သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရေးမဏ္ဍိုင် ခိုင်မခိုင်


တရားစီရင်ရေးနှင့် ဥပဒေရေးရာ ပြည်သူလွှတ်တော်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မေစိုး
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ပြည်သူလွှတ်တော်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မေစိုး
တရားရေးမဏ္ဍိုင် ခိုင်မခိုင်
please wait

No media source currently available

0:00 0:11:23 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ကဏ္ဍပေါင်းစုံ အသွင်ကူးပြောင်းရေးလုပ်ဆောင်နေချိန်မှာ တရားဥပဒေစိုးမိုးရေးအပိုင်းကဏ္ဍ ပြုပြင်ဆောင်ရွက်မှုတွေ ဘယ်လိုရှိပါလဲ။ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ပြည်သူလွှတ်တော်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်မေစိုး ကို ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလိုမျိုး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခု ဒေါ်မေစုအနေနဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှာ ကော်မတီဝင်တယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီလွှတ်တော်သက်တမ်း (၂) နှစ်ကာလအတွင်းမှာ ဒီဥပဒေပြုရေးမဏ္ဍိုင်တခုအနေနဲ့ ဘယ်လောက်အထိ ကျေနပ်အားရမှု ရှိသလဲ။ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်လည်း ပါဝင်ခဲ့ပြီဆိုတော့။

ဒေါ်မေစိုး ။ ။ ဥပေဒတွေကတော့ (၉၀) နီးပါးလောက် ပြီးသွားပြီ။ အဲဒီအထဲမှာ ကျမတို့ ကျေနပ်တဲ့ ဥပဒေတွေလည်းရှိသလို၊ သိပ်ကျေနပ်အားရမှု မရှိဘဲနဲ့ ကမန်းကတမ်းနဲ့ လွှတ်လိုက်ရတဲ့ ဥပဒေတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့လဲ တခါတလေကြတော့ ဥပဒေကြမ်းမှာ သွားပြီးတော့ သေသေချာချာ ထဲထဲဝင်ဝင် လုပ်ရခဲ့တဲ့ အမှုတွေလည်းရှိသလို၊ ထဲထဲဝင်ဝင် မပါဘဲနဲ့ ဖတ်ရုံဖတ်ပြီးမှ ကျမတို့ အချိန်မရလို့၊ လွှတ်တော်ကနေ ဆုံးဖြတ်လိုက်ရတဲ့ ဥပဒေတွေလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်သူလူထုအတွက် တကယ်ပဲ အကျိုးပြုခဲ့တဲ့ ဥပဒေတရပ်ကို ထူးထူးခြားခြား ဥပမာဆိုပါတော့ ဧည့်စာရင်းတိုင်တဲ့ ကိစ္စတို့ဘာတို့ပေါ့ - အဲဒီကိစ္စတွေက ပြည်သူလူထုကို တကယ်အကျိုးပြုခဲ့တဲ့ ဥပဒေတွေထဲက ဥပမာလေး တခုလောက် ပြောပြပေးပါလားရှင့်။

ဒေါ်မေစိုး ။ ။ ဧည့်စာရင်းဖျက်သိမ်းတာနဲ့ ပတ်သက်လို့ ဥပဒေကြမ်းမှာလည်း ကိုယ်တိုင်သွားရောက်ပြီးတော့ သေသေချာချာ ကျမတို့ ပါဝင်ခဲ့ပါတယ်။ အဲဒါလေးနဲ့ ပတ်သက်လို့လည်း ပြည်သူတွေ ကျေနပ်အားရမှု ရှိတယ်။ ငြိမ်စုစီတို့ ကျမတို့ ဒါနဲ့လဲ ပတ်သက်လို့လည်း ကျေနပ်အားရမှုလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါပေမဲ့ ငြိမ်စုစီနဲ့ ပတ်သက်လို့ကလည်း နည်းနည်းလေး Controversal ဖြစ်တာပေါ့။ အငြင်းပွားဖွယ်လေး ဖြစ်တာပေါ့။ အဲဒီတော့ ငြိမ်စုစီနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၊ အမျိုးသားဒီမိုကရေစီ အများစုဖြစ်နေတဲ့ လွှတ်တော်ကနေ ငြိမ်စုစီဥပဒေ ပြဌာန်းခဲ့တာကို တချို့ တော်တော်လေး ဘဝင်မကျကြဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်ပါလဲရှင့်။

ဒေါ်မေစိုး ။ ။ ဒါကတော့ ဒီအတိုင်းဆန္ဒပြတယ်ဆိုတာ ရှိသင့်ပါတယ် - လွတ်လွတ်လပ်လပ် ပြောတဲ့ဆိုတဲ့နေရာမှာ။ ဒါပေမဲ့လဲ တချို့ကြတော့လည်း Downtown ဖြစ်လို့၊ အဲဒါနဲ့ ပတ်သက်လို့ ဥပဒေကြမ်းမှာ တော်တော်လေး အငြင်းပွားတယ်။ သူများတွေက Downtown မှာဆို မလုပ်ရဘူးပေါ့။ ကျမကတော့ Downtown မလုပ်လို့ မြို့ပြင်မှာသွားလုပ်ရင် ဘယ်သူက လာကြည့်မှာလဲ။ သိစေချင်လို့ လူထုကို အသိပေးချင်လို့ ဒါတွေက ဆန္ဒပြကြတယ်။ ဆိုတော့ ဒါတွေကို လူမြင်နည်းတဲ့နေရာ၊ လူသွားနည်းတဲ့နေရာတွေမှာ လုပ်တယ်ဆိုလို့ရှိရင်၊ မြို့ထဲတွေမှာ ခွင့်မပြုဘူးဆိုလို့ရှိရင် ကျမတို့ကိုယ်တိုင်လည်း ဒါနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့တယ်။ ရန်ကုန်မှာဆိုရင် ဆူးလေမှာပြမှ လူတွေသိမှာပေါ့။ ဒီဘက်အပြင်မှာ သွားပြရင် လူတွေလည်း သိလိုက်မှာ မဟုတ်ဘူး။ အဲဒီတုန်းက ပြောကြတယ် ဒါဆိုရင် ကားတွေပိတ်တယ်၊ ရုံးသွားရုံးလာ၊ ကျောင်းသွားကျောင်းလာတွေ ခက်ခဲတယ်လို့ အဲဒီလိုမျိုးတွေ ပြောကြတယ်။ အဲဒီအထဲက ကျမတို့အနေနဲ့ အငြင်းပွားမှုတွေ ရှိခဲ့ကြတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တဦးအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမြဲတမ်း ပြောဖူးပါတယ် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးက တရားဥပဒေစိုးမိုးမှု Rule of Law လို့ အမြဲတမ်းပြောပါတယ်။ ဒီ တရားဥပဒေ စိုးမိုးမှု ရှိဖို့ဆိုတဲ့နေရာမှာ တရားစီရင်ရေးကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ ဥပဒေပြုရေးလည်း အရေးကြီးတယ်။ တရားစီရင်ရေးပိုင်းမှာ တရားရေးဝန်ထမ်းတွေ၊ တရားသူကြီးတွေ တော်တော်လေး ပြည်သူလူထုကြားမှာ နာမည်ပျက်တာတွေ အများကြီးရှိတယ်။ အကျင့်ပျက်ခြစားတာတွေလည်း ရှိတာပေါ့။ အခုတလော ကြားနေရတဲ့ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ တရားရေးဝန်ထမ်းတွေကို အရေးယူခဲ့တာ ကြားပါတယ်။ ဒီ တရားရေးဝန်ထမ်းတွေကို အရေးယူတဲ့နေရာမှာ လွှတ်တော်ရဲ့ ထောက်ပြမှု Check and Balance လုပ်တာများ ပါဝင်ခဲ့ပါသေးလားရှင့်။

ဒေါ်မေစိုး ။ ။ ပါပါတယ်။ ကျမတို့ ဒုတိယသက်တမ်း ကျမတို့ သမ္မတကြီး မဖြစ်ခင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ခေတ်ကတည်းက ဥပဒေပြုရေးနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် အစီရင်ခံစာတင်တာပဲဖြစ်စေ လွှတ်တော်မှာ မေးခွန်းမေးတာဖြစ်စေ .. အဲဒါနဲ့ ဥပဒေနဲ့ ပတ်သက်လို့၊ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ပိုပြီးတော့ လမ်းကြောင်းတည့်မတ်ဖို့၊ တိတိကျကျ တိုင်ကြားဖို့ဆိုတာကို သူ ခဏခဏ ပြောပါတယ်။ ကျမတို့ ကော်မတီမှာဆိုလည်း အခုသမ္မတကြီး၊ အရင်ဥက္ကဋ္ဌဆိုရင် တိုင်ကြားစာတွေနဲ့ ပတ်သက်လို့လဲ ထိထိရောက်ရောက် လုပ်ဖို့ဆိုပြီး၊ ကျမတို့ကိုလည်း အမြဲတစေ မှာပါတယ်ရှင့်။ အခုနောက်ပိုင်း သမ္မတကြီးလည်း တက်ပြီးနောက်ပိုင်းကာလ၊ သူမိန့်ခွန်းပြောကတည်းက တရားစီမံရေးမဏ္ဍိုင်ကို ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင်လို့ လုပ်မယ်ဆိုပြီးတော့ သူပြောထားအတိုင်း တရားစီရင်ရေးမဏ္ဍိုင်ကို ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင်လို့ လုပ်မယ်ဆိုပြီးတော့ သူပြောတဲ့အတွက် အရင်ကနဲ့ စာလို့ရှိရင်တော့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ရှိရင်တော့ ဒါက နည်းနည်းလေး ပိုပြီးတော့ တည့်မတ်လာတယ်။ အခု တရားစီရင်ရေးမှာလည်း ပြည်သူတွေ အားရကျေနပ်လောက်အောက်တော့ မရှိသေးဘူး။ ဒါပေမဲ့လဲ ကျမတို့ ကြည့်ရသလောက်တော့ မှန်မှန်ကန်ကန် … အရင်ကထက်စာလို့ရှိရင် ပိုပြီးတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာမလားလို့ မျှော်လင့်ကြည့်ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တရားဥပဒေ စိုးမိုးရေးဆိုလို့ရှိရင် ပြည်သူ့ရဲတပ်ဖွဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။ ပြည်သူ့ရဲတွေ စွမ်းဆောင်ရေးမြှင့်မားဖို့အတွက် EU ဥရောပသမဂ္ဂတို့ ဝိုင်းဝန်းပြီးပံ့ပိုးကူညီမှုတွေ ရှိပါတယ်။ သင်တန်းတွေ ပေးနေတာလည်း ရှိပါတယ်။ ပြည်သူလူထုနဲ့ ဘယ်လိုဆက်ဆံမလဲ။ တကယ်လို့များ အဓိကရုဏ်းတွေ ဖြစ်ခဲ့ရင် ဘယ်လိုကိုင်တွယ်မလဲဆိုပြီး သင်တန်းတွေ ပေးနေတာကို မီဒီယာအနေနဲ့လည်း ကြားပါတယ်။ သေချာလည်း သိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ အဓိကရုဏ်း ဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ ကိုင်တွယ်မှုက ပြည်သူလူထုအမြင်မှာ တော်တော်လေး အရုပ်ဆိုးတာတွေ ဖြစ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်မေစိုးတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဘယ်လိုများ အားပေးတိုက်တွန်းချင်ပါလဲရှင့်။

ဒေါ်မေစိုး ။ ။ ဒါက တရားဥပဒေ စိုးမိုးရေးက ဥပဒေမဏ္ဍိုင်ကလည်း တရားဥပဒေ စိုးမိုးမှုက အဓိကကျတာပေါ့။ ကျမတို့ ကျောင်းစတက်လို့ (၈၈) အရေးအခင်းစဖြစ်ပြီး၊ နောက်ပိုင်းအရေးအခင်းတွေမှာလည်း အဓိကရုဏ်း နိမ်နှင်းရေးနဲ့ ပတ်သက်လို့ လုပ်တဲ့ပုံစံတွေက ဒီနေ့အထိ ယနေ့အထိ လုပ်နေတဲ့ ပုံစံတွေနဲ့ အတူတူပဲ ရှိသေးတယ်။ EU က ဘယ်လိုပဲသင်သင်၊ ဘယ်လိုပဲ နိုင်ငံတကာမှာ အဓိကရုဏ်းကို ဘယ်လိုပဲ နှိမ်နင်းတယ်လို့၊ ဘယ်လိုပုံစံနဲ့ နှိမ်နင်းတယ်လို့ပြောပြော ဗမာပြည်မှာ သင်ပေးတဲ့ပုံစံကတော့ ကျမအထင်တော့ တိုးတက်မလာဘူး၊ ဒီအတိုင်းပဲ နဂိုမူရင်အတိုင်ပဲ။ ပြည်သူတွေလည်း အခုအချိန်အထိတော့ အားရကျေနပ်မှု မရှိဘူး။ မနေ့တနေ့က ဖြစ်သွားတဲ့ ကိစ္စပေါ်မှာအထိ လူတွေက စိတ်ပျက်အားလျော့မိတယ်ဆိုတော့ သင်တန်းပေးတဲ့လူကလည်း ပေးတယ်။ လုပ်တဲ့ပုံစံကလည်း နဂိုမူရင်အတိုင်း ဖြစ်တယ်ဆိုလို့ရှိရင် သင်တန်းပေးတာက ထိရောက်မှု ထင်သလောက် မရှိဘူး။ ထင်သလောက်ကို တိုးတက်လာတာ မရှိဘူးလို့ ကျမက အဲဒီလိုမြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ သူတို့ပေးတဲ့ ရန်ပုံငွေတွေက အလဟဿ ဖြစ်သွားတယ်လို့ ယူဆပါသလား။

ဒေါ်မေစိုး ။ ။ သင်တန်းပေးတာတော့ ကောင်းပါတယ်။ သင်တန်းလုပ်တာလည်းကောင်းတယ်။ သင်တန်းလုပ်လို့ အမြင်ကျယ်တာတွေ၊ အဓိကရုဏ်း တခုခုဖြစ်လာရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့လဲ အထက်ကညွှန်ကြားချက်က ဒီအတိုင်းပဲဆိုရင်တော့ လုပ်တဲ့ပုံစံက ဒီအတိုင်းပဲ ဖြစ်နေအုံးမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရဲချုပ်ကိုယ်တိုင်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ တော်တော်လေးကို အများပြည်သူအမြင်မှာ ဘယ်လိုမှ ကျေနပ်အားရစရာ မရှိပါဘူး။ ဥပမာ အရပ်ဝတ်တဲ့လူတွေက ဝင်ပြီးတော့ ဆန္ဒပြတဲ့လူတွေကို ဝင်ပြီးတော့ ကူပြီးဖမ်းပေးတဲ့ကိစ္စတွေဆိုရင် တော်တော်လေးကို အရုပ်ဆိုးပါတယ်။ အင်မတန်မှ ပြည်သူလူထုကြားမှာ အဆင်မပြေတဲ့ကိစ္စ။ ရဲတပ်ဖွဲ့အကြောင်း ခဏထားပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ဒေါ်မေစိုးအနေနဲ့ ဘယ်လိုသုံးသပ်လို့ရပါသလဲရှင့်။

ဒေါ်မေစိုး ။ ။ အခုကတော့ ကျမတို့ ပြင်နေတာ လုပ်နေတဲ့ကဏ္ဍမှာတော့ ကျမတို့ကတော့ ထဲထဲဝင်ဝင်တော့ မပါပါဘူး။ ဒါပေမဲ့ ကျမတို့ ဥပဒေတွေဖတ်တယ်။ ကြည့်ပြီးလေ့လာတယ်။ ပြင်ရမယ့်အချက်တွေကိုလည်း အခု ပြင်နေကြပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး NLD အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ်၊ ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုပြီးတော့ အားလုံးကလည်း မျှော်လင့်ထားကြတယ်။ အခုလောလောဆယ်မှာလည်း ဝန်ကြီးတွေ နုတ်ထွက်တန်တာ နုတ်ထွက်။ တိုင်းနဲ့ပြည်နယ်တွေမှာလည်း အလာတူကိစ္စတွေ ဖြစ်နေကြတယ်။ ရှေ့ဒီထက်မက အရေးယူဖို့ ရှိပါသလားရှင့်။

ဒေါ်မေစိုး ။ ။ ကျမအနေနဲ့ အဂတိတိုက်ဖျက်ရေးကို ကော်မရှင်ကို အများကြီး အားကိုးပါတယ်။ အများကြီးလည်း မျှော်လင့်တယ်။ ဒါပေမဲ့ တခုရှိတာက တိုင်တဲ့လူကလည်း တိုင်တယ်ဆိုရင် ကြားနာတဲ့အခါမှာ တဘက်ကလည်း တကယ်ကိုပဲ လာဘ်ပေးလာဘ်ယူကို တိုင်တယ်ဆိုရင် တဘက်က ဝန်ခံပါ့မလားဆိုတဲ့ဟာကို ကျမတို့ တွေးကြည့်မိတယ်။ ယူတဲ့လူက ယူတယ်။ ဒါဆိုရင် ပေးတဲ့လူကိုသွားမေးရင် .. ဟုတ်တယ် ပေးတယ်လို့ ဝန်ခံတဲ့လူတွေ တကယ်ရှိလား။ တကယ်တမ်း ကြားနာတဲ့အခါမှာ ကြားနာမှုကလည်း အရေးကြီးတယ်။ ကြားနာတဲ့အခါမှာ တကယ်လာပြီးတော့ ကြားနာကြရဲ့လား။ မှန်မှန်ကန်ကန် လာပြီး ထွက်ဆိုကြလား။ ဒါမှမဟုတ် ဖော့ဖော့လေး ပြောသွားတာများလား။ အဲဒီလိုမျိုး စိုးရိမ်မိတာတွေလည်း ရှိပါတယ်။

ထိထိရောက်ရောက် အားလုံး တိတိကျကျ တိုင်ဖို့က တခါတလေ ခက်ခဲတာတွေလည်း ရှိတယ်။ အဲဒါကြောင့် ကျမတို့က အားကိုးပါတယ်။ ကျမတို့ လွှတ်တော်ကြီးက ဥပဒေတရပ်ထုတ်မယ်။ နောက်ပြီးတော့ ကော်မရှင်ကိုယ်တိုင်က ဟိုတနေ့က ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ကော်မရှင်ကလည်း သေချာပြောပါတယ်။ အားမနာတမ်း တိုင်ကြပါ။ အားမနာတမ်း ပြောကြပါ။ အမြဲတမ်း နားပူပါတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့လဲ ကျမတို့က ဒီဟာလေးနဲ့ ပတ်သက်လို့ ပိုပြီးထိထိရောက်ရောက် ဖြစ်စေချင်တယ်။ ပြည်သူတွေကလည်း တကယ့်ကို အားကိုးထိုက်တဲ့ ကော်မရှင်ကြီးဆိုပြီး ပြည်သူတွေအနေနဲ့ ဒီလိုမြင်တဲ့ ကော်မရှင်ကြီး ဖြစ်စေချင်ပါတယ်။ တိုင်ထားတော့ တိုင်စာတွေရောက်တယ်။ တိုင်စာတွေပေါ်မှာမှ ဘယ်နှစ်စောင်ပဲ လုပ်နိုင်တယ်။ ဘယ်နှစ်စောင်ကိုပဲ အရေးယူနိုင်တယ်။ ဘယ်နှစ်စောင်ပဲ ဖြစ်နိုင်တယ်ဆိုတာလေးကိုပဲ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ သိအောင်မဟုတ်ဘဲနဲ့ အများမြင်အောင်လို့၊ အချိန်တန်လို့ရှိရင် (၁) နှစ်တန်သည်၊ (၆) လ တန်သည်ကို ပြည်သူတွေကို ပြောသင့်တာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်မေစိုးအနေနဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ပေါ့။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့နေရာမှာ Check and Balance အစိုးရအုပ်ချုပ်မှုပိုင်းနဲ့ ဥပဒေပြုရေး မဏ္ဍိုင်နဲ့က Check and Balance မျှတအောင် ကြည့်နေရတဲ့သဘော ရှိပါတယ်။ အဲဒီအခါကြတော့ ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ အုပ်ချုပ်ရေးပိုင်းက အားနည်းချက်တွေနဲ့ ပတ်သက်လို့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုအားနည်းချက်တွေ ရှိပါလဲ။

ဒေါ်မေစိုး ။ ။ ဗိုလ်တထောင်မြို့နယ်က ရပ်ကွက်လည်း (၁၀) ခု ရှိတယ်။ ရပ်ကွက် (၂) ခုက တခုက ဧရာဝတီရေတပ်စခန်းပါတယ်။ နောက် ဝန်ထမ်းအိမ်ရာတွေ ရှိတယ်။ (၈) ခုလောက်ကတော့ အများပြည်သူပေါ့။ ကျမအနေနဲ့ အခက်အခဲအနေနဲ့ အများကြီး ထွေထွေထူးထူး မရှိဘူး။ အုပ်ချုပ်မှုပိုင်းနဲ့လည်း ပူးပေါင်းဆောင်ရွက်တယ်။ ဒါပေမဲ့လဲ တချို့ဟာတွေတော့ ကိုယ်လုပ်ချင်တာထက် ကိုယ်ကပြောလိုက်ပြီ။ ပြည်သူကပြောလို့ ကိုယ်က လုပ်လိုက်တယ်။ လုပ်လိုက်တဲ့ဟာမှာ ကိုယ်ကပြောခဲ့တယ်။ အနောက်ကနေ ပြန်မလိုက်ဘူးဆိုရင်၊ ပြန်မကြည့်နိုင်ဘူးဆိုရင် ကိုယ်လည်း အလုပ်တွေများနေလို့ မကြည့်လိုက်နိုင်ဘူးဆိုရင် အဲဒီဟာက တော်တော်နဲ့ မပြီဘူး။ အခုအချိန်အထိ ဝန်ထမ်းတွေရဲ့ အားနည်းချက်တွေ။ နောက်တခါ မေးလိုက်ပြီဆိုရင် ဝန်ထမ်းအားက နည်းနေလို့။ ဝန်ထမ်းအိမ်ရာက မပြည့်လို့၊ ဆောင်ရွက်ရတဲ့ အလုပ်တွေနဲ့ လုပ်ဆောင်နေတဲ့ဟာတွေနဲ့ တခါတလေကြရင် ကြားဖြတ်လုပ်ရတာတွေ လုပ်ရလို့ဆိုပြီးတော့ အဲဒီ Complaints တွေလည်း အခုအချိန်အထိ ရှိနေတုန်းပဲ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလိုမျိုး လာပြီးတော့ ကျမတို့ VOA အမေရိကန်အသံကို တကူးတကလာပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါ်မေစိုး ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG