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပျက်နေတဲ့အရာ။ စစ်ကိုင်းတိုင်းတင်မကပါဘူး။ ကျနော်တို့ ကရင်နီမှာလည်း ဒါမျိုးဖြစ်တယ်။ ဒါသည်က ခုခံလို့လား။ ခုခံလို့ တိုက်ပွဲတွေဖြစ်တယ်လို့ တချို့က ပြောကောင်းပြောမယ်။ ခုခံမှု မရှိလည်း၊ ဒီဟာတွေကိုကျူးလွန်ခဲ့တဲ့ အစဥ်အလာက အကြမ်းဖျက်စစ်အုပ်စုရဲ့ သွေးဆာနေတဲ့လုပ်ရပ် ဖြစ်တယ်။ ဒါပေမဲ့ ပြစ်မှတ်ထားတာက ပြည်သူတွေဖြစ်အောင် လုပ်ဆောင်နေတဲ့ ပြစ်မှတ်ထားနေတာကလည်း အကြမ်းဖက် စစ်အုပ်စု ဖြစ်ပါတယ်။

မေး ။ ။ ဦးအောင်မျိုးမင်းတို့ရဲ့ ဒီလူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဒီ မဲအိုးကျေးရွာမှာ ဖြစ်ခဲ့တဲ့ကိစ္စပေါ့နော် ဒီပဲယင်းဘက်မှာ ဖြစ်ခဲ့တဲ့ကိစ္စကဆိုရင် စစ်တပ် ခလရ နံပါတ်အတိအကျနဲ့ ထုတ်ဖော်ရေးသား ဖော်ပြထားတယ်ဆိုပေမယ့်၊ တဘက်မှာကြတော့ စစ်ကောင်စီဘက်က ပြန်ပြီးတော့ ငြင်းဆိုထားတယ်။ ဒါဟာ သတင်းအမှားပဲ ဖြစ်တယ်။ သူတို့အဲဒီ့အချိန်မှာ အဲဒီ့နယ်မြေဘက်မှာ ဘယ်စစ်ကြောင်းကိုမှ ပို့ဆောင်ခြင်း မရှိဘူး။ ဘယ်စစ်ကြောင်းမှ သွားရောက်ခြင်း မရှိဘူးဆိုပြီးတော့ ပြန်ပြီးတော့ တုံ့ပြန်ထားတာ တွေ့ရပါတယ်။ အဲ့ဒီ့အပေါ် NUG အနေနဲ့ ဘာကြောင့် အဲ့လိုမျိုး ကိုယ့်ဘက်က ဒီလို ခလရ နံပါတ် အတိအကျနဲ့ ထုတ်ပြန်နိုင်တဲ့အနေအထား ရှိတာလဲရှင့်။

ဖြေ ။ ။ အကြမ်းဖက်စစ်ကောင်စီကတော့ ဒါမျိုးကျူးလွန်နေခဲ့တာ ကြာခဲ့ပြီ။ ကျူးလွန်တိုင်း ကျူးလွန်တိုင်း သူတို့ မလုပ်ပါဘူးလို့ အမြဲတမ်းလည်း ပြောလေ့ရှိပါတယ်။ တပ်မတော် သတင်းစာရှင်းလင်းပွဲဆိုတာ သတင်း အချက်အလက် အမှန်မပြောဘဲနဲ့ သတင်းညာ လုပ်ကြံဖန်တီးမှုတွေ ဖန်တီးထားတဲ့နေရာဆိုတာ မအင်ကြင်းနိုင်တို့လို သတင်းသမားတွေ သိကြမှာပါ။ အဲ့ဒီ့နေရာမှာ ကျနော်တို့ ဘာဖြစ်လို့ ထွက်တွေ့ရလဲဆို ရင်တော့ အရက်စက်ဆုံး ယုတ်မာပြီးတော့ တတ်နိုင်သ၍ မုသာဝါဒ ထပ်ပြီးတော့ ကျူးလွန်နေတာ စစ်တပ်ဘဲ ဖြစ်တယ်။ သူတို့ လုပ်နေကျ လုပ်ငန်းတခုပါ။ ဒါပေမယ့် ကျနော်တို့ အခုရထားတဲ့ ကိစ္စ။ အခုဆိုရင် ဘယ်တုန်းက ဖြစ်ပျက်ခဲ့လဲ။ ဘယ်သူဖြစ်လဲ။ သေဆုံးသူစာရင်းက ဘယ်လောက်လဲ။ သူတို့အသက်အရွယ် ဘယ်လောက်လဲ။ ဘယ်လိုသေဆုံးလဲဆိုတာကို အလောင်းတွေနဲ့ ကျနော်တို့ ပြန်ချေပနိုင်ပါတယ်။ သူတို့ရဲ့ သတင်းအမှားတွေ ဝါဒဖြန့်မှုတွေကို မှန်ကန်တဲ့အချက်နဲ့ ကျနော်ကို ဒါကို ချေပနိုင်တယ်။ ဘာကြောင့် ချေပနိုင်သလဲဆိုတော့ ကျနော်တို့က မြေပြင်မှာရှိတဲ့လူတွေကို မေးမြန်းနိုင်ခဲ့တယ်။ မြေပြင်မှာ ကြုံတွေ့ရတဲ့ လူတွေရဲ့အသံကို ရအောင်ယူခဲ့တယ်။ လူ့အခွင့်အရေးကို လေးစားတဲ့လူတွေ၊ တရားမျှတမှုကို လိုချင်တဲ့ပြည်သူတွေက ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီအချက်တွေက အမှန်တရား ဖြစ်တယ်။ အဲဒီတော့ သတင်းစာရှင်းလင်းပွဲ၊ သတင်းထုတ်ပြန်ချက် လုပ်ပြီးတော့၊ လိမ်ညာသည့်တိုင်အောင် အဖြစ်မှန်ကို ဘယ်တော့မှ ဖုံးကွယ်လို့မရဘူး။ ဒီအဖြစ်မှန်တွေရဲ့ အားကောင်းချက်ကြောင့် အခုလိမ်ညာပြီးတော့ အကြမ်းဖက်ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေအတွက် တရားမျှတမှုအရ တာဝန်ယူမှု တာဝန်ခံမှုက မဖြစ်မနေ ရကိုရရာမှာ ဖြစ်ပါတယ်။

မေး ။ ။ တဘက်မှာကြတော့ အခု မဲအိုးရွာမှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် ဗွီအိုအေက လက်ခံရရှိတဲ့ ဓါတ်ပုံတွေအရဆိုရင် သတ်ဖြတ်ခံရတဲ့လူတွေရဲ့ အနေအထားကိုကြည့်ရင် တော်တော်လေးကို ခေါင်းပြတ်ခြေပြတ် လက်ပြတ်တွေ၊ မီးရှို့ခံထားရတဲ့ ဦးခေါင်းခွံကျန်ခဲ့တယ်။ ဒေသခံတွေရဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရဆိုရင် ဒီဦးခေါင်းခွံက မခင်နှင်းဌေးရဲ့ ဦးခေါင်းခွံ ဖြစ်တယ်။ နောက် အဲဒီမှာ သူကျန်ခဲ့တဲ့ ပယင်းဆွဲကြိုး အဲဒါကိုလည်း တွေ့ရတယ်ဆိုတော့ ဒီလိုအမျိုးသမီးတယောက်အပါအဝင် နောက်ထပ်ယောကျ်ားလေးဦး စုစုပေါင်း ၅ ဦးကို စစ်တပ် ရွာထဲကို ဝင်သွားတဲ့ နာရီပိုင်းအတွင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တယ်ဆိုတော့ ဘာကြောင့် အဲဒီလောက်ထိ လုပ်သွားတာလဲ။ ဘာကြောင့် ဒီလိုသတ်ဖြတ်သွားတယ်လို့ သုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ ဒါကတော့ အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပြည်သူလူထုကို ရန်သူသဖွယ် သတ်မှတ်ပြီးတော့ ရက်ရက်စက်စက် လုပ်ဆောင်နေတဲ့ လက်ယဉ်မှု။ ရက်စက်ကြမ်းကြုတ်မှု ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတာ အကြောင်းပြစရာ မလိုဘူး။ ဒါပေမဲ့ ပြည်သူလူထုကို လုပ်ချင်တိုင်းလုပ်တဲ့ စိတ်ဓါတ်ရှိနေတဲ့ တိရစ္ဆာန်လောက်တောင်မှ ဂုဏ်သိက္ခာမရှိတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ပါ။ ဒီနေရာမှာ သူတို့အနေနဲ့ ပြည်သူလူထုကို ရန်သူလို မြင်နေပြီ။ အမျိုးသမီးဆိုရင် စော်ကားလို့ရတယ်။ ပိုပြီးအနိုင်ကျင့်လို့ရတယ်ဆိုတဲ့ စိတ်ထားတွေ ရှိတယ်။ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား စစ်ပွဲတွေမှာ ပိုပြီးတော့ စောင့်ရှောက်ပေးရမယ့်အစား ပြစ်မှတ်ထား လုပ်ဆောင်နေတာ စစ်တပ်ရဲ့ အကျင့်အကြံတွေ ဖြစ်နေပြီ။ စစ်တပ်ဆိုတာ ကောင်းတဲ့လူလည်း ရှိနိုင်တယ်။ ဒါကို မူဝါဒတခုအနေနဲ့ ချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးယူဆောင်ရွက်မှု မရှိဘူး။ ဒီလိုမျိုး ကျူးလွန်တဲ့လူက စစ်ရာဇဝတ်မှုအရ အရေးယူမှု ဆောင်ရွက်မှု မရှိဘူး။ အဲဒီတော့ ပိုပိုပြီးတော့ လက်ရဲဇက်ရဲ ဖြစ်လာတယ်။ ပြည်သူလူထုကို မြင်လို့ရှိရင် ပါလာတဲ့ငွေကို ဘယ်လိုမျိုးယူမလဲ။ သူတို့ရဲ့အိမ်တွေကို မီးမရှို့ခင် ဘယ်လိုမျိုး ဖျက်ဆီးမလဲ။ ပြီးရင်တော့ သယ်လို့မရရင်တော့ ဖျက်ဆီးဆိုတဲ့ စိတ်ဓါတ်က လူတိုင်းလူတိုင်းရဲ့ စစ်သားတွေရဲ့ခေါင်းထဲမှာ ဝင်လာဖို့အတွက် ပံ့ပိုးပေးနေတဲ့ မသိမသာနဲ့ ပံ့ပိုးပေးနေတဲ့ အပြစ်ရှိတဲ့လူက အပြစ်ကကင်းလွတ်တဲ့စနစ်ရဲ့ ရလဒ်ကြောင့်ပဲဆိုတာကို ပြောချင်ပါတယ်။

မေး ။ ။ လူ့အခွင့်အရေး ဝန်ကြီးဌာနအနေနဲ့ကတပိုင်း။ အဲဒီလိုမျိုး ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်တဲ့အခါမှာ အခုဆိုရင် ဒီပဲယင်းမှာ ဖြစ်သွားတဲ့ မဲအိုးကျေးရွာမှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် ဒေသခံတွေရဲ့ ပြောပြချက်အရဆိုရင် NUG ကို ထောက်ခံလို့ NUG နဲ့ ပတ်သက်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်သွားတယ်။ အခုအချိန်အထိလည်း ဖမ်းဆီးထားဆဲ၊ ဖမ်းဆီးခံထားရတဲ့ လူတွေလည်း အခုအချိန်ထိ ပျောက်ဆုံးနေဆဲဆိုတဲ့ အနေအထားတွေလည်း ရှိနေတဲ့အခါကြတော့ အဲဒီမှာ NUG ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒေသမှာရှိတဲ့ လူတွေရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးနိုင်ခြေ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အဲဒီနေရာမှာတော့ တချို့ဒေသတွေက NUG ထောက်ခံမှုမပြောနဲ့ အဲဒီနေရာမှာ တိုက်ပွဲလည်း တခါမှ မဖြစ်ဘူးတဲ့ နေရာမျိုးတွေ။ NUG ဆိုတာ ဘာလဲမသိဘူး။ အဓိက စစ်တပ်လာရင်၊ စစ်သားလာရင် ပြေးရမယ်ဆိုတဲ့ သာမန်အရပ်သားတွေပါ။ သူတို့စိတ်ထဲမှာ စစ်တပ်ကို မုန်း‌ကောင်းမုန်းလိမ့်မယ်။ ဒါပေမဲ့ NUG ကို ထောက်ခံပါတယ်ဆိုတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူတွေတောင် မရှိတဲ့နေရာမျိုး။ အဲဒီတော့ NUG ကို ထောက်ခံလို့ လုပ်ဆောင်ပါတယ်ဆိုတဲ့အချက်က အချို့နေရာမှာ မှန်ကောင်းမှန်ပေမဲ့ နေရာတိုင်းမှာတော့ မမှန်ပါဘူး။ အဓိကတော့ ပြည်သူလူထုဆိုရင် လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ စိတ်ဓါတ်ရဲ့ တွန်းအားချက်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုနပြောသလို ဒေသကာကွယ်ရေးတွေကို အဲဒီဒေသတွေမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တတ်နိုင်သရွေ့ လုပ်ဆောင်တယ်။ သတင်းတွေကို ကြိုတင်ပြီးပေးတယ်။ နောက်တခါ ဒါမျိုးကိစ္စမှာ ရှောင်တာအကောင်းဆုံးပဲ။ ဒါပေမဲ့ တချို့လူတွေအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကို သိပ်ပြီးတော့ မယုံကြည်ကြဘူး။ ငါတို့က ဘာမှမဟုတ်တာ၊ ငါတို့က ဘယ်ဘက်မှ မပါတာ။ ငါတို့ကို ဘာမှမလုပ်ပါဘူးစိတ်နဲ့ တချို့က နေတဲ့ကိစ္စမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အဖြူအနီအပြာ ဘာမှသိတာ မဟုတ်ဘူး။ အကုန်လုံးကို သတ်ဖြတ်မယ်ဆိုတဲ့ စိတ်ထားရှိတယ်။ လူမဆန်တဲ့ စိတ်ထားရှိတဲ့လူတွေ ဖြစ်တယ်ဆိုတာကို သိဖို့အတွက် ဒါမျိုးကို ရှောင်ဖို့အတွက် ကျနော် အမြဲတမ်းပြောပါတယ်။

နောက်တခုက လေကြောင်းရန်ပါ။ လေကြောင်းရန်ကတော့ ပိုပြီဆိုးတာပေါ့။ စစ်ပွဲတွေ အချိန်မရွေး တိုက်ခိုက်မှုတွေ အချိန်မရွေး ဖြစ်နိုင်တဲ့ နေရာမျိုးမှာ လုံခြုံစိတ်ချရနိုင်တဲ့ အဓိကတော့ ပျက်ဆီးဆုံးရှုံးမှု နည်းသမျှနည်းအောင် ဘယ်လိုနည်းနဲ့ ရှောင်ကြမလဲ။ ဘယ်လိုနည်းနဲ့ ဒါကို ရင်ဆိုင်ကြမလဲဆိုတဲ့ ဘေးကင်းမှုအန္တရာယ်ကိစ္စတွေ ဒါတွေကို သတင်းတွေ ဖြန့်ဝေပါတယ်။ နောက်တခါ စစ်ကြောင်းလာတဲ့အခါမှာ လေယာဉ်ပျံလာတယ်။ စစ်ကြောင်းထိုးတယ်ဆိုရင် ဒါတွေကို ကြိုတင်ပြီးတော့ ပြည်သူတွေကို အသိပေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ လျှပ်တပြတ်ဝင်တဲ့ကိစ္စမျိုး အချို့လုံခြုံရေးအရ ပေါ့ဆတဲ့အခါ ဖြစ်သွားတာတွေ ရှိပါတယ်။

မေး ။ ။ အခုလို စစ်ကိုင်းတိုင်းမှာဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေမှာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မှတ်တမ်းတင်တာမျိုးတွေ - မြန်မာနိုင်ငံအတွင်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နောက် ရိုဟင်ဂျာတွေကိစ္စမှာလည်း လူ့အခွင့်အရေးဝန်ကြီးဌာနအဖွဲ့က မှတ်တမ်းပြုစုနေတာတွေလည်း ရှိတယ်ဆိုတဲ့အခါကြတော့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြုစုနေတဲ့ အပိုင်း ထိရောက်မှု အဲဒီအခြေအနေက ဘယ်လိုရှိသလဲရှင့်။

ဖြေ ။ ။ ထိရောက်မှု ဖြစ်လာဖို့အတွက်ကတော့ သက်သေအထောက်အထားက အဓိက အရေးကြီးတာပေါ့။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်ဖို့အတွက် တိကျတဲ့သတင်းတွေကို စုဆောင်းမှု ရှိလာပါတယ်။ ဒါတွေက စနစ်တကျနဲ့ စုဆောင်းတာ ဖြစ်ပါတယ်။ အဲဒီတော့ ထိရောက်အောင် ဘာလုပ်နိုင်သလဲ။ ပထမဦးဆုံးကတော့ တရားရေး၊ တရားဥပဒေက အရေးယူဖို့အတွက် လမ်းကြောင်းတွေ ရှိတယ်။ ဖြတ်သန်းရမှာကြာတယ်။ ဒါပေမဲ့ အဲဒီအတွက်လည်း ကျနော် မျှော်မှန်းပါတယ်။ အရေးကြီးတာက ဒီလောက်ထိ ရက်စက်ယုတ်မာစွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတွေအရ သူတို့ဆက်ပြီး အာဏာမရှင်သန်နိုင်အောင် စီးပွားရေးပိတ်စို့မှုတွေ၊ လက်နက်တွေနဲ့ ပြည်သူတွေကို မသတ်နိုင်ဖို့အတွက် လက်နက်တင်ပို့ရောင်းချမှုတွေ ဒါတွေလုပ်ဆောင်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဒီနေရာမှာ အသင့်အတင့် အောင်မြင်လာနေပါပြီ။ နိုင်ငံတွေရဲ့ စီးပွားရေးပိတ်စို့မှု၊ တချိန်တည်းမှာ လက်နက်တင်ပို့ရောင်းချမှု၊ လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေအထိ တောင်းဆိုတဲ့အရာတွေ ရှိလာတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းဆိုတဲ့ အားလုံးဆိုတဲ့အဆင့်တော့ မရောက်သေးပါဘူး။ ဒါကိုဆက်ပြီးတော့ ကြိုးပမ်းရမှာ ရှိပါတယ်။ နောက်တခုက အရေးယူဆောင်ရွက်မှုအပိုင်းပါ။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့အတွက် အခုနပြောတဲ့ နိုင်ငံတကာမှာရှိတဲ့ တရားရုံးမှန်သမျှ ရာဇဝတ်မှုအရ အရေးယူနိုင်မယ့် တရားရုံးမှန်သမျှကို လမ်းကြောင်းတွေဖောက်ထားတယ်။ အချက်အလက်တွေ ပေးပို့ထားတယ်။ အဲဒီတော့ တချို့နေရာမှာ ကျနော်တို့နိုင်ငံအနေနဲ့ တင်ပြဖို့အတွက် လမ်းကြောင်းတွေထဲမှာ အခက်အခဲတွေ ရှိတယ်။ ကျနော်တို့ စာချုပ်တွေကို လက်မှတ်မထိုးထားတဲ့ကိစ္စတွေ၊ လက်ရှိအခြေအနေမှာ ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ အခက်အခဲတွေ ရှိတယ်။ တချို့နေရာတွေမှာ ခက်ခဲပေမဲ့ အရေးယူဆောင်ရွက်မှုပိုင်း လုပ်ရမယ်ဆိုတဲ့ ကြေညာချက်တွေ ထွက်လာပါပြီ။ ဒါပေမဲ့ ဒီထက်ပိုပြီးထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေတော့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရအုံးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG