သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် နဲ့ စီးပွားရေး ပိတ်ဆို့မှု


စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်
စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာအစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်ဘဏ် (၃) ခုနဲ့၊ သစ်လုပ်ငန်း၊ ကျောက်မျက်စတဲ့ အစိုးရလုပ်ငန်း (၇) ခုအပေါ်မှာ အမေရိကန်အစိုးရရဲ့ ပိတ်စို့မှုတွေ ဖြေလျှော့ပေးလိုက်တာက လိုအပ်ချက်တွေကို တွက်ဆပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရာရောက်တဲ့အကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက် သုံးသပ်လိုက်ပါတယ်။ ပစ်မှတ်ထား အရေးယူပိတ်စို့ထားတဲ့ စာရင်းထဲမှာ ကုမ္ပဏီအချိုု့ကို ထပ်မံဖြည့်စွက်လိုက်တာဟာလဲ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်အတွက် ဖိအားဖြစ်စေတယ်လို့ ပြောပါတယ်။ ဒေါက်တာအောင်ထွန်းသက် ကို VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာ။ ကျမတို့ VOA အမေရိကန်အသံကို ဆရာအိမ်ကိုလာခွင့်ပေးပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဦးအောင်ထွန်းသက် ။ ။ မင်္ဂလာပါ။ ဆရာလည်း ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အမေရိကန်ပြည်ထောင်စုက စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒီမိုကရေစီရေး တွန်းအားပေးဖို့ဆိုပြီးတော့ အရေးယူပိတ်စို့ပြီးတော့ တားဆီးပိတ်စို့မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရသစ်ပြောင်းလာတဲ့အခါမှာ ဒီတားဆီးပိတ်စို့မှုတွေကို ဖြေလျှော့ပေးတယ်။ ဖြေလျှော့ပေးတာနဲ့တပြိုင်ထဲ ထပ်တိုးတဲ့ တားဆီးပိတ်စို့မှုတွေလည်း ရှိပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီကို ဆရာ ဘယ်လိုသုံးသပ်လို့ ရပါသလဲရှင့်။

ဦးအောင်ထွန်းသက် ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ စဉ်းစားရင် တကယ်တမ်းတော့ Political Economy နိုင်ငံရေးဘောဂဗေဒ ရှုထောင့်ကကြည့်မှရမယ်။ Sanction လို့ ပြောတဲ့အခါမှာ လူတွေကတော့ ပိတ်စို့မှုလို့ စဉ်းစားတာပေါ့။ တကယ်သုံးသပ်လိုက်ရင်တော့ Sanction က နှစ်မျိုး - Political Sanction နဲ့ Economic Sanction - အဲဒီတော့ နိုင်ငံရေး ဖိအားပေးရုံ နဲ့ မလုံလောက်ဘူး။ ဒါကြောင့်မို့ သူတို့ရဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်တဲ့ အနေနဲ့ တဖက်က နိုင်ငံရေးဖိအားပေးသလို၊ ပိုပြီးထိရောက်အောင်ဆိုပြီး စီးပွားရေးဖိအားပေးတာ။ အဲဒီတော့ ဗမာနိုင်ငံအနေနဲ့ ကြည့်လို့ရှိရင် Sanction နောက်ပိုင်း ကိုယ့်နိုင်ငံရဲ့ အနေအထားကိုကြည့်ပြီးတော့ သူတို့ အမေရိကန်အစိုးရအဆက်ဆက်က Both political and economic sanctions နှစ်ခုစလုံး တွဲလုပ်တာ။ လုပ်လိုက်တဲ့အခါကြတော့ အခု ဒီဖက်ပိုင်း ၂၀၁၀ က စပြီး၊ တဖြည်းဖြည်း ဖြေလျှော့မှုတွေ စလာတယ်။ ၂၀၁၀ မှာ စတယ်။ ဒါက အရင်အစိုးရ။ စစ်အစိုးရ နဝတ၊ နအဖ ရှိတဲ့အချိန်မှာ အထွေထွေရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရကစပြီး Sanction တွေ နည်းနည်းလျှော့လာတယ်။ အဲဒီလို လျှော့လာလို့ပဲ ဒီဖက် ပြည်သူ့အစိုးရလို့ခေါ်တဲ့ ဒီလက်ထက်မှာတော့ သူတို့ မေမှာ Review လုပ်လိုက်တဲ့ပေါ် မူတည်ပြီးတော့ သူတို့ အရင်တုန်းက ဖြေလျှော့ထားတာထက် ပိုပြီးတိုးလာတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက သူတို့ ညှိကြည့်တယ်ထင်တယ်။ တဖက်က တွန်းအားပေးသလို၊ တဖက်ကလည်း လျှော့တယ်။ လျှော့တာရှိသလို၊ တိုးတာလည်းရှိတယ်။ သူတို့အနေနဲ့ Burma Policy Instrument - နိုင်ငံရေးလက်နက်တခု - Extreme ဆိုတာထက် အခုတက်လာတဲ့ အစိုးရကို အားပေးချင်တယ်။ အဲဒီလို အားပေးတဲ့အခါ အခု မပြီးပြတ်သေးတဲ့ ပြောင်းလဲမှုတွေက ရှိနေသေးတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျန်နေသေးတဲ့ ခရိုနီတွေအတွက် …

ဦးအောင်ထွန်းသက် ။ ။ အဲဒီအတွက်ကိုလည်း သူတို့ တဖက်က ရှု့တယ်။ တခုတော့ရှိတယ်။ Sanction လို့ ပြောတဲ့အခါမှာ လူတွေက Sanction နဲ့ ခရိုနီ ကို တွဲထားတာရှိတယ် - Individuals - တဦးချင်း။ နိုင်ငံလည်းပါတယ်။ ပုံစံတမျိုးနဲ့ ဖိအားပေးတာ။ ခရိုနီတွေအပြင်ကို၊ တဦးချင်းအပြင်ကို ကုမ္ပဏီလည်း ပါတာပေါ့။ ဒီမှာ ထူးထူးခြားခြား အရင်တုန်းက သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေ လျှော့ပြစ်လိုက်တယ်။ နိုင်ငံပိုင် ဘဏ်တွေ လျှော့ချလိုက်တယ်။ ချမှတ်လိုက်တဲ့ သူ့ရဲ့ပေါ်လစီကို ကြည့်ရတာက တဖက်က တော်တော်လေးလျှော့ပေးလိုက်ပေမယ့် တဖက်ကလည်း ပြန်တင်းပြန်တယ်။ ဆရာထင်တယ် သူ Balance လုပ်တယ်ထင်တယ်။ အဲဒါကို သုံးသပ်ကြည့်ရင်တော့ ဒါက ဒီထက်ပိုပြီး အရှိန်ပြုပြင်ပြောင်းလဲမှု Reform ပေါ်မှာ ပိုပြီးထဲထဲဝင်ဝင်ဖြစ်ဖို့ နက်နက်နဲနဲရှိဖို့ ဦးတည်ချက်တခုရှိဖို့။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်စို့မှုတွေ ဖြေလျှော့လိုက်တဲ့အခါမှာ ဘယ်လိုမျိုး တိုးတက်မှုတွေ ရှိလာနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဘဏ်တွေဆိုတာ အင်မတန်မှ နည်းပညာပိုင်းရ အင်မတန်မှ နောက်ကျပါတယ်။ တခြားဘဏ်တွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ကြီးကို နောက်ကျနေပါတယ်။ မူကြိုနဲ့ PhD အဆင့်လောက် ဖြစ်နေပါတယ်။ ဆရာ့အနေနဲ့ မြန်မာနိုင်ငံဘဏ်တွေကို တားဆီးပိတ်စို့မှုတွေ ဖြေလျှော့လိုက်တဲ့အတွက် ဘယ်လိုသုံးသပ်လို့ ရပါလဲရှင့်။

ဦးအောင်ထွန်းသက် ။ ။ တခုကြည့်ဖို့လိုတာက နိုင်ငံတော်ဘဏ်တွေကို Sanction ဖြေလျှော့လိုက်တယ်လို့ပြောတော့ Sanction regime မှာ သတိထားကြည့်တာ အထိရောက်ဆုံးတခုက ဘဏ္ဍာရေးနဲ့ ပတ်သက်တယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်တော့ တခုခုရှိတာ ဘဏ္ဍာရေးပတ်သက်တဲ့အခါကြတော့ ငွေသွင်းငွေပို့၊ သွင်းကုန်ထုတ်ကုန်သမားတွေမှာ အမေရိကန်မှာရှိတဲ့ ငွေအကြီးကြီးတွေနဲ့ International Banks ကြီးတွေမှာ သူတို့နဲ့ ထိတွေ့တဲ့အခါမှာ လုပ်ရကိုင်ရခက်တယ်။ Sanction ကြောင့်။ အဲဒီတော့ ဗမာကုမ္ပဏီတွေ ဘာလုပ်ရလဲဆိုတော့ စင်္ကာပူကတဆင့် သွားရတယ်။ Transition costs တွေ များတာပေါ့။ မလိုဘဲနဲ့ စင်္ကာပူကို ပေးနေရတာပေါ့။ အဲဒီတော့ အခုလို ဖြေလျှော့ပေးလိုက်တဲ့အတွက် သူများဆီကတဆင့် သွားစရာမလိုဘဲ၊ ကိုယ့်ကိုတိုက်ရိုက် ဆက်ဆံနိုင်တယ်။ နောက်တချက်က နိုင်ငံတော်အစိုးရသစ် တိုးတက်ပြောင်းလဲမှုအတွက် ဖွံ့ဖြိုးမှုက Injection of foreign capital လိုတယ်။ Foreign capital မရှိလို့ မဖြစ်ဘူး။ ကိုယ့်မှာရှိတဲ့ Domestic savings ဗမာပြည်မှာရှိတဲ့ ပြည်တွင်းစုဆောင်းမှုပမာဏဟာ လိုသလောက် အတိုင်းအတာ မရှိဘူး။ အဲဒီတော့ Foreign Injection လိုတဲ့အခါ Sanction ဖြေလျှော့တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တာက Sanction ရှိတဲ့နိုင်ငံကို Invest လုပ်မယ့်လူက တော်တော်ရှားတယ်။ ကိုယ့်ကိုယ်ကိုပဲ စဉ်းစား။ ဒီနိုင်ငံကို Sanction လုပ်ထားတဲ့နိုင်ငံကို ကိုယ်ကအရဲစွန်ပြီး ရင်းနှီးမှုဆိုတာ တော်တော်ကြီးကို ခဲယဉ်းတယ်။ Sanction တွေ ဖြေလျှော့လိုက်တယ်ဆိုရင် တော်တော်လေး အဆင်ပြေမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်ကပဲ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါတယ်။ တိုက်ဆိုင်တာကလဲ US က Sanction ဖြေလျှော့တာနဲ့ ထပ်ပြီးတော့ တိုးတဲ့ဟာလေးနဲ့ တိုက်ဆိုင်ပြီးတော့ သူပြောတာကတော့ Sanction က မြန်မာပြည်ကို မထိခိုက်ပါဘူး။ အကြောင်းတခုခုကြောင့်သာ ဒီလိုမျိုး Sanction လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အချိန်တန်လို့ရှိရင် သူ့ဘာသာ ဖြေလျှော့သွားမယ်လို့ သူက ပြောပါတယ်။ သူက အရင်တုန်းကတော့ မြန်မာနိုင်ငံအပေါ်မှာ Sanction ထားဖို့၊ မလျှော့ဖို့အတွက် တွန်းအားပေးခဲ့တဲ့ တယောက်အဖြစ်နဲ့လည်း လူတွေ သိခဲ့တာပေါ့။ ဆရာ ဘယ်လိုများ သုံးသပ်လို့ရပါလဲ။

ဦးအောင်ထွန်းသက် ။ ။ သူ့အဆိုကတော့ ယုတ္တိရှိတာပဲ။ အရင်တုန်းက Sanction ကို အားပေးခဲ့ပေးခဲ့တာကလဲ အခုန Sanction ကြောင့် မဟုတ်ဘူး။ လိုချင်တဲ့ ပြောင်းလဲမှုရဖို့။ အဲဒီတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက ဒီလိုပဲ Sanction တွေ Impose လုပ်ပြီးတော့ Sanction သတ်မှတ်ပြီးတော့ အဲဒီ ပြည်တွင်းမှာရှိတဲ့ အခြေအနေကို ပြောင်းအောင်လုပ်တယ်။ အဲဒီတော့ အခု သူပြောသလိုပဲ အချိန်တန်ရင် ပြီသွားလိမ့်မယ်။ သိပ်ပြီးစိုးရိမ်စရာလဲ မရှိဘူး။ ဒီ message က တော်တော်အရေးပါတဲ့ message ထင်တယ်။ မဟုတ်ရင် တထိတ်တလန့်နဲ့ လူတွေကလည်း ဟိုပြောဒီပြောနဲ့ ဂဃဏန ဒီနေရာမှာ ဒါလေးတော့ ဖြစ်စေချင်တာပေါ့ - အခြေအနေတခု၊ အပြောင်းအလဲတခုကို ကြည့်တဲ့အခါမှာ အပေါ်ယံလျှပ်ပြီး ကြည့်တာမျိုး ၊ သုံးသပ်တာမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို ထဲထဲဝင်ဝင် - သူပြောတာက အဓိပ္ပါယ်ရှိတယ်။ ဒါ သိပ်မထိခိုက်ခဲ့ဘူး။ ဆရာကတော့ အမြဲအကောင်းဖက်ကကြည့်တော့ Sanction Regime ရှိခဲ့တာကို စီးပွားရေးလုပ်ငန်းကို လုပ်တဲ့ပုံစံ။ ကိုယ်ကိုယ်တိုင်လည်း ဒါကို ကြိုးစားနေတာ။ စီးပွားရေးလုပ်တဲ့ ပုံစံသည် ကိုယ့်နိုင်ငံမှာ အဆိုးဆုံးပြဿနာက သံယဇာတပစ္စည်း ကြွယ်ဝချမ်းသာတဲ့နိုင်ငံကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီး ဖြစ်ခဲ့တယ်။ အခုအခါမှာ Sanction ဖြေလျှော့လိုက်တဲ့အခါမှာ အရင်အတိုင်း မျက်စိမိတ်ပြီး လုပ်လို့မရတော့ဘူး။ ဆရာတို့ခေါ်တဲ့ Responsible Investment တာဝန်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း တော်တော်လေး OECD လက်တွဲပြီး လုပ်ခဲ့တော့ Responsible Investment က အဓိက။ အဲဒီတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ပုံစံမဟုတ်ဘဲ။ အခုတော့ တချို့ကပြောတာ Impact Investment စီးပွားရေးအနေနဲ့သုံးတော့ ကိုယ်လုပ်တဲ့ Investment ကြောင့် Negative Impact မရှိအောင်လုပ်မယ်။ လုပ်လို့ရပါတယ်။ ဒါကို Investment ကို ဒီဖက်မှာ UN ကလည်း အကူအညီတွေ ပေးနေတဲ့အခါကြတော့ ကိုယ်တို့နဲ့ ဒါနဲ့တွဲပြီး လုပ်နေတဲ့အခါကြတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ Sanction က တနေ့ကျရင် Sanction ရှိခဲ့တယ်ဆိုတာတောင် သတိရမှာ မဟုတ်ဘူး။ Sanction အနေနဲ့ အဲဒီတော့ စဉ်းစားဖို့က ပြီးခဲ့တဲ့ Sanction Regime ကို Lesson Learn အမြဲတမ်း ကျောင်းဆရာ ဖြစ်တာမို့ အရာရာ အားလုံးကို သင်ခန်းစာယူဖို့ကောင်းတယ်။ Sanction ရှိခဲ့တုန်းက လူတွေ နစ်နာခဲ့တယ်။ အပြစ်ရှိတယ်လို့ ပြောတဲ့လူတွေ နစ်နာခဲ့တယ်ဆိုရင် ဒီ Sanction က အောင်မြင်တာပေါ့။ အဲဒီတော့ အရေးကြီးတာက သူတို့က US Foreign Policy – Foreign Policy တောင် မဟုတ်ဘူး။ State Policy ပါ။ နိုင်ငံခြားရေးတင်မကဘူး၊ နိုင်ငံရေး၊ စီးပွားရေး အားလုံးပါနေတော့ - အခုလို Sanction ဖြေလျှော့တာ - ဆရာထင်တာက နိုင်ငံတော်အစိုးရသစ်ကို အားပေးဖို့တော့ လိုတယ်။ အစိုးရသစ်ကို ယုံကြည်တယ်။ အစိုးရသစ်ပေါ်မှာ စိတ်ချတယ်ဆိုရင် ဒီ Sanction တွေ ဖြေလိုက်ရင် အစိုးရတင်မက နိုင်ငံမှာရှိတဲ့ နည်းနည်းလေး လုပ်ခွင့်ပိုရှိလာမယ်။ အဲဒါကြောင့် သူတို့ အဲဒီလို လုပ်တယ်လို့ အောက်မေ့ပါတယ်။ ဒါကြောင့်မို့ မျှော်လင့်တာပေါ့။ (၅) နှစ်အတွင်းမှာ တဖြည်းဖြည်း အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကိုယ်လိုချင်တာတွေ ကျန်သေးတာတွေ၊ မပြီးပြတ်သေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပေးနိုင်သလို၊ သူတို့လည်း ချိန်ပြီးတော့ လုပ်မှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးအောင်ထွန်းသက် ။ ။ ဆရာလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG