သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၄)


ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi
ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ် တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နံှတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ် ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူးဖေါ်ရေး နယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မီတီ တစ်ရပ်လည်း ပေါ် ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိ တက်ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်း ခန်း နောက်ဆုံးအပိုင်း (အပိုင်း - ၄) ကို၊ ဒီ သီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ထုတ်လွှင့်ပေးလိုက်ပါတယ်။

ရော်နီညိမ်း ။ ။ ဝမ်ပေါင်သတ္ထုတူးဖေါ်ရေးကုမ္ပဏီဟာ ကမ္ဘာတဝှမ်းမှာ ရင်းနှီးမြှုပ်နံှလုပ်ကိုင်နေတဲ့ တရုတ် ပြည်ရဲ့ နိုင်ငံတကာအဆင့် ကုမ္ပဏီကြီး ဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာက နှစ်ပေါင်း (၂ဝ)လောက် တရုတ် ပြည်ရဲ့ နိုင်ငံတကာအဆင့်ထက်နိမ့်တဲ့ ဒေသခံအဆင့်/ခရိုင်အဆင့် / ပြည်နယ်အဆင့် စတဲ့ တရုတ်ကုမ္ပဏီ တွေက၊ အများဆုံး လာပြီး စီးပွားရေးလုပ်ကိုင်နေကြတော့၊ မြန်မာလူထုရဲ့ အမြင်မှာ တရုတ်စီးပွားရေးလုပ်ငန်း တွေဟာ သိပ်အမြတ်ထုတ်လွန်းတယ်၊ မြန်မာပြည်ကနေ ရှိသမျှ အကုန်ခွာယူနေတယ်၊ ဘာမှ မကျန်အောင် ကိုပဲ ဆိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေတာကို အခု ကျနော် နှစ် (၂ဝ)ကျော်ကြာပြီးတဲ့နောက်၊ ပြန်ရောက်လာ တဲ့အခါ တွေ့မြင်နေရပါတယ်။ ဝမ်ပေါင်လို နိုင်ငံတကာအဆင့် တရုတ်ကုမ္ပဏီကြီးက ဒီလိုအချိန်မှာမှ ဒီ ကြေးနီ စီမံကိန်းကို မြန်မာပြည်မှာ လာလုပ်မိတာ၊ လွဲမှားတဲ့အချိန် လွဲမှားတဲ့ အဖြစ်အပျက်တွေရှိနေတဲ့ နေရာမှာ လာ ပြီး လုပ်သလို ဖြစ်နေပါသလား။ ဝမ်ပေါင်ဟာ မြန်မာပြည်ထဲက တခြားသော အဆင့်နိမ့် တရုတ်စီးပွားရေးလုပ် ငန်းတွေလို မဟုတ်ဘူး / နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်နေတာပါလို့၊ ခင်ဗျားတို့ မြန်မာလူထုကို ဘယ်လို ပြသမှာပါလဲ။

Geng Yi ။ ။ မြန်မာပြည်သူလူထုရဲ့ ခံစားမှုကို ခင်ဗျားလိုပဲ ကျနော်တို့လည်း နားလည်ပါတယ်။ တချို့ သော ဒီလိုခံစားမှုတွေကို၊ ကျနော်တို့က ဂရုတစိုက်ရှိရပါမယ်။ ဥပမာအားဖြင့် - ဒေသခံလူထုရဲ့ သူတို့ရဲ့ အနာ ဂတ်အတွက် စိုးရိမ်ပူပန်နေကြပါတယ်။ အလုပ်အကိုင်တွေအတွက် ပူပန်နေကြပါတယ်။ ကျနော်တို့ဟာ သတ္ထု တူးဖေါ်ရေးကုမ္ပဏီအနေနဲ့ သတ္ထုတူးဖေါ်ရေးလုပ်ငန်း/ သတ္ထု တူးဖေါ်ရေးစီမံချက်တွေ အပေါ်မှာ အထူးပြုလုပ် ဆောင်ပါတယ်။ ကျနော်တို့ဟာ စီးပွားရေးအရ တွက်ခြေကိုက်ရေးတစ်ခုထဲ မဟုတ်ပဲ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်မပျက်စီးစေရေး၊ လူနေမှုဘဝတွေ အရေးတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒေသခံလူထုတွေက အနာဂတ်အတွက် ပူပန်မယ် / သူတို့ရဲ့ ကလေးတွေရှေ့ရေးကို စိုးရိမ်ကြမယ်။ ကျနော်တို့က အဲဒီလို အားလုံး သော စိုးရိမ်ပူပန်မှုတွေကို နားထောင်ကြရပါမယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးရေး ဒေသခံလူထုတွေနဲ့ တိုင်ပင်ဆွေးနွေးကြရပါမယ်။ ကျနော်တို့ဟာ ဖြေရှင်းမှုတွေ ရရှိလာပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် မထိ ခိုက် မပျက်စီးစေရေးနဲ့ လူနေမှုဘဝတွေ အရေးတွေအတွက် ဖြေရှင်းနိုင်မယ်လို့ ကျနော် အခိုင်အမာ ယုံကြည် နေပါတယ်။ ကျနော်တို့မှာ နည်းပညာရှိတယ်။ အတွေ့အကြုံရှိတယ်၊ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှုလည်းပဲ ရှိ တယ်။ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှုဟာ ဒီကြေးနီစီမံကိန်းတစ်ခုထဲအတွက် မဟုတ်ဘူး။ ဒီဒေသတစ်ခုလုံးနဲ့ ဒေသခံလူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်တယ်။ ဒါတွေဟာ နိုင်ငံတကာရင်းနှီးမြှုပ်နံှမှုရဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ဖြစ်တယ်။ ကျနော်တို့ဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကို လိုက်နာတဲ့ တာ ဝန်သိ ရင်းနှီးမြှုပ်နံှတဲ့ စိတ်ရှည်သည်းခံစွာ အလုပ်လုပ်တဲ့ တရုတ်အစိုးရပိုင် သတ္ထုတူးဖေါ်ရေးကုမ္ပဏီ ဖြစ်ပါ တယ်။ ရှေ့ဆက်ပြီးတော့ ဒေသခံလူထုနဲ့ ကျနော်တို့ အလုပ်လုပ်ရပါမယ်။ တချို့တွေကလည်း သယံဇာတ ကျိန်စာ (Resources Cult) ဆိုတာကို ပြောကြတယ်။

ရော်နီညိမ်း ။ ။ သမ္မတကြီးဦးသိန်းစိန်လည်း ဒီပေါ်မှာ ပူပန်မှုရှိတာကြောင့် သယံဇာတကျိန်စာ ဆိုတဲ့ အသုံး အနှုံးကို ပြောဖူးပါတယ်။

Geng Yi ။ ။ ဘာဖြစ်လို့ သယံဇာတကျိန်စာလို့ ခေါ်ကြသလဲဆိုတော့၊ သယံဇာတပေါကြွယ်ဝလှတဲ့ နိုင်ငံ တွေဟာ၊ ဒါတွေကို ရှာဖွေတယ်/ ထုတ်ယူသုံးစွဲတယ်။ ဒါပေမဲ့ ဒီနိုင်ငံတွေ ပိုပြီးချမ်းသာမလာပဲ နဂိုရှိရင်းစွဲ ထက် ပိုပြီး ဆင်းရဲသွားကြတယ်။ အဲဒါ ကျိန်စာပဲ။ ကျနော်တစ်ဦးထဲအမြင်အရတော့၊ ကျနော်တို့ရဲ့ ကြေးနီစီမံ ကိန်းဟာ ဒီလိုကျိန်စာမျိုးတွေကို တိုက်ဖျက်ပစ်ဖို့ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမယ့် စီမံကိန်းမျိုးပါ။ ဝမ်ပေါင်ကုမ္ပဏီဟာ နှစ်ပေါင်း (၃ဝ)ကြာအောင် သတ္ထုတွင်းစီမံကိန်းတွေ သတ္ထုတူးဖေါ်သုံးစွဲမှုတွေအတွက် အတွေ့အကြုံရှိပါတယ်။ ဒီအတွေ့အကြုံတွေအပေါ် မူတည်ပြီး၊ ဒီဒေသနဲ့ ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ တတ်နိုင်သမျှ ပါဝင်ဖြည့်ဆည်းလုပ်ကိုင်ဆောင်ရွက်သွားမှာပါ။ အခုအခါမှာ ကြေးနီလုပ်ငန်းကြးနီ သတ္ထုတူးဖေါ်ရေးနယ်ပယ်တွေကို ကြည့်လိုက်မယ်ဆိုရင်၊ စက်မှုလုပ်ငန်းနာ်ပယ်မှာ ကြေးနီဟာ အရေးအကြီး ဆုံး သတ္ထုဖြစ်နေပါတယ်။ ဒီကြေးနီသယံဇာတကို အသုံးချခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကြေးနီဟာ လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ၊ ကားတွေ၊ စက်ကိရိယာတွေ၊ ဆောက်လုပ်ရေး ကုန်ကြမ်းတွေမှာ မပါမဖြစ်ပါနေတဲ့ သတ္ထုဖြစ်လာပြီးတော့၊ ဘယ်စက်မှုလုပ်ငန်းနယ်ပယ်မဆို ကြေးနီကို လို အပ်နေပါတယ်။ တချို့နိုင်ငံတွေက သတ္ထုတွင်းလုပ်ငန်းတွေထဲ ကြေးနီကို နံပါတ် (၁) ထားကြပါတယ်။ ကြေးနီကို စက်မှုလုပ် ငန်းတကာတို့ရဲ့ မိခင် အဖြစ် သဘောထားကြပါတယ်။ ကြေးနီဟာ မြေကြီးထဲက ထွက်လာတာကြောင့် မြေကြီးနဲ့ အလုပ်လုပ်ရတဲ့ လယ်ယာစိုက်ပျိုးရေးနယ်ပယ်မှာလည်း ကြေးနီဟာ ပါပါတယ်။ အခုအခါ Cathode Copper လို့ခေါ်တဲ့ နောက်ဆုံးအဆင့် ၉၉% သန့်စင်ပြီး ကြေးနီသန့် လက်ပံတောင်းတောင်ကနေ ထွက်လာ တော့မှာပါ။ သန့်စင်ပြီး ကြေးနီသန့်ကို ထုတ်ကုန်လုပ်ငန်းနယ်ပယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ထည့် သွင်းလုပ်ကိုင်နိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ကော လူတိုင်းအတွက်ကော ပိုမိုကောင်း မွန်တဲ့ အနာဂတ်ကို ဖေါ်ဆောင်ပေးနိုင်မှာပါ။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အစီရင်ခံစာက ဒီစီမံကိန်းကို ဆက်ပြီး လုပ်ကိုင်သင့်တယ်လို့ အားပေးထောက်ခံခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဒီလိုထောက်ခံမှု ဘာကြောင့်ရသလဲ? ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်ကော မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက်ကော အကျိုးဖြစ်ထွန်းစေမယ် ဆိုတာ သူ တွေ့မြင်သွားခဲ့လို့ ဖြစ်ပါလိမ့်မယ်။

ရော်နီညိမ်း ။ ။ ခင်ဗျားတို့ရဲ့ လက်ပံတောင်းကြေးနီစီမံကိန်းအကြောင်း အကျဉ်းချုပ် စာအုပ်ထဲမှာ၊ ဒီလက် ပံတောင်း တောင်ကနေ ကြေးနီသန်းချိန် (၃)သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပြီးတော့ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ် နံှမှုဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၅ဝဝ) လောက်ရှိတယ်လို့လည်း သိရပါတယ်။ ခင်ဗျားတို့ စာအုပ် ထဲမှာ ဖေါ်ပြချက်အရ၊ ထွက်ရှိသမျှကြေးနီတန်ဖိုးရဲ့ ၄% ကို မြန်မာအစိုးရကို ခိုင်ကြေး (royality) အနေနဲ့ ပေးရမယ်။ ပြီးတော့တခါ ၈%ကို မြန်မာအစိုးရကိုပဲ ကုန်သွယ်ခွန် (commercial tax) အနေနဲ့ ပေးရမယ်။ တခါထပ်ပြီးတော့ နောက်ဆုံး ခုနက အခွန်ဆောင်တာတွေ ထုတ်လုပ်မှုစားရိတ်တွေ သဗ္ဗဒနာမ်ပေါင်း ကုန်ကျ စားရိတ် အစုစုကို နှုတ်လိုက်ပြီး အသားတင်ဝင်ငွေထဲကနေ ၁၅% ကိုလည်း၊ မြန်မာအစိုးရကိုပဲ ဝင်ငွေခွန် (income tax) အနေနဲ့ ပေးရမယ်။ အဲဒီတော့တခါ ရင်းနှီးမြှုပ်နံှထားတဲ့ငွေပမာဏ၊ အခွန်မျိုးစုံပေးဆောင်ရတဲ့ ပမာဏ၊ ထုတ်လုပ်မှုစားရိတ် ပမာဏ၊ ဒါတွေအားလုံးက ဝင်ငွေစုစုပေါင်းထဲကနေ နှုတ်ပြီး၊ အသားတင်အမြတ် ကို ခွဲဝေတဲ့အခါမှာ ဦးပိုင်က ၅၁% ရမယ်၊ ဝမ်ပေါင်က ၄၉% ရမယ်လို့ ဆိုထားတယ်။ အမြင်အရ မြန်မာဘက် အကျိုးအမြတ်တွေရဲ့ သုံးပုံနှစ်ပုံရပြီး အများကြီးအသာရနေတယ်။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ က မြန်မာအစိုးရအနေနဲ့ ဒီ့ထက်ပိုပြီး ရသင့်တယ်လို့ ဆိုတယ်။ ဒီတော့ တကယ်တမ်း နိုင်ငံတကာစံသတ်မှတ် ချက်တွေအရ ထွက်ကုန်ခွဲဝေမှုစာချုပ် (Production Sharing Contract) စံအဖြစ် ဘယ်လို အချိုးအစားရှိ ပါ သလဲ။ အမြင်အရ ခင်ဗျားဝမ်ပေါင်က ဒီလောက်ရင်းနှီးပြီး ဒီလောက်ပဲ အမြတ်ရတယ်လို့ ဖြစ်နေတော့၊ အဲဒါ ကိုက နိုင်ငံတကာစံနှုန်းအရ နည်းနည်း နောနောမဟုတ်တဲ့ အကျိုးအမြတ်လား။ အဲဒါကိုက အတော်ကြီးကို ကိုက်နေလို့ လာလုပ်တာလား။ နည်းနည်း ရှင်းပြပေးပါ။

Geng Yi ။ ။ ကျနော်တို့ ဒီကို လာခဲ့တယ်။ ကျနော်တို့ လေ့လာ တယ်။ မျှမျှတတရှိတဲ့ အကျိုးအမြတ်ရရှိ ရေး အတွက် သိပ်ကို ကြီးမားလှတဲ့စွန့်စားမှုကြီးကိုလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်သုံးဆယ်က တရုတ်ပြည်ရဲ့ ပထမဦးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနဲ့ စတင်ခဲ့ တဲ့ သတ္ထုတွင်းစီမံကိန်းတစ်ခု အကြောင်း ပြောပြချင်ပါတယ်။ ဒီစီမံကိန်းအတွက် တရုတ်ပြည်မှာ ငွေအလုံအ လောက် မရှိပါဘူး။ နည်းပညာတို့ စီမံ ခန့် ခွဲမှုပညာတို့ အတွေ့အကြုံတို့လည်း အလုံအလောက်မရှိပါဘူး။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံသတ် မှတ်ချက်တွေ လုပ်ပုံလုပ်နည်းတွေ အတတ်ပညာတွေကို သိရှိနားလည် မှုလည်း မရှိပါဘူး။ ဒီလိုဆိုတော့ ဒီ ပထမဆုံးသောဖွံ့ဖြိုးတက်ရေး စီမံကိန်းကို ကျနော်တို့ ဘယ်လိုလုပ်နိုင်ကြ ပါ့မလဲ ဆိုပြီး ဖြစ်ခဲ့တယ်။ ငွေနဲ့ တကွ ခုနပြောတဲ့ဟာတွေ အကုန်လုံး ရင်းနှီးမြှုပ်နံှဖို့ လိုပါတယ်။ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နံှရေးကို တွန်းအားပေးဖို့လိုပါတယ်။ ဒီ ပြည်ပက ရင်းနှီးမြှုပ်နံှမှုတွန်းအားဟာ၊ ကောင်းမွန်တဲ့ မူဝါဒဆီကနေ လာပါ တယ်။ ကောင်းမွန်တဲ့ မူဝါဒဟာ ပြည်ပက ရင်းနှီးမြှုပ်နံှသူတွေကို မျှမျှတတရှိတဲ့ တချို့သော စီးပွားရေးမက် လုံးတွေကို ပေးရပါတယ်။ အဲဒီကျမှ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားကြမယ်။ လာပြီး ရင်းနှီးမြှုပ်နံှကြ မှာ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ပထမဆုံးသော နိုင်ငံခြားနဲ့ဖက်စပ်လုပ်တဲ့ သတ္ထုတွင်း စီမံကိန်းဟာ ၁၉၈၂ မှာ စခဲ့ပါတယ်။ ရှန်ရှီပြည်နယ်က ကျောက်မီးသွေးတွင်း စီမံကိန်းပါ။ အဲဒီအချိန်က တရုတ်ပြည်ရဲ့ ခေါင်းဆောင် တန်ရှောက်ပိန်ဟာ စီးပွားရေး မူဝါဒတွေကို ရေးဆွဲတဲ့ အဓိကပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူဟာ အမေရိကန် ပြည်ထောင်စုကနေ အလွန်ထင်ရှားတဲ့ စက်မှုလပ်ငန်းရှင်ကြီးတွေထဲကနေ ဒေါက်တာ အာမန်ဟန်းမားဆိုတဲ့ ပုဂ္ဂိုလ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ် (UCLA - University of California Los Angeles) မှာ ဒေါက်တာအာမန်ဟန်းမားပြတိုက် ဆိုတာ ရှိပါတယ်။ ဒီကျောက်မီးသွေးတွင်း စီမံကိန်းက သိပ်ကိုကြီးပါတယ်။ အဲဒီအချိန်က ငွေပမာဏနဲ့ကို အမေရိကန်ဒေါ်လာ သန်းပေါင်း (၃ဝဝ) လောက်ရှိပါတယ်။ နည်းပညာတွေ ကျနော်တို့ကို ပေးနိုင်သမျှ များများပေးဖို့အတွက်၊ တရုတ်အစိုးရကနေ မက်လုံးအများကြီးပေးပြီး ဒီအမေရိကန်ကုမ္ပဏီ လာပြီး ရင်းနှိးမြှုပ်နံှ ဖိတ်ခေါ်ခဲ့တာပါ။

အဲဒီတုံးကလည်း ခေါင်းဆောင်တန်ရှောက်ပိန်ဟာ တိုင်းပြည်ရဲ့သယံဇာတတွေကို ရောင်းစားနေတယ်လို့ စွပ်စွဲမှုတချို့ ရှိခဲ့ပါတယ်။ မစ္စတာတန်ရှောက်ပိန် ပြန်ပြောခဲ့တာက၊ “အခု ဒေါက်တာ ဟန်းမားဆိုတဲ့ ပုဂ္ဂိုလ် တစ် ယောက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၃ဝဝ)နဲ့ တရုတ်ပြည်ကို ရောက်လာခဲ့ပြီ၊ နောက်ထပ် ဒေါက်တာ ဟန်းမားလို ပုဂ္ဂိုလ်မျိုး အယောက် (၁ဝဝ) ရောက်လာခဲ့ရင်၊ တရုတ်ပြည်အတွက် ရင်းနှီးမြှုပ်နံှမှု ဒေါ်လာ ဘီလျံ (၃ဝ) ရလာမယ်၊ ဒါဟာ တရုတ်ပြည် တံခါးဖွင့်ဝါဒရဲ့ အစပဲ ရှိသေးတယ်။ ဒီနိုင်ငံခြားကုမ္ပဏီကို ဒီထက်မက မက်လုံးတွေ ပိုပေးလိုက်ဦး၊ တရုတ်ပြည်အတွက် သိပ်ကို အများကြီးကို တန်နေသေးတယ်” လို့ ပြောခဲ့ပါ တယ်။ တန်ရှောက်ပိန်ပြောခဲ့တာ မှန်လားမမှန်ဘူးလားဆိုတာ (၅) နှစ်လောက်အကြာမှာ သက်သေပြလာပါ တယ်ဒ ဒေါကတ်ဟန်ဒမားရဲ့ အမေရိကန်ကုမ္စဏီကို တရုတ်သတ္ထုတွင်းလုပ်ငန်းမှာ နှစ်(၃ဝ)ကြာ ရင်းနှီးမြှုပ်နံှ လုပ် ကိုင်ခွင့် ပေးလိုက်ပြီး (၅)နှစ်အကြာမှာ၊ တရုတ်ပြည်ရဲ့ သတ္ထုတွင်းလုပ်ငန်းအဆင့်အတန်းဟာ ခေတ်မှီ နည်းပညာ ခေတ်မှီစက်ကိရိယာ အလုပ်သမားတွေရဲ့ကျွမ်းကျင်မှု မန်နေဂျာတွေရဲ့ စီမံခန့်ခွဲမှု စတာတွေမှာ၊ နိုင်ငံတကာ အဆင့်အတန်းနဲ့ ကွာဟနေမှု လျော့ကျသွားခဲ့ပါတယ်။ အခု နှစ်(၃ဝ)အကြာမှာတော့၊ တရုတ်ပြည် ရဲ့ သတ္ထုတွင်းလုပ်ငန်းအဆင့်အတန်းဟာ အနောက်နိုင်ငံတွေနဲ့ ဘာမှ မကွာတော့ပါဘူး။ အခု ဒီကျောက်မီး သွေးတွင်းကို တရုတ်နိုင်ငံသားတွေပဲ စီမံခန့်ခွဲ လည်ပတ်နေပါပြီ။ ဒါဟာ ဘယ်ဖွံ့ဖြိုးဆဲနိုင်ငံအတွက်မဆို စံပြ နမူနာတစ်ခုပဲလို့ ကျနော်ထင်ပါတယ်။

ရော်နီညိမ်း ။ ။ နောက်ဆုံးအနေနဲ့ သိချင်တာက၊ စုံစမ်းစစ်ဆေးရေးကော်မရှင်က နောက်ဆုံး အကြံပြု ထောက်ပြထားတဲ့ ဒီစီမံကိန်းဟာ ဆက်ပြီး လုပ်သင့်တယ်၊ ဒါပေမဲ့ခင်ဗျားတို့နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကြားက ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်ကို ပြန်လည်ပြုပြင်မွမ်းမံရေးဆွဲရေး ဆိုတာကို၊ ဝမ်ပေါင် က ဘယ်လိုလုပ်မှာပါလဲ။

Geng Yi ။ ။ ဒါနဲ့ပတ်သက်ပြီးပြောရရင် နောက်ကြောင်းကိုပါ နည်းနည်းပြောရပါမယ်။ အခု ချုပ်ဆိုထားတဲ့ ထုတ်လုပ်မှုအကျိုးအမြတ်ခွဲရေးကန်ထရိုက်စာချုပ် (Production Sharing Contract – PSC) နဲ့ပတ်သက်ပြီး ပြောရရင်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြ ပါဘူး။ တစ်ကမ္ဘာလုံးက သတ္ထုတူးဖေါ်ရေးနယ်ပယ်မှာ၊ အခု ဝမ်ပေါင် နဲ့ဦးပိုင်တို့ ချုပ်ထားတဲ့ စာချုပ်ဟာ လုပ်လေ့လုပ်ထ အလွန်နည်းတဲ့ စာချုပ်မျိုးပါ။ ဒါကို ဒီစီမံကိန်းကို လာလုပ် ချင်ကြတဲ့ အနောက်နိုင်ငံကုမ္ပဏီတွေ နောက် ဘေးထွက်သွားကြရတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါ တယ်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းမျိုးမဟုတ်တဲ့ အတွက် အနောက်နိုင်ငံကုမ္ပဏီတွေ နားမလည်ကြပါဘူး။ အခုထိကို သူတို့ နားမလည်နိုင်ကြသေးပါဘူး။ သူတို့ကတောင် မြန်မာသတ္ထုတွင်းဝန်ကြီးဌာနကို ဒါကို နိုင်ငံ တကာလုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်ပြင်ဖို့ ပြော ခဲ့ကြပါတယ်။ ဒါကို ကျနော် ဘာလို့ထည့်ပြောရလဲဆိုတော့၊ ဒီလို ကန်ထရိုက်စာချုပ်ဟာ စီးပွားရေးအရ ရင်းနှီး မြှုပ်နံှသူအတွက် သိပ်ကို ကြီးမားလှတဲ့ စွန့်စားမှုကြီးပါ။ စုံစမ်းစစ်ဆေးရေးကော်မရှင်က နောက်ဆုံး အကြံပြု ထာက်ပြထားတဲ့ ဦးပိုင်လီမိတက်နဲ့ ကျနော်တို့ ရဲ့ ကန်ထရိုက်စာချုပ်ကို ပြန်လည်ပြုပြင်မွမ်းမံရေးဆွဲရေး ဆိုတာကို၊ ဆွေးနွေးညှိနှိုင်းရေး အတွက် ကျနော်တို့ မူရင်းစာချုပ်ကို စပြီးလေ့လာ နေပါတယ်။ ကျနော်တို့က အကြံပေးချက်တွေကို နားထောင်မယ်။ တရားဥပဒေ နဲ့အညီ အကျိုးအကြောင်း ညီညွတ်တဲ့ ပြင်ဆင်မှုကို လုပ်မယ်။ စိတ်မပူပါနဲ့။ ကျနော်တို့ ဒါကို စတင်လုပ်ဆောင်ပြီးနေပါပြီ။

ရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် Mr. Geng Yi ခင်ဗျား။
XS
SM
MD
LG