သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းတွင်း ရေလုပ်ငန်းဖွံ့ဖြိုးရေး


မြိတ်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို
မြိတ်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ တနင်္သာရီတိုင်း ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် NLD အစိုးရ တက်လာပြီးကတည်းက သေချာဆောင်ရွက်နေပါတယ်။ အစိုးရနဲ့ ဝန်ထမ်းတွေကြား နားလည်မှုရနိုင်အောင်လည်း ကြိုးစားနေတယ်လို့ မြိတ်မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မြိတ်က ထူးခြားတာက ကမ်းရိုးတန်းတလျှောက် ရေလမ်းကုန်သွယ်ရေးအတွက် အလုပ်ဖြစ်နိုင်တဲ့ ဆိပ်ကမ်းနေရာ အကျယ်ကြီး၊ အရှည်ကြီးရှိတယ်ဆိုတော့ မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ကဏ္ဍတွေကို လွှတ်တော်မှာ ဝင်ပြီးဆွေးနွေးတာ၊ ကိုယ်ကအဆိုပြုထားတာတွေ၊ လုပ်တာတွေ ရှိပါသလား။

ဖြေ ။ ။ ကျမတို့မြိတ်ကျွန်းစုက ကျွန်းတွေစုပြီးနေတာ ဖြစ်တဲ့အပြင်၊ မြိတ်မြို့ကလည်း ကျွန်းလေးတွေ အကွေ့အကောက်၊ မြို့ထဲဝင်နေတဲ့ ချောင်းလေးတွေ ရှိနေတဲ့အတွက် ရေလုပ်ငန်း၊ ငါးသယံဇာတတွေ ပေါများတာ ဖြစ်တဲ့အတွက် - ပေါများတယ်ဆိုပေမယ့် အခုတော့ နည်းနည်းထိန်းသိမ်းဖို့ ပြင်နေရပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်းစုမြို့နယ်က မဲဆန္ဒနယ်မြေက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရေလုပ်ငန်းနဲ့ ပတ်သက်တာကို အရင်တုန်းကဆို လွှတ်တော်တိုင်းမှာ မေးခွန်းတွေ မေးကြတယ်။ ကျမကတော့ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးကို ပိုပြီးအားသန်တာဖြစ်တဲ့အတွက် ကျမကတော့ ဖွံ့ဖြိုးရေးအတွက်ကို မေးခွန်းတွေမေးတာများတယ်။ ပြီးတော့ ကျမတို့နေရာမှာလည်း မကြာခင် ငါးဈေးနဲ့ပတ်သက်တဲ့ ငါးဈေးတခုပေါ်လာဖို့ ကြိုးစားနေတယ်။ ငါးဈေးကတော့ တခုမကပါဘူး။ ငါးဈေးရှိမှ ပင်လယ်ထဲမှာရှိတဲ့ ငါးတွေအားလုံးက ဈေးကောင်းရပြီးတော့၊ တဘက်နိုင်ငံကို ဒလဟောရောက်နေတဲ့ဟာကိုလည်း ထိန်းသိမ်းနိုင်မယ်။ တဘက်နိုင်ငံမှာ ဒီငါးကိုပဲသွားပြီးတော့ ငါးဈေးမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ၊ စက်ရုံတွေမှာ သွားလုပ်ကြတဲ့ အလုပ်သမားတွေ ပြန်ခေါ်နိုင်ဖို့ဆိုတာ ကျမတို့ဆီမှာ ရေလုပ်ငန်းနဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကို ကျမတို့ စိတ်လည်းဝင်စားတယ်။ မေးခွန်းတွေအနေနဲ့ကတော့ ငါးဈေးနဲ့ ပတ်သက်တဲ့မေးခွန်းကိုလည်း ကြယ်ပွင့်ပြ မေးထားတာတွေရှိတယ်။

နောက်ပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ပုလဲမွေးမြူးရေးလုပ်ငန်းက အချိတ်အတွယ်လေးတွေ ရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းကို သေသေချာချာ ဖွံ့ဖြိုးရလေအောင် ဒီပုလဲလုပ်ငန်းကလည်း၊ ပုလဲမွေးမြူးရေးလုပ်ငန်းကလည်း ဒီရေထဲမှာ ပိုပြီးတော့ ကောင်းမွန်တဲ့အတွက် ပြည်ထောင်စုက ရွေးချယ်ပြီးတော့ လုပ်ပိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်ဆိုတော့ ဒီဟာနှစ်ခုစလုံးကို သဟဇာတလည်းဖြစ်အောင် နှစ်ခုစလုံးမှာလည်း ဝင်ငွေရအောင် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီနှစ်ခုစလုံးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း ကျမ မေးထားခဲ့ပါတယ်။

မေး ။ ။ ငါးလုပ်ငန်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ကြားသိရတာက ဒေါ်ရီရီချိုတို့က မြိတ်မြို့ဒေသခံဆိုတော့ ပိုပြီးတော့ သိတာပေါ့။ ငါးဒိုင်ဖွင့်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မတင်မကျ ဖြစ်နေတဲ့ကိစ္စတွေ ရှိတယ်။ အဲဒီလိုမျိုး ဖြစ်နေတဲ့အတွက်လည်း ကော့သောင်းဘက်မှာ ငါးတွေကိုသွားပြီးတော့ ရောင်းကြတာမျိုး။ ရောင်းတယ်ဆိုလဲ တဘက်နိုင်ငံ ရနောင်းဘက်မှာ လေလံပစ်ရတယ်ဆိုတာမျိုး အမျိုးမျိုးပေါ့။ ကိုယ့်နိုင်ငံက နိုင်ငံတော်က အခွန်အကောက်ရသင့်ရဲ့သားနဲ့ မရနေတဲ့အပေါ်မှာ အားမလိုအားမရဖြစ်ပြီး ကုန်သည်တွေဘက်က ပြောကြတာမျိုး၊ ဒေသခံတွေဘက်က ပြောကြတာမျိုးတွေ ကြားသိရတယ်။ နောက် စောစောက ပြောသလိုမျိုးပဲ ဟိုဘက်မှာလုပ်နေကြတဲ့ အလုပ်သမားတွေဆိုတာလဲ ဗမာနိုင်ငံသားတွေ ဖြစ်နေပြန်တယ်။ ဆိုတော့ နှစ်ခါနာသလို ဖြစ်နေတာပေါ့။ ကျနော်တို့တိုင်းပြည်ဘက်က ပြန်ကြည့်မယ်ဆိုရင်။ ဆိုတော့ ဒိုင်တွေဖွင့်ဖို့ကိစ္စ၊ လေလံပစ်ဖို့အတွက် နေရာတွေသတ်သတ်မှတ်မှတ်ထားဖို့ ကိုယ့်နိုင်ငံထဲမှာ လုပ်ဖို့ကိစ္စက ဘာတွေအခက်အခဲတွေ ရှိနေတာလဲ။

ဖြေ ။ ။ မြိတ်မှာဆိုရင်တော့ ငါးလေလံလုပ်မယ်အဖွဲ့ နှစ်ဖွဲ့ ရှိနေတယ်။ ငါးဈေးကို အရင်တုန်းက ရှိခဲ့တဲ့ ငါးလေလံလုပ်ငန်းကိုလည်း ပြန်ပြီးတော့ လည်ပတ်နိုင်အောင် ကြိုးစားနေသူတွေ ရှိသလို၊ ငါးလေလံဈေး နောက်ထပ်လုပ်ဖို့လည်း ရှိနေတယ်ဆိုတော့ ကျမထင်တယ် သူတို့လဲ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ တချို့အကြောင်းအရာတွေ၊ လိုအပ်တာတွေတော့ သူတို့ဆက်လုပ်နေကြတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဒုသမ္မတလာတုန်းကလဲ ဒီဈေးကိုကြည့်တယ်။ နောက်ပြီးတော့ လွှတ်တော်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ရေလုပ်ငန်းကော်မတီက ဦအောင်ကြည်ညွှန့် ပြည်ထောင်စုလွှတ်တော် ဦးဆောင်တဲ့အဖွဲ့ကလည်း နှစ်ခုစလုံးကို လာကြည့်သွားတယ်။ လိုအပ်တာလေးတွေ သူတို့ လုပ်နေပါလိမ့်မယ်၊ ကြိုးစားနေကြမယ်လို့ ထင်ပါတယ်။ အဲဒါ တချိန်ကျရင်တော့ ငါးဈေးကတော့ ဖြစ်လာမှာပါ။ ကျမအနေနဲ့တော့ ကော့သောင်မှာလုပ်လဲ ပြဿနာမရှိဘူး။ ကျမတို့ ကမ်းရိုးတန်းတလျှောက်လုံးက ကျွန်းပေါင်း ရှစ်ရာကျော် ရှိပြီးတော့၊ တလျှောက်လုံး ရေလုပ်ငန်းကို လုပ်နိုင်တယ် ဖြစ်တဲ့အတွက် ဒီတလျှောက်လုံးမှာ ငါးဈေးတွေ ရှိနေတဲ့ဟာကတော့ ကျမတို့အတွက် အားသာချက်လည်း ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ကျမတို့ဆီမှာ ကျွန်းတွေရှိနေတဲ့အတွက် ငါးတွေက ဒီကျွန်းတွေကို မှီခိုပြီးတော့ အင်မတန်ပေါက်ဖွားတဲ့အတွက် တဘက်နိုင်ငံက လှေတွေနဲ့ ဝင်ဆွဲတာတွေ၊ နောက်ပြီးတော့ ကျမတို့ဆီက ဆွဲလိုရသမျှကိုလည်း ထိုင်းဘက်ကိုပဲ သွားရောင်းရတဲ့ဟာတွေ ဖြစ်နေတော့ ကျမတို့က ရသင့်သလောက် မရဘူး ဖြစ်ခဲ့တယ်။

မေး ။ ။ တခြားကဏ္ဍတွေ ဆက်ပြောရရင် ပုလဲတို့ဘာတို့ ရှိတယ်။ အခြားဟာတွေကော လုပ်သေးတာ ရှိသလား။ ဥပမာ ကျနော် သိချင်တာက မကြာသေးခင်က ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းတွေ နည်းနည်းလေး ဖွံ့ဖြိုးလာတာ ရှိတယ်။ ဆိုတော့ ဒီမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုံးစံအတိုင်း လူများများလာရင် ပိုက်ဆံပိုရတယ်ဆိုတော့ သူတို့က ဖွံ့ဖြိုးစေချင်တယ်ဆိုတဲ့ အသံမျိုး ပြောကြတာရှိတယ်။ ဒါပေမဲ့ တဘက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာတို့၊ သဘာဝအတိုင်း ရှိနေတဲ့ ကျွန်းတွေကို ကျနော်တို့လူတွေ သွားပြီးတော့လုပ်လို့ရှိရင် အဲဒီမှာနေတဲ့ တိရစ္ဆာန်တွေလည်း သူတို့ရဲ့ဘဝတွေ ပျက်ဆီးတာတွေ ရှိလာနိုင်တာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရှုထောင့်ကနေကြည့်မယ်ဆိုရင် အဲဒါတွေလုပ်တာ မကောင်းဘူးလို့ မြင်နေကြတယ်။ ဆိုတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှာလို့ရနိုင်မလား။

ဖြေ ။ ။ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ကျမတို့တွေအားလုံး ပထမဦးဆုံး စဉ်းစားမိတာက ခရီးသွားလုပ်ငန်းကို စဉ်းစားမိတာက ကျမတို့ဆီမှာ မထိတွေ့ရသေးတဲ့ ကျွန်းတွေ အများကြီးရှိတယ်။ အရင်အစိုးရလက်ထက်ကတည်းက ဒီကျွန်းတွေကို တာစူးနေကြတာရှိတယ်ဆိုတော့ ဒါကို ကျမတို့ အများကြီးမျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်း လုပ်နေတဲ့ လုပ်ဖို့ ဒီဘက်မှာ ကျွန်းတွေရှိနေသလို၊ တဘက်ကလဲ မြန်မာ့ပင်လယ်က ပုလဲမွေးမြူးရေးအတွက် တော်တော်ကောင်းတယ်လို့ ဆိုကြတော့ ပုလဲမွေးမြူးရေးလုပ်ငန်းတွေကလည်း အရင်အစိုးရလက်ထက်ကတည်းက ချလာခဲ့တဲ့၊ ကျနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ခရီးသွားလုပ်ငန်းကြတော့ ကျွဲကူးရေပါ ဆိုသလို၊ ဒေသခံပြည်သူတွေက အကုန်လုံး စားသောက်တာ၊ တည်ခိုတာ စတဲ့ အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးနိုင်တယ်။ ဒေသထွက်ပစ္စည်းတွေလည်း ရောင်းနိုင်တယ်။ အခုဆိုရင် ဒေသထုတ် ငါးခြောက်၊ ငါးပိ၊ ပုဇွန်ခြောက်တို့ကိုလည်း ပိုပြီးတော့ အဆင့်မြင့်အောင်လည်း ထုတ်လာကြပြီ။ အဲဒီလို အခြေအနေမျိုးမှာ ခရီးသွားလုပ်ငန်းကလည်း ဖြစ်သင့်တယ်။

ဒါအပြင် နှစ်ခုစလုံး လုပ်နိုင်ရင်တော့ ကျမတို့ ပိုပြီးတော့ ဒေသအတွက် အကျိုးရှိတယ်။ အဲဒီတော့ မြိတ်ကနေ ကော့သောင်ကိုသွားတဲ့ နေရာတွေ၊ ကော့သောင်ဘက်မှာလည်း ကျွန်းတွေ တော်တော်လှတယ်။ မြိတ်နဲ့ ကော့သောင်နဲ့ကြားက နေရာတွေမှာလည်း ကျွန်းတွေက တော်တော်လှတယ်။ ဥပမာ ကျမတို့မှာ စမတ်ကျွန်း၊ လေးကျွန်းတို့ တော်တော်လေး ရေလှတဲ့နေရာတွေ ရှိတယ်။ နောက်ပြီးတော့ ဒုံ.. ကျွန်းတနေရာမှာလည်း ဆလုံလူမျိုးတွေ ရှိတယ်။ ကရင်လူမျိုးတွေလည်း ရှိတယ်။ ဗမာလူမျိုးလည်း ရှိတယ်။

မေး ။ ။ ဖြတ်သန်းလာတဲ့ကာလတလျှောက်မှာ တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာ ကိုယ်လုပ်ချင်ခဲ့ပြီးတော့ မလုပ်နိုင်ခဲ့တာ၊ ဒါမှမဟုတ် ကိုယ်က အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာ။ လွှတ်တော်ထဲမှာ ကိုယ့်ဒေသအတွက်၊ ကိုယ့်တိုင်းဒေသကြီးအတွက် ဆိုတော့ ကောင်းတာ မကောင်းတာလေးတွေ ဘာတွေများ မှတ်မှတ်သားသား ရှိခဲ့သလဲဆိုတာကို ပြောပြလို့ရလား။

ဖြေ ။ ။ ကျမတို့လည်း ကျမတို့ကို စောင့်ကြည့်နေတဲ့ ပြည်သူတွေနည်းတူ အများကြီးလုပ်မယ်။ ငါတို့လုပ်မယ်ဆိုပြီးတော့ ဒီလိုကြီး လုပ်လိုက်မယ်ဆိုပြီးတော့ လာကြတာပါ။ ဒါပေမဲ့ ကျမတို့ စစတွေ့တာက အရပ်သားအစိုးရကို ဝန်ထမ်းတွေက မမြင်ဖူးဘူး။ တချိန်တုန်းကတော့ အရပ်သားတွေ။ အရပ်သားအစိုးရတွေလာတော့ ဝန်ထမ်းတွေက ကျမတို့အပေါ်မှာ လက်ခံဖို့ဆိုတဲ့ဟာက ကျမတို့ နည်းနည်းကြိုးစားရတယ်။ သူတို့ကလည်း တချိန်လုံး သူတို့ကို အမိန့်ပေးတဲ့လူတွေရဲ့ လက်အောက်မှာ နေခဲ့ကြတယ်ဆိုတော့ ကျမတို့ အရပ်သား၊ တချိန်တုန်းက သူတို့ကို ကျမတို့တွေ မကြိုက်ရင်မကြိုက်သလို ပြောလို့ရတဲ့လူတွေက သူတို့ကို အုပ်ချုပ်ဖို့လာကြတယ်ဆိုတော့ အရမ်းကြီး ကလန်တာမျိုး မဟုတ်သည့်တိုင် ကျမတို့ ကြိုးစားကြရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျမတို့ ကိုယ်စားလှယ်တွေ ကျမအပါအဝင် သူတို့တွေလည်း နားလည်သွားပါတယ်။ ကျမတို့တွေ တကယ်လုပ်နေတယ်၊ တကယ့်စေတနာနဲ့ လုပ်နေတယ်ဆိုတာကို မြင်အောင်။ တကယ်လဲ လုပ်နေကြတယ်ဆိုတာကို မြင်လာတဲ့အခါ ကျမတို့နဲ့ သူတို့ဆက်ဆံရာတာ ပိုပြီးတော့ ကောင်းမွန်လာတယ်။ ဒါကတော့ အခက်အခဲလေးတွေကို ကျော်လွှာလာနိုင်တယ်။ ကျမအမြင် တော်တော်လေး ပြေလည်လာတယ်။ ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေနဲ့ ကျမတို့ ဆက်ဆံရေးတွေ ပိုကောင်းလာတယ်။ ပိုပြီးတော့ ပြေလည်လာတယ်။ ဒါကတပိုင်း၊ နောက်တခုက ကျမတို့ အများကြီးကောင်းဖို့ဆိုပြီးတော့ ချက်ချင်းတော့ မျှော်လင့်ကြတယ်။ ပထမ (၁) နှစ်၊ (၂) နှစ် - ကျမထင်တယ် (၁) နှစ်လောက်မှာ စိတ်ပျက်နေကြပြီ။ သိပ်ပြီးတော့ မဖြစ်လာသေးဘူး။ အကောင်အထည်က မပေါ်သေးဘူး။ အခုလောက်ဆို (၂) နှစ်ဝန်းကျင်လည်း ရှိပြီဆိုတော့ အခု ရန်ကုန်-မြိတ် ကားလမ်းတလျှောက်ကို လာခဲ့တာတော့ တွေ့မှာပေါ့ လမ်းတွေကို သေသေချာချာ လုပ်နိုင်ခဲ့တယ်။ ဝန်ကြီးချုပ်အနေနဲ့လဲ လမ်းပိုင်းကို တော်တော်လေး ဂရုစိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ကျွန်းမြို့လေး ဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက်ကြောင့် ကျမတို့ ပြည်မနဲ့ အဆက်အသွယ်လုပ်ဖို့က ခက်ခဲတယ်။ ကျမတို့ လေယာဉ်ကို အားကိုးပြီးတော့ သွားရတယ်။ စက်လှေတွေကို အားကိုးပြီးတော့ သွားရတယ်။ အခုဆိုရင် လွယ်လွယ်ကူကူ ညတွင်းချင်းကို ခရီးထွက်ချင်ရင် ထွက်နိုင်တယ်။ တရက်လောက် အချိန်ယူနိုင်ရင်တော့ ရန်ကုန်မြို့ကို တန်းပြီးတော့ သွားနိုင်တဲ့ အခြေအနေရှိတယ်။ ဒီကနေ ကော့သောင်ကိုသွားသွား၊ ထားဝယ်ကိုသွားသွား၊ ရန်ကုန်ကိုသွားသွား လွယ်လွယ်ကူကူ သွားနိုင်တော့ဆိုတော့ ဒါကလဲ ကုန်စည်စီးဆင်းတာပဲဖြစ်ဖြစ်၊ လူမှုရေးအရ သွားတာပဲဖြစ်ဖြစ်၊ ခရီသွားလုပ်ငန်းတွေအတွက် တော်တော်လေး အဆင်ပြေလာတယ်လို့တော့ ကျမ မြင်တယ်။ နောက်တခုက အစိုးရအနေနဲ့လဲ စီးပွားရေးကို ဖွံ့ဖြိုးလာအောင် တော်တော်လေး အားစိုက်ပြီးတော့ ကြိုးစားလာတယ်။ ကြိုးစားတဲ့အခါမှာ အခု နိုင်ငံခြားရင်းနှီးမြုပ်နံှမှု မဝင်ခင်မှာ ပြည်တွင်းရင်းနှီးမြုပ်နံှမှုတွေကို သူတို့ ချနိုင်အောင်လို့ ကြိုးစားတဲ့အခါမှာ ပြည်သူ့လူထုကလည်း တချိန်လုံး ခရိုနီဆိုတဲ့ ဝေါဟာရနဲ့ သူတို့ အမြင်မကြည်တာတွေ ရှိခဲ့တော့ ပြည်သူတွေဘက်က တုံ့ပြန်တာတွေလည်း ရှိတယ်။ ဒါပေမဲ့လဲ ကျမထင်တယ် ဒီဟာတွေကို ကျော်လွှာပြီးတော့ တနေ့တော့ လုပ်သွားနိုင်မယ်လို့တော့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂလိကလုပ်ငန်းတွေကို ဦးစားပေးလုပ်မှပဲ စီးပွားရေးက ဖွံ့ဖြိုးဖို့ တိုးတက်မှုက မြန်မယ်ဆိုတော့ ပုဂ္ဂလိကဘက်ကို တိုးတက်အောင် လုပ်ပေးနေတာတော့ ကျမတို့လည်း တွေ့ရတယ်။ အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ အခြားစက်မှုလက်မှု လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အဲဒီလိုမျိုး အခြေအနေမျိုးဆိုတော့ ကျမထင်တယ် တိုးပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ ပြေလည်သွားမယ်လို့ ကျမ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ ကျန်တဲ့ (၁) နှစ်တိုင်၊ (၂) နှစ်တိုင် ဒါမှမဟုတ် နောင်လာမယ့် ရွေးကောက်ပွဲမှာ အခြေအနေက ဒီထက်တိုးတက်လာမယ်လို့ မျှော်လင့်ထားတာ ရှိလား။ အဲဒီကနေ ဘာသင်ခန်းစာတွေ ရခဲ့သလဲ။

ဖြေ ။ ။ တကယ်တမ်း NLD အစိုးရတက်လာပြီဆိုတော့ ကျမတို့ အကောင်အထည်ဖော်နေတဲ့ အလုပ်တွေက နှောင့်နှေးတယ်လို့ ထင်ရပေမယ့် စေတနာနဲ့ တကယ့်စေတနာရင်းနဲ့ လုပ်နေတာကို တွေ့ရတဲ့အတွက် ဝန်ထမ်းတွေဘက်ကလည်း နောက်ပိုင်းမှာ ကူညီမှုတွေလည်း ပိုပြီးများလာတဲ့အတွက် ဒါက ပြောနေစရာမလိုအောင် နောက်သက်တမ်းမှာဆိုရင် ပိုပြီးလုပ်နိုင်မယ်ဆိုတာ ပြောနေစရာ မလိုအောင်ပဲ ရှိနေတယ်လို့ ကျမအနေနဲ့ ထင်တယ်။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်ရင်လည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့က ဒေသအတွက်နဲ့ ဒေသအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ ပြင်ပရောက်နေတဲ့ လူတွေအတွက်ပါ အရေးကြီးနေတော့ ဒီအပိုင်းကို ကျမတို့က ပိုပြီးတော့ စီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် အခုဖြစ်နေတဲ့ အခက်အခဲတွေက ပိုပြီးတောင် မြန်မြန်ဆန်ဆန် ကျော်လွှာနိုင်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG