သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ


လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာအစိုးရက မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာနဲ့ တသဘောတည်း ရပ်တည်ကြမယ် စသဖြင့် ညှိနှိုင်းဆွေးနွေးနေကြပေမယ့် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကတော့ အလှမ်းဝေးနေသေးတယ်လို့ ကချင်နှစ်ချင်းအဖွဲ့ချုပ်က သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာသတင်းဌာနမှ ကိုသားညွှန့်ဦး က ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Samson Hkalam ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဆရာဆမ်ဆန် အခုလို VOA လာပြီး အခုလို မေးမြန်းချက်တွေ ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ဆရာတို့အနေနဲ့ ကချင်ဒုက္ခသည်အရေးကိစ္စကို အဓိကလုပ်နေတဲ့ ကချင်နှစ်ချင်းအဖွဲ့ချုပ်အနေနဲ့က အဓိကလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်နေတော့ အခုအနေအထားမှာ ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးစကားတွေလည်း ပြောနေကြတယ်၊ အပစ်အခတ်ရပ်စဲရေးတွေလည်း ပြောနေတယ်။ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအလားအလာက ဘယ်လိုရှိပါသလဲ။

Samson Hkalam ။ ။ ကျေးဇူးတင်ပါတယ်။ အခု ဒုက္ခသည် တစ်သိန်းနီးပါး ရှိတဲ့အထဲမှာ။ ကျနော်တို့ နှစ်ချင်းအသင်းတော်အဖွဲ့ဝင်တွေက ရှစ်သောင်းနီးပါး ရှိပါတယ်။ ကျနော်တို့က အမြဲတမ်း သူတို့နဲ့ ထိတွေ့သွားလာနေတော့ သူ့ရဲ့ စိတ်နေသဘောထားတွေကို သိရှိနားလည်းပါတယ်။ အခု နေရပ်ပြန်ရေးကိစ္စမှာ ကျနော် ရာခိုင်နှုန်းအပြည့် ယုံကြည်တာကတော့ စစ်တပ်တွေရဲ့ ရှေ့တန်းကို အင်အားဖြည့်တင်းမှုတွေ၊ ပြီးရင် ဒီတပတ်အတွင်း နှစ်ရက်သုံးရက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ။ ဒါတွေက ကျနော်တို့ နေရပ်ပြန်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ယုံကြည်တယ်။ နောက် သူတို့ကလည်း ဒီလိုအခြေအနေမှာ ပြန်ဖို့ဆိုတာ လုံးဝစဉ်းစားမှာ မဟုတ်ဘူးဆိုတာကို လုံးဝယုံကြည်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဒုက္ခသည်တွေဖက်က ဘယ်လိုအခြေအနေမျိုး ရှိတော့မှ သူတို့နေရပ်ကို ပြန်နိုင်မယ့် အနေအထားရှိပါသလဲ။

Samson Hkalam ။ ။ ကျနော်အနေနဲ့ကတော့ နှစ်ဖက်သော စစ်တပ်တွေ ရွာတွေမှာ မရှိရင်တော့ သူတို့ပြန်ဖို့၊ လုံခြုံမှု သူတို့ရရှိမယ်လို့ ထင်တယ်။ အခုတော့ စစ်တပ်တွေ ရှိနေသရွေ့တော့ တချိန်ချိန်မှာ တဖတ်ဖတ်က လာတိုက်မယ်ဆိုတာကို သိနေတယ်ဆိုတော့ ဒါက သူတို့အတွက် လုံခြုံမှုကို လျော့နည်းစေတယ်။ ဒါကြောင့်မို့ နှစ်ဖက်သောတပ်တွေ ဆုတ်သွားမှပဲ သူတို့ရပ်ရွာ၊ နေရပ်ဒေသကို လုံလုံခြုံခြုံ ပြန်ကြလိမ့်မယ်လို့ အဲဒီလို ယုံကြည်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒါကရော ဖြစ်နိုင်တယ့် အလားအလာ ရှိသလား။ အခုက အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ဆွေးနွေးနေကြတာ။

Samson Hkalam ။ ။ ဟုတ်တယ်။ အဲဒါ ကျနော်အနေနဲ့ ဒီ process ကတော့ နည်းနည်းကြာမယ်လို့ ခံစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေး၊ ဆွေးနွေးမှုတွေကလည်း တော်တော့်ကိုကြာနေပြီ။ အခုကျနော်တို့ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ လူထုတွေကလည်း (၂) နှစ်ကျော်ရှိပြီဆိုတော့ လူမှုဒုက္ခပြဿနာတွေလည်း အများကြီးခံစားနေရတယ်။ အများကြီး ရင်ဆိုင်နေရတယ်။ နောက်ပြီးတော့ တဖတ်ကနေ ကြည့်မယ်ဆိုရင်လည်း တပ်မတော်ရဲ့ ထိုးစစ်ကလည်း နေ့တိုင်းလိုလို သွားနေတယ်ဆိုတော့ ကေအိုင်အေဖက်ကလည်း ခံစစ်ဆိုပြီး သူတို့နယ်မြေကို ကျော်လာတယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်နေရတော့ ကြားမှာရှိတဲ့ ကျနော်တို့ ရွာသူရွာသားတွေ၊ ပြည်သူလူထုတွေက ဒီနေရာမှာ ဒုက္ခတွေရောက်ရှိနေခြင်း ဖြစ်တယ်။ အဲဒါကြောင့် ဒီလို စစ်ရဲ့ အနိဌာရုံ လုံးဝပျောက်ကွယ်သွားမှပဲ ဒီလူတွေက မိမိရဲ့ နေရပ်ဒေသကို စိတ်ချလုံခြုံစွာနဲ့ ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခုလတ်တလော စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံရွာသူရွာသား ဘယ်လောက်ရှိပါသလဲ။

Samson Hkalam ။ ။ ငါးရာပတ်ဝန်းကျင် ရှိပါတယ်။ မုန်းတင်ပါရွာကနေ ဗန်းမော်ဖက်ကို ထွက်ပြေးလာကြပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု မကြာခင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့်ပေါ့။

Samson Hkalam ။ ။ နှစ်ရက်လောက်ပဲ ရှိပါသေးတယ်။

ဦးသားညွှန့်ဦး ။ ။ အားလုံး ဒုက္ခသည်စုစုပေါင်း ဘယ်လောက်ရှိပါသလဲ။

Samson Hkalam ။ ။ တစ်သိန်းကျော်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဒါက ပြည်တွင်းမှာ၊ ပြည်ပမှာ ဘယ်လိုရှိသလဲ။

Samson Hkalam ။ ။ အခု (၂) နှစ်အတောအတွင်းမှာ ပြည်တွင်းမှာပဲ။ ပြည်ပ - မလေးရှားဖက်ရောက်နေတဲ့ လူတွေမပါဘူး။ ပြည်တွင်းမှာ အစိုးရ control ဧရိယာနဲ့ နယ်စပ်ဒေသမှာ ရှိနေတဲ့ ဒုက္ခသည်စာရင်းဖြစ်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဒီ ဒုက္ခသည်တွေ အကူအညီကို ဘယ်ဖက်က အဓိက ထောက်ပံ့ပေးနေသလဲ။

Samson Hkalam ။ ။ အဓိကတော့ UN အဖွဲ့အစည်း ဖြစ်ပါတယ်။ UN Ocha, UNICEF တို့ UNHCR တို့က အဓိက funding တွေ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ Japn Nippon Foundation တို့၊ နောက်ပြီးတော့ British အစိုးရကပေးတဲ့ ပိုက်ဆံတွေ၊ US Government က ပေးတဲ့ ပိုက်ဆံတွေကလည်း အခုနပြောသလိုပဲ UN, INGO တွေက ကျနော်တို့ဆီလာပြီး ဒီပိုက်ဆံတွေကို manage လုပ်ပြီး ထောက်ပံ့နေတာကို ခံစားရပါတယ်။

ဦးသားညွှန့်ဦး ။ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကုလသမဂ္ဂကနေ သူတို့အကူအညီတွေကို ထိထိရောက်ရောက် ကူညီမပေးနိုင်ဘူးဆိုတဲ့ အသံမျိုးတွေ ကြားရပါတယ်။ အခု အနေအထားမှာကော တကယ်တမ်း အကူအညီတွေပေးတဲ့အခါမှာ အခက်အခဲမျိုးတွေ ကြုံရပါသေးသလား။

Samson Hkalam ။ ။ အရင် (၂) နှစ် ဟိုဘက် ၂၀၁၂ အထိတော့ UN ရဲ့ အထောက်အပံ့မှုက တကြိမ်၊ နှစ်ကြိမ်ပဲ သူတို့သွားလို့ရတယ်။ အဲဒါလည်း ခက်ခက်ခဲခဲ။ ဒါပေမဲ့ အခု ၂၀၁၃ ဒီဖက်ရောက်လာချိန်မှာတော့ (၃) ခေါက်၊ (၄) ခေါက်လောက် ရှိပါပြီ။ UN C onvoy တွေ သွားပြီးမှ ထောက်ပံ့မှုပစ္စည်းတွေ ပေးနေတာ၊ လွတ်လွတ်လပ်လပ် သူတို့ သွားနေကြပါတယ်။

ဦးသားညွှန့်ဦး ။ ။ နှစ်ဖက်လုံးက ကချင် နဲ့ မြန်မာအစိုးရဖက်က ခွင့်ပြုလား။

Samson Hkalam ။ ။ ဟုတ်ကဲ့ ခွင့်ပြုပါတယ်။

ဦးသားညွှန့်ဦး ။ ။ တခြား လူမှုအဖွဲ့အစည်းတွေ သွားပြီးတော့ ကူညီတဲ့လုပ်ငန်းတွေမှာကော အနှောက်အယှက်ရှိလား။ လွတ်လွတ်လပ်လပ် လုပ်နိုင်ရဲ့လား။

Samson Hkalam ။ ။ အခု နယ်စပ်ဒေသမှာနဲ့ အစိုးရ control ဒေသမှာကြတော့ ဒီလောက်မရှိတော့ဘူး။ ဒါပေမဲ့ ဒုက္ခသည်အုပ်စုတခုက တောမှာရှိတဲ့ ဒုက္ခသည်တွေရှိတယ်။ တောမှာဆိုတာက ဂျဖွေးရဲ့ ဟိုဖက်ကမ်း၊ ဆမ်နော်တို့ တောတောင်ထဲမှာ။ ဒီဖက်လည်း မထွက်ရဲ၊ တရုတ်ပြည်နယ်စပ်လည်း ဝေးဆိုတော့။ တောမှာပဲ နေတဲ့အဖွဲ့။ အဲဒီမှာ တဖွဲ့ရှိတယ်။ နောက်ပြီးတော့ ဧရာဝတီမြစ်နဲ့ မီးရထားလမ်းကြားမှာရှိတဲ့ ကော်ကွေးပါဆိုတဲ့ နေရာတွေမှာလည်း နှစ်ထောင်နီးပါးရှိတယ်။ ဂျဖွေးရဲ့ ဟိုဖက်ကမ်းမှာ တစ်ထောင်နီးပါးရှိတယ်။ အဲဒီလို ရှိနေတဲ့ ဒုက္ခသည်တွေကို သွားပို့တဲ့နေရာတွေမှာတော့ ခက်ခဲမှုတွေရှိပါတယ်။ တပ်မတော်ရဲ့ ထောက်ခံစာတွေ၊ အစိုးရရဲ့ ထောက်ခံစာတွေကို အဆင့်ဆင့်ယူရပါတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒါက ဘယ်သူထိန်းချုပ်ထားတဲ့ ဒေသလဲ။

Samson Hkalam ။ ။ အဲဒါက ကေအိုင်အေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကေအိုင်အေ က အဲဒါကို အကူအညီပေးလား။

Samson Hkalam ။ ။ ကေအိုင်အေ က သူတို့နဲ့ အတူရှိနေတယ်ဆိုတော့ သူတို့ကတော့ သိပ်ပြဿနာ မရှိဘူး။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက အကူအညီတွေ ပေးတဲ့နေရာမှာ အခုက မြန်မာနိုင်ငံကပဲ ကုလသမဂ္ဂအေဂျင်စီတွေကလည်း မြန်မာနိုင်ငံဖက်ကပဲ သွားနေတာပေါ့။ တရုတ်နိုင်ငံဖက်ခြမ်းက တခြားကချင် လူမှုအသိုင်းအဝိုင်းတွေဖြစ်ဖြစ်၊ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ဖြစ် အကူအညီပေးတာ ရှိသလား။

Samson Hkalam ။ ။ ယူနန်မှာရှိတဲ့ ကျနော်တို့ ကချင်အမျိုးသားတွေရဲ့ ထောက်ပံ့မှုတွေကတော့ အများကြီးရရှိပါတယ်။ တရုတ်အစိုးရကတော့ ကူညီတယ်ဆိုတာတော့ မကြားမိသေးပါဘူး။ ဒါပေမဲ့ တရုတ်မှာရှိတဲ့ ယူနန် province ဖက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေကတော့ အနီးစပ်နေတော့ သူတို့ဖက်က ကူညီမှုတွေကတော့ စစ်စဖြစ်တဲ့အချိန်မှာ အတော်များများ သူတို့ကူညီမှုကြောင့် ကျနော်တို့ ဒီလို အသက်ရှင်နေရခြင်း ဖြစ်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ တရုတ်အစိုးရ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိသလဲ။

Samson Hkalam ။ ။ သူတို့ မကြိုက်ဘူး။ သူတို့မကြိုက်တော့ ၂၀၁၁ မှာ မူဆယ်၊ နမ့်ခန်နားက စစ်ဒုက္ခသည်စခန်းက လူ (၅) ထောင်ကျော်ကို ဗမာပြည်ဖက်ကို မောင်းထုတ်လိုက်တယ်။ အခုလည်း မှတ်တိုင်အမှတ် (၆) မှာရှိတဲ့ ဒုက္ခသည်စခန်းကို သူတို့က ဗမာပြည်ဖက်ကို ပြန်ဝင်ဖို့ force လုပ်နေပြီဆိုတော့ ကျနော်တို့ IDP camp မှာလည်း လေးရာကျော်၊ ငါးရာလောက် ရှိတယ်။ အဲဒီ့ ဒုက္ခသည်စခန်းကလည်း ဗမာပြည်ဖက်ကို ရွှေ့ဖို့လုပ်နေတယ်ဆိုတာကို သိရတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ တရုတ်ဖက်ခြမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို လတ်တလော ဘယ်သူက အကူအညီပေးသလဲ။

Samson Hkalam ။ ။ ကျနော်တို့ local NGO တွေ အကူအညီပေးပါတယ်။

ဦးသားညွှန့်ဦး ။ ။ Local NGO ဆိုတာ တရုတ်ဖက်က NGO လား။ ဒီဖက်ကလား။

Samson Hkalam ။ ။ မဟုတ်ဘူး။ ဗမာပြည်ဖက်က NGO တွေ၊ ဥပမာ KBC, KMSS Catholics Based လူမှုအဖွဲ့အစည်း၊ နောက်ပြီးမှ မေတ္တာ၊ Shalom တို့ Local NGO တွေက နယ်စပ်နဲ့ တရုတ်ပြည်ဖက်မှာ ကျန်နေတဲ့ နေရာတွေမှာ ပံ့ပိုးနေပါတယ်။

ဦးသားညွှန့်ဦး ။ ။ သွားပြီးတော့ အကူအညီပေးခွင့်တော့ ရတယ်ပေါ့။ အဲဒီလိုမျိုး တရုတ်ဖက်က ခွင့်ပြုပါသလား။

Samson Hkalam ။ ။ အဲဒါကြတော့ တရားဝင်တော့ မဟုတ်ဘူး။ ကျနော်တို့လည်း အဲဒီလို ခက်ခက်ခဲခဲ သွားပြီးမှ အဲဒီနေရာတွေကို သွားရပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အို ဦးဆောင်ပြီးတော့ ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်။ အဓိကတော့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာ အကြိမ်ပေါင်းများစွာလည်း ရှိနေပါပြီ။ ဆွေးနွေးနေပြီဆိုတော့ ဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကချင်ဒုက္ခသည်တွေ၊ ကချင်အရပ်သားဒုက္ခသည်တွေက ဘယ်လောက်အထိ မျှော်မှန်းချက်ရှိသလဲ။ သူတို့နေရပ် ပြန်ရေး၊ သူတို့ဘဝ ပြန်လည်ထူထောင်နိုင်ရေးကိစ္စတွေအတွက်။

Samson Hkalam ။ ။ ကျနော်တို့ ပြည်သူဖက်ကနေ ပြောရမယ်ဆိုရင်တော့ သိပ်မျှော်လင့်ချက်တော့ ရှိတယ်လို့ ကျနော် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေ သိနေတဲ့ကိစ္စက ရှင်းရှင်းလင်းလင်းပဲ သိမြင်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက မြန်မာအစိုးရက ငြိမ်းချမ်းရေး ceasefire ကို အရင်လုပ်ရမယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးမှုက နောက်ကနေသွားရမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ကေအိုင်အေ ကတော့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးက သူ့အလိုလို ဖြစ်သွားမယ်ဆိုတဲ့ ပန်းတိုင်ကိုသွားတယ်။ ပန်းတိုင်နှစ်ခုက ဆုံဖို့ခက်တယ်ဆိုတာကို ကျနော်တို့ကမြင်တော့ ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်ရှိရှိ၊ သိပ်ပြီးတော့ မျှော်လင့်ချက် အားနည်းတာပေါ့။ အဲဒီဖြစ်စဉ် ဖြစ်နေတာကို ကျနော်တို့ သိနေတော့ အဲဒီလို ခံစားရတယ်။

ဦးသားညွှန့်ဦး ။ ။ ဒီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြတဲ့အခါမှာ သူတို့ ဒုက္ခသည်တွေကိစ္စကော ဆွေးနွေးကြရဲ့လား။

Samson Hkalam ။ ။ ပါတယ်။ ဥပမာ ဒုက္ခသည်ကိစ္စကို နှစ်ဖက်ညှိနှိုင်းပြီးမှ ဆောင်ရွက်သွားရန်ဆိုတာပါတယ်။ အခုနောက်ဆုံး အောက်တိုဘာလမှာတွေ့တယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရွာလေးရွာကို စံပြအနေနဲ့ထားပြီးမှ ပြန်ပို့ရေးဆိုတာကို ဆွေးနွေးကြတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာသွားမယ့်လူတွေက ရှိမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလို စစ်ဖြစ်နေတယ်။ ပြန်ဖြစ်တယ်။ ပြန်ပြေးတယ်ဆိုတာ ကြားနေရတော့ ကြောက်စိတ်တွေက တော်တော်နဲ့ ကုန်နိုင်မယ်မထင်ဘူး။

ဦးသားညွှန့်ဦး ။ ။ သူတို့အချင်းချင်း ဆွေးနွေးပွဲမတိုင်ခင်မှာ ကေအိုင်အိုကဖြစ်စေ၊ မြန်မာအာဏာပိုင်များကဖြစ်စေ ကချင်ဒုက္ခသည်တွေကို လာပြီးတော့ မေးမြန်းတာ၊ ညှိနှိုင်းတာ၊ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဆရာတို့လို အဖွဲ့အစည်းတွေကို ညှိနှိုင်းတာမျိုးတွေ လုပ်ပါသလား။

Samson Hkalam ။ ။ မရှိပါဘူး။

ဦးသားညွှန့်ဦး ။ ။ သူတို့ဖက်က ဘာမှ မဆွေးနွေးဘူးလား။

Samson Hkalam ။ ။ မဆွေးနွေးပါဘူး။

ဦးသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက ကေအိုင်အို က ကမကထလုပ်ပြီးတော့ လိုင်းဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညီလာခံလုပ်ကြတယ်။ ဒီ ညီလာခံနဲ့ ပတ်သက်လို့ ကချင်ဒုက္ခသည်အရေး လုပ်နေတဲ့ ဆရာတို့အနေနဲ့၊ ကချင်ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ကြလဲ။

Samson Hkalam ။ ။ လိုင်းဇာမှာ လုပ်တဲ့အစည်းအဝေးကတော့ တိုင်းရင်းသားများအတွက်တော့ အခွင့်အရေးတခု အောင်မြင်မှုလမ်းစတခုလို့ မြင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုပေါ့။ အဲဒီကနေ ထွက်လာမယ့် အဖြေကတော့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီးမှ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ အဖြေထွက်လာမယ်လို့တော့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ အားလုံးမျှော်လင့်တာကတော့ လိုင်းဇာလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးမှုတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်၊ အနာဂတ်အတွက် ငြိမ်းချမ်းသော၊ တရားမျှတာသော ပြည်ထောင်စုဖယ်ဒရယ်ကြီး ပေါ်ပေါက်လာဖို့အတွက်တော့ ပထမခြေလှမ်းလို့ ပြည်သူတွေ၊ ဒုက္ခသည်တွေဖက်က ဒါတွေကို မြင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

Samson Hkalam ။ ။ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG