သုံးရလွယ်ကူစေသည့် Link များ

ဘိုးမင်းခေါင် ခြေရာကောက်သူ


မြန်မာမှုပညာဆရာ ဦးဝင်းထွဋ်ကျော်
မြန်မာမှုပညာဆရာ ဦးဝင်းထွဋ်ကျော်
ဘိုးမင်းခေါင် ခြေရာကောက်သူ
please wait

No media source currently available

0:00 0:11:36 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံရေး၊ စီးပွားရေးဘက်ကို အာရုံစိုက်မှုများနေတဲ့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု ပျောက်ကွယ်နိုင်တဲ့ လက္ခဏာတွေ တွေ့မြင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ရန်ကုန်မြို့က မြန်မာမှုပညာဆရာ ဦးဝင်းထွဋ်ကျော် က ပြောဆိုလိုက်ပါတယ်။ ဦးဝင်းထွဋ်ကျော်ဟာ ဘိုးမင်းခေါင်ရဲ့အကြောင်းကို လေ့လာမှတ်တမ်းပြုစုပြီးတော့ အမေရိကန်ပြည်ထောင်စု မြောက်အီလီနွိုင့်စ် တက္ကသိုလ်မှာ စာတမ်းဖတ်ခဲ့သူ မြန်မာပြည်မှာ လာရောက်ပြောပြတဲ့အခါမှာ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲဆိုတာကိုတော့ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဦးဝင်းထွဋ်ကျော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဆရာဦးဝင်းထွဋ်ကျော် အခုလို VOA ကို လာရောက်မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဦးဝင်းထွဋ်ကျော် ။ ။ ဆရာလည်း ကျေးဇူးတင်ပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဆရာက ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်းမှာ မြန်မာမှုပြုရေး ဘာသာရပ်ကို သင်ကြားနေတဲ့ ဆရာတယောက်ပေါ့။ ဆိုတော့ ဆရာ အခု အမေရိကကို ရောက်နေတယ်။ အမေရိကမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ညီလာခံတခုကို တက်ပြီးတော့ စာတမ်းလေး တင်တယ်လို့ ကျနော်တို့ ကြားပါတယ်။ ဆရာက ဘယ်ညီလာခံမျိုးကို တက်ပြီးတော့၊ ဘာစာတမ်းတွေကို တင်ခဲ့တယ်ဆိုတာလေးကို ကျနော်တို့ကို အရင် အကျဉ်းချုံးလေး ပြောပြလို့ရမလား။

ဦးဝင်းထွဋ်ကျော် ။ ။ ဆရာတို့ Illinois ပြည်နယ် Northern Illinois University မှာ Department of Burma Studies ဆိုတာ ရှိတယ်။ မြန်မာနဲ့ဆိုင်တဲ့ ပညာရပ်တွေ လေ့လာတဲ့ဌာနကြီး။ အဲဒီ Burma Studies ဌာနကြီးက (၂) နှစ်တခါမှာ ကွန်ဖရန့် ကျင်းပလေ့ရှိတယ်။ အဲဒီအချိန်ကြတော့ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာပြည်ဆိုင်ရာ သုတေသနပညာရှင်ကြီးတွေအားလုံး စုဝေးရောက်ရှိပြီးတော့ ဆရာတို့ ပညာတွေ ဖလှယ်ကြတယ်။ စာတမ်းတွေ ဖတ်ကြတယ်။ အဲဒါ (၂) နှစ်တခါ လုပ်တယ်။ အဲဒီကို လာပြီးတော့ စာတမ်းလာဖတ်တာပါ။

ဦးဇော်ဝင်းလှိုင် ။ ။ ဆရာဖတ်တဲ့ စာတမ်းကဲ စိတ်ဝင်စားစရာ စာတမ်း ဖြစ်နေတယ်။ သဘောက မြန်မာမှုပြုရေးဆိုတော့ မြန်မာပြည်နဲ့ဆိုင်တဲ့ ကျွမ်းကျင်သူတွေ အများစု တင်ကြတာတော့ လူမှုရေးနဲ့ဆိုင်တာတွေ တင်ကြမယ်။ နိုင်ငံရေးအရတော့ အထူးသဖြင့် အများစုကတော့ ပိုစိတ်ဝင်စားတဲ့ ကိစ္စပေါ့။ မြန်မာနိုင်ငံအကြောင်း ပြောမယ်ဆိုရင် ထိပ်ကနေ ရှိတယ်ဆိုတော့ အဲဒီဟာတွေကို များသောအားဖြင့် အရင့်အရင်နှစ်တွေကလဲ ဒါတွေကို တင်ကြတဲ့လူတွေကများတယ်။ ဦးစားပေးကြတယ်ပေါ့။ ဒါပေမဲ့ ဆရာတင်တဲ့ စာတမ်းဟာ အဘဘိုးမင်းခေါင် အကြောင်းလို့ သိရပါတယ်။ အဘဘိုးမင်းခေါင်အကြောင်းကို စာတမ်းပြုစုတဲ့နေရာမှာ ဘာအကြောင်းတွေများ၊ နိုင်ငံတကာပရိသတ်၊ မြန်မာတွေကြားထဲမှာတော့ အဘဘိုးမင်းခေါင်ဆိုတာကတော့ ငဘယ်လိုဟာမျိုးတွေကို အလေးပေးပြီးတော့ တင်ပြသလဲ စာတမ်းထဲမှာ။

ဦးဝင်းထွဋ်ကျော် ။ ။ ဆရာတို့ ဗမာပြည်ဟာ နိုင်ငံတကာနဲ့ အဆက်အသွယ်တွေ ပြတ်နေခဲ့တာ ကြာခဲ့ပြီ။ နောက်ပြီးတော့ မြန်မာဟာ သီးသီးခြားခြားနဲ့ သူ့ယဉ်ကျေးမှုလေး ရှိတယ်။ ဒါပေမဲ့ ယခုခေတ်မှာ ကြည့်လိုက်တဲ့အခါ မြန်မာအကြောင်းကို စိတ်ဝင်စားတာ အခုနလို နိုင်ငံရေးတွေ စိတ်ဝင်စားတယ်။ စီးပွားရေးတွေ စိတ်ဝင်စားတယ်။ ဒါပေမဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ ယဉ်ကျေးမှု။ အဲဒီ ယဉ်ကျေးမှုကြတော့ ကျော်သွားကြတယ်။ အဲဒီတော့ ဘာဖြစ်နေသလဲဆိုတော့ မြန်မာနိုင်ငံဆိုရင် စစ်တွေဖြစ်နေတယ်။ ဒီမိုကရေစီစနစ်ကြီးက ပြန်လည်ထူထောင်နေတယ်။ ဒါလောက်ပဲ အပေါ်ကနေသိတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအကြောင်း ကျော်.. ကျော်သွားတယ်။ ထိုနည်းတူစွာ ဗမာတွေတောင်မှ ကမ္ဘာရွာကြီး ဖြစ်လာတဲ့အခါကြတော့ ခေတ်မီတဲ့ နည်းပညာတွေ၊ စီးပွားရေးတွေ လိုက်စားပြီးတော့ ဒါတွေကို နေခဲ့တယ်။ ဆရာ့အမြင်က ဘာလဲဆိုတော့ ယဉ်ကျေးမှုကို ပျောက်ကွယ်လာသလို ဖြစ်ဖို့ အရိပ်လက္ခဏာလေးတွေ ဖြစ်လာတယ်။ တကယ်တမ်းဆို ယဉ်ကျေးမှုဆိုတာ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာလည်းဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကမ္ဘာမှာ ဆရာတို့ ဗမာပြည်တပြည်ပဲ ဒါမျိုးတွေ ရှိတယ်။ ဗမာပြည်မှာ (၇၅) ရာခိုင်နှုန်းဆိုသော လူတွေက အဘဘိုးမင်းခေါင် ဆိုတာကို သိတယ်။ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်၊ ရွှေမထီတို့ အများကြီးသိတယ်။ အဲဒီတော့ ဘိုးမင်းခေါင်ရဲ့ သုတေသနကို လုပ်တယ်ဆိုတာ ဗမာပြည်မှာ ဒီနေ့ လူသိအများဆုံး၊ ယုံကြည်သူ အများဆုံးရှိတဲ့ ဝိဇ္ဖာကြီးတဦး။ သူကို အရင်ဆုံး ဆရာတို့က ဖော်ထုတ်တာ။ ဖော်ထုတ်တဲ့အခါကြတော့ ဆရာက မလုပ်ပြီးတော့ ငါတော့ စုံစုံလင်လင် နိုင်ငံခြားသားတွေကိုလည်း တင်ပြမယ်ဆိုပြီးတော့ လုပ်လိုက်တာပေါ့။ လုပ်လိုက်တော့ ကြာပါတယ် နှစ်ကိုတော်တော်ကြာခဲ့ပါတယ်။ ဒါလေးတွေ လုပ်ခဲ့တာ အဲဒီ စေတနာနဲ့ လုပ်ခဲ့တာ။

ဦးဇော်ဝင်းလှိုင် ။ ။ ဗမာပြည်မှာ အဘဘိုးမင်းခေါင်အကြောင်း ပြောရင်တော့ ဆရာ အခုနပြောသလို သိကြတယ်။ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တိုဆိုတာ သိကြတယ်။ ဒါပေမဲ့လဲ သူဟာ ဘာလဲ၊ ဘယ်လို လူမျိုးလဲ။ တကယ် ရှိခဲ့တာလား။ ပါးစပ်ရာဇဝင်လား ဆိုတာက နည်းနည်းစည်းမကွဲဘူး ဖြစ်နေကြတယ်။ လူတွေကြားထဲမှာ။ ဆိုတော့ အဘဘိုးမင်းခေါင် က ဘယ်လိုလူမျိုးဖြစ်သလဲ။ တချို့ဆိုရင် ဘာသာရေးဘက်ကိုတောင်မှ သူတို့က ရောပြီးတော့ မြင်ကြတာရှိတယ်။ ဘာသာရေးနဲ့ အဘဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့ကို တွဲပြီးတော့ နားလည်ကြတာရှိတော့ သူတို့ကို ဘယ်နေရာမှာ စည်းခြားမလဲ။ အဘဘိုးမင်းခေါင်လို့ပြောရင် သူက ဘာလဲ။ လူပုဂ္ဂိုလ်လား။ စောစောက ဆရာပြောတဲ့ ဝိဇ္ဖာလား။ ဘာသာရေးဘက်လား။ ကျနော်တို့ ဘယ်လို ပြောကြမလဲ။

ဦးဝင်းထွဋ်ကျော် ။ ။ များသောအားဖြင့် လူငယ်ပိုင်းတွေက ဘိုးမင်းခေါင် ကိုးကွယ်တယ်ဆိုတာ အယူသည်းတာပါလို့ တချို့ ယူဆကြတယ်။ တချို့က ဒုက္ခတွေ ဘာတွေရောက်တဲ့အခါကြရင် အားကိုးစရာလေးတခုအနေနဲ့ ဆည်းကပ်ကြတယ်။ ကိုးကွယ်တယ်လို့ ဆရာ မပြောချင်ဘူး။ ဆရာတို့ ဗုဒ္ဓဘာသာမှာ ကိုးကွယ်တယ်ဆိုတာ ရတနာ (၃) ပါးမှလွဲလို့ မရှိဘူး။ အဲဒီအခါကြတော့ ဆရာ ရည်ရွယ်ချက် တစ်က ဘိုးမင်းခေါင်ဆိုတဲ့ ပုဂ္ဂိုလ်က တကယ် ရှိခဲ့တယ်။ တကယ်ရှိခဲ့လို့ ဓါတ်ပုံတွေ ဘာတွေ ရှိတာပေါ့။ ၁၉၅၂ ကြမှ သူဆုံးသွားတယ်။ တနည်းအားဖြင့် ထွက်ရပ်ပေါက်သွားတယ်ပေါ့။ အဲဒီတော့ ဒီအထောက်အထားတွေက ဒီနေ့ ကျန်သေးတယ်။ ကြာလို့ရှိရင် မဒါတွေကို စနစ်တကျ မှတ်တမ်းတင်ဖို့ လိုတယ်။ အဲဒီအခါကြတော့ ဆရာက စာပေတွေမှာတွေ့တဲ့ သူ့အချက်အလက်တွေ၊ နားလည်တက်ကျွမ်းတဲ့ ဆရာတော်ကြီးတွေ၊ လူဂ္ဂိုလ်ကြီးတွေ။ ဘိုးမင်းခေါင်လက်ထက်တုန်းက ဘိုးမင်းခေါင်ကို တွေ့ခဲ့တဲ့လူတွေ၊ ဘိုမင်းခေါင်ဆီမှာ တပည်ခံခဲ့တဲ့လူတွေ၊ ဘိုးမင်းခေါင် သွားပြီးနေတဲ့အိမ်က ပုဂ္ဂိုလ်တွေ အသက် (၇၀-၉၀) လိုက်ပြီးတော့ ရှာပြီးတော့ နှစ်ပေါင်းများစွာကြာတယ်။ အဲဒါတွေကို တွေ့ခဲ့တယ်။ နံပတ်တစ် ဆရာဖြေချင်တာက ဒီပုဂ္ဂိုလ် တကယ်ရှိပါတယ်။ လူအနေနဲ့ဆိုရင် တကယ်ရှိတယ်။ ဒါကြောင့် ဆရာရဲ့ စာတမ်းမှာ သူကို ဝိဇ္ဖာဖြစ်အောင် ကြိုးစားနေတယ့်၊ ချဉ်းကပ်နေတဲ့ လူဂ္ဂိုလ်ဆိုတာကို အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ အချိန်ကာလနဲ့ပါ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပြီး ဖော်ပြထားတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဆရာ စုစုပေါင်း အဘဘိုးမင်းခေါင်အကြောင်း စပြီးစိတ်ဝင်စားပြီးတော့ စာတမ်းပြုစုဖို့ စတင်အကောင်အထည်ဖော်တဲ့အချိန်ကစပြီး စာတမ်းထွက်လာတဲ့အချိန်ထိ ဆရာ အချိန်ဘယ်လောက်လောက် ခန့်မှန်းခြေအားဖြင့် အတိအကျ မဟုတ်တောင် ဘယ်နှစ်နှစ်လောက် ကြာလဲ။

ဦးဝင်းထွဋ်ကျော် ။ ။ (၄) နှစ်လောက် ကြာပါတယ်။ ဒီအတိုင်းလုပ်လို့ မရဘူး။ လေ့လာချက်တခုပေါ်မှာ ထပ်လေ့လာတာမျိုး အင်္ဂလိပ်လိုဆို Study on study မလုပ်ချင်ဘူး။ လက်တွေ့လုပ်ချင်တာ On the ground. လေးနှစ်လောက်ကြာ စာအုပ်တွေဖတ်ပြီး အချက်အလက်တွေ စုနေတာ မဟုတ်ဘူး။ ချဉ်းကပ်ပြီး မေးမြန်းတယ်။ ဆရာတော်ကြီးတွေနဲ့ လူဂ္ဂိုလ်တွေကို မေးမြန်းတဲ့အခါ သူတို့က ပြောတယ်။ ဒကာကြီး ဒီကိစ္စကို လေ့လာမယ်ဆိုရင် ဒါဟာ နာမ်ကိစ္စပါတယ်။ အဲဒီတော့ နာမ်ပိုင်ဆိုင်ရာဆိုတာ နာမ်ပိုင်ဆိုင်ရာနဲ့ပဲ သိတယ်။ တခုကောင်းတာက ဆရာက ဝိပဿနာ၊ ကမ္မထတွေပဲ တသက်လုံး အားထုတ်လာတာ။ မဟာစည်ဆရာတော်၊ မူလမင်းကွန်ဆရာတော်ကြီး ဒုတိယဆရာတော်ကြီးရှေ့မှာ လေ့လာခဲ့တော့ ဒီအားတွေလည်းရှိတယ်။ ဒကာကြီး ခင်များကိုယ်တိုင် ဘိုးမင်းခေါင်ကို ဆက်သွယ်ပြီးတော့ အဘ အကြောင်းကို လေ့လာမယ်ဆိုပြီး အပ်လိုက်ပါ။ လိုက်ကျင့်ကြည့်ပါ။ အဲဒါ Practical ပဲ။ အပြင်လူမဟုတ်ဘူး။ အတွင်းလူ ဖြစ်သွားတယ်။ အတွင်းကနေ လေ့လာတာ။ အဲဒါမျိုးတွေပါ လုပ်ရတာ။

ဦးဇော်ဝင်းလှိုင် ။ ။ အခုခေတ် Fast forward လက်ရှိကာလကို ကြည့်ကြမယ်။ အခုက အင်တာနက်ခေတ်ကြီး ဖြစ်နေတယ်။ နိုင်ငံတကာက ယဉ်ကျေးမှုတွေ၊ တချိန်တုန်းက အနောက်တိုင်း ယဉ်ကျေးမှုလို့ပြောပြီး ဆန့်ကျင်ကန့်ကွက်ခဲ့တယ့် ယဉ်ကျေးမှုတွေဟာ ဘယ်လိုမှ တားဆီးလို့မရတဲ့ အရှိန်နှုန်းနဲ့ ကျနော်တို့ မြန်မာလူငယ်တွေ၊ မြန်မာယဉ်ကျေးမှုထဲကို ထိုးဖောက်ဝင်ရောက်နေတယ်ဆိုတော့ အဘဘိုးမင်းခေါင်အကြောင်းကို ပြောကြပြီဆိုရင် မြန်မာယဉ်ကျေးမှုမှာ သူတို့တွေရဲ့ အနာဂတ်၊ ဝိဇ္ဖာတွေရဲ့ အနာဂတ်၊ မြန်မာ့ယဉ်ကျေးမှု ဘယ်နေရာမှာ ရှိမလဲ။ အခုလက်ရှိ ကမ္ဘာမှုပြုရေး အတိုင်းအတာ စံနှုန်းတွေနဲ့ ရေစီးကြောင်းကြီးနဲ့ ချိန်းကြည့်မယ်ဆိုရင် ကျနော်တို့ ဘယ်လို ရှိနေမလား။

ဦးဝင်းထွဋ်ကျော် ။ ။ ဒီကိစ္စက ကမ္ဘာရွာကြီး ဖြစ်လာတဲ့အခါမှာ ယဉ်ကျေးမှု ရောယှက်လာတာပေါ့။ ရောယှက်လာတဲ့အခါမှာ တဘက်က အားကြီးတဲ့ ယဉ်ကျေးမှုက ကိုယ့်ယဉ်ကျေးမှုကို ဖုံးပြီးပျောက်ကွယ်သွားနိုင်တယ်။ ဆရာတို့ မြန်မာတွေဟာ မြန်မာတွေရဲ့ ဝိသေသလက္ခဏ၊ မြန်မာ့ယဉ်ကျေးမှုရဲ့ တန်းဖိုးဟာ ဘာသာတရားနဲ့ ယုံကြည်မှုမှာ သူဟာ အဓိက အခြေခံပဲ။ ဒါဟာ အသက်ပဲ။ အဲဒီတော့ ဘာသာတရားရဲ့ ယုံကြည်မှုကို ယနေ့ အနာဂတ်လူငယ်တွေဟာ ခေတ်သစ်နည်းပညာတွေက လွှမ်းမိုးပြီးတော့ ဒါတွေကို မသိလိုက်ဘူးဆိုရင် ဒါတွေဟာ ပျောက်ပျက်သွားတော့မှာ။ အဲဒီတော့ ကနေ့မှာ ဘာလဲဆိုတော့ ဆရာတို့ မြန်မာလူမျိုးတွေက ကမ္ဘာကို မျော်ပြီးတော့ ကိုယ့်ကိုယ်ကို မကြည့်ကြဘူး။ အဲဒီ အရိပ်လက္ခဏလေး တွေ့တာပေါ့။ အားလုံးတော့ မဆိုလိုပါဘူး။ ဗမာပြည်မှာ ရှိတဲ့လူတွေကတော့ ဒါကို တန်းဖိုးထားသေးတယ်။ အဘထွက်ပွဲဆိုရင် ကြိတ်ကြိတ်သဲ။ ဒါကို တန်းဖိုးထားသေးတယ်။ အဲဒီတော့ တန်းဖိုးထားဖို့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့လူတွေမှာ လိုလာပြီ။ နောက်တခုက ဆရာတို့လူငယ်တွေ ခေတ်ပညာတတ်တွေက သိပ်မသိတာ ဒါကို သူတို့ စိတ်ဝင်စားတယ်။ ဒီ Northern Illinois University မှာ မြန်မာမူ့လေ့လာရေးဌာနကြီးက ဆရာကို စာတမ်းဖတ်မယ်ဆိုတော့ ဝမ်းသာအားရ ကြိုဆိုတယ်။ ပြီးတော့ သူတို့ရဲ့ ဒါရိုက်တာကြီးတွေကိုယ်တိုင် လာပြီးတော့ မေးတယ်။ ပြီးတော့ သူတို့ရဲ့ ပြတိုက်ကြီးကို ခေါ်သွားတယ်။ လုပ်စမ်းပါ လောကီပညာတွေက ကျနော်တို့ သိပ်မသိဘူးဆိုတော့ သူတို့က တန်းဖိုးထားတယ်။ တန်းဖိုးထားတော့ ဆရာတို့ မြန်မာတွေအနေနဲ့ ဒါကို ထဲထဲဝင်ဝင် စနစ်တကျ ပြောပြနိုင်ဖို့လိုတယ်။ လိုမှ ကိုယ့်ရဲ့တိုင်းပြည်ရဲ့ လူမျိုးရဲ့ ဂုဏ်ရောင်ဟာ မြင့်မယ်။ အဲဒီအပြင် လေ့လာအပ်တဲ့ ပညာရပ်တခုတင် မဟုတ်ဘူး။ အဘဘိုးမင်းခေါင်ကို မြန်မာပြည်သူလူထုတွေကို ဆရာ စကားလက်ဆောင်ပါးချင်တယ်။ သူကို လေ့လာလိုက်တဲ့အခါ ကိုယ့်ရဲ့ကုသိုလ်ပိုင်းဆိုင်ရာ ရရှိနိုင်မယ့် အကျိုးလေးတွေ အများကြီး ရှိပါတယ်။ ရတနာ (၃) ပါးကိုလည်း ဆည်းကပ်။ သူကိုလည်း လေ့လာကြည့်ပါ။ တကယ်ရှိပါတယ်။ ဒါက ဆရာလက်တွေ့။ ထေရဝါဒနဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ နောက်တခုက အံ့သြစရာကောင်းတာ အဘဘိုးမင်းခေါင်က စာတွေ အများကြီး ရေးခဲ့တယ်။ အင်မတန်မှ လှပဆန်းကြယ်တဲ့ ကဗျာကြီးတွေ၊ လင်္ကာကြီးတွေလည်း ရေးခဲ့တယ်။ ဒီထက်ပိုပြီး ကောင်းတာက အဓိပ္ပါယ်တိမ်မြုပ်နေတဲ့ စာပေတွေ ပြုစုတယ်။ အဲဒါ သိပ်ကောင်းတယ်။ ဒါကို လေ့လာတဲ့အခါကြတော့ အဓိပ္ပါယ်ကို ဖော်ထုတ်ရမယ်။ အဓိပ္ပါယ် ဖော်ထုတ်ဖို့က အဓိပ္ပါယ်ဖော်ထုတ်သူရဲ့ ဉာဏ်ကစားလို့ရတယ်။ သူ့ရဲ့ ဗဟုသုတတွေ ကစားလို့ရတယ်။ အဲဒီဟာတွေကြတော့ အဘဘိုးမင်းခေါင်ရဲ့ စာပေကို လေ့လာချက်က ဘယ်မှာမှ မတွေ့အောင် ဖြစ်နေတယ်။ ဗမာစာအုပ်ထဲမှာ နည်းနည်းတော့ ရှိတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ဆရာ ဒီ Northern Illinois University မှာ ဒီစာတမ်းတင်တဲ့အခါကြတော့ ဖြစ်နိုင်ရင် ခပ်တိုတိုလေး ပြောပြပေးပါ။ တက်လာတဲ့ ပရိသတ်တွေထဲက ဆရာ့စာတမ်း အပေါ် တုံ့ပြန်မှုက ဘယ်လိုရှိလဲ။

ဦးဝင်းထွဋ်ကျော် ။ ။ ပြောရလို့ရှိရင် မရောက်သေးဘူး လာနေပြီ။ ရောက်တယ် စာတမ်းမဖတ်သေးဘူး လာနေပြီ။ စာတမ်းဖတ်တယ် အများကြီးလာတယ်။ စာတမ်းဖတ်တယ် တက်တက်ကြွကြွ တကယ်ကို သူတို့ ကြိုဆိုကြတယ်။ ပြီးတော့ ဆက်လုပ်ပါ။ ဝိဇ္ဖာကို သူတို့မသိဘူး။ သူတို့သိတာ ဗုဒ္ဓဘာသာကို သိတယ်။ နတ်ကို သိတယ်။ (၃၇) နတ်တွေကို သိပ်ကြိုက်တယ်။ ဝိဇ္ဖာဆိုတာ ဘာမှန်းတော့ မသိဘူး။ အရမ်းကို စိတ်လည်းဝင်စားကြတယ်။ အားလည်း အားရကြတယ်။ ဒါဟာ ဆရာ လမ်းဖွင့်တဲ့သဘောပေါ့။

ဦးဇော်ဝင်းလှိုင် ။ ။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။

ဦးဝင်းထွဋ်ကျော် ။ ။ ဆရာကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG