တနင်္သာရီဒေသ ခရီးသွားလုပ်ငန်း တိုးတက်လာနေပေမယ့် ကြိုးနီစံနစ်တွေကြောင့် ဖြစ်သင့်သလောက် မဖြစ်လာဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒေသစီးပွားရေးအတွက် အထောက်အကူဖြစ်တဲ့ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ဆောင်သင့်ပါလဲ။ ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ တနင်္သာရီဒေသကြီးအောက်ပိုင်းက မြိတ်ကျွန်းစုတွေဟာ ပြည်တွင်းခရီးသွားတွေသာမကဘဲ နိုင်ငံခြားက ခရီးသွားတွေအကြားမှာ မကြာသေးမီကာလတွေအတွင်းက ရေပန်းစား၊ လူသိများလာတဲ့နေရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကစပြီး မြိတ်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကိုယ်ထူကိုယ်ထ၊ ကြိုးစားအားထုတ်မှုကြောင့် နိုင်ငံတကာမှာပါ နာမည်ကြီးလာတဲ့နေရာ ဖြစ်လာနေတာပါ။ အထူသဖြင့်တော့ မြိတ်ကျွန်းစုတွေဟာ လူသူအရောက်ပေါက်နည်းသေးတာမို့၊ တခြားခရီးသွားများတဲ့ ဒေသတွေထက်စာရင် သန့်ရှင်းမှု ပိုရှိတယ်ဆိုတဲ့အမြင်နဲ့ ပိုပြီးစိတ်ဝင်စားမှု ခံနေရတာလည်း ဖြစ်ပါတယ်။ မြိတ်ကျွန်းစုတွေဟာ သန့်ရှင်းပြီး သာယာလှပသလို၊ ကြည်လင်တဲ့ ပင်လယ်ရေပြင်ကြောင့် အရောင်အသွေးလှပတဲ့ သန္တာကျောက်တန်းတွေ ဖွံ့ဖြိုးရှင်သန်နေတာကို မြင်တွေ့ရတဲ့ ခရီးသွားတွေအတွက် စိတ်ကြည်နူးမှုကို အပြည့်အဝရစေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြိုးနီစနစ်တွေအဆင့်ဆင့် ရှိနေတာက မြိတ်ကျွန်းစုတွေနဲ့ တနင်္သာရီတိုင်းအတွင်းက ခရီးသွားလာရေး ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေတယ်လို့ ဒေသတွင်းမှာ ခရီးသွားလုပ်ငန်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကနေဒါအခြေစိုက် FCG Energy Private Company ရဲ့ မြန်မာပြည်ဌာနေကိုယ်စားလှယ် ဦးကျော်မိုး က ပြောပါတယ်။
ဦးကျော်မိုး ။ ။ ဥပမာ မြိတ်ခရိုင်ခရီးသွားလာ တိုးတက်ရေးအသင်းဆိုပြီးတော့ မြို့တော်ခရိုင်အုပ်ချုပ်ရေးမှူးက ဌာနပေါင်းစုံအများကြီး (၂၀) လောက်နဲ့ ပေါင်းထားတယ်။ ရည်ရွယ်ချက်ကတော့ အားလုံးကို ဆက်စပ်ပြီးတော့ လုပ်ဖို့ပဲ၊ သို့သော် အခုက ဘာဖြစ်နေလဲဆိုတော့ ဌာနပေါင်းစုံ အစည်းအဝေးကို တက်နေရတာနဲ့ လက်တွေ့လုပ်ရမယ့်အပိုင်းတွေမှာ ခက်နေတယ်။ တခုခုကို ခွင့်ပြုချက်ရဖို့ဆိုရင် သက်ဆိုင်ရာဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကို စောင့်ရတယ်။ သဘောထားမှတ်ချက်တွေပေးတဲ့ ဌာနတွေက ခရီးသွားလုပ်ငန်းဌာနတင်မကဘူး တခြားလုပ်ငန်းမှာလည်း ဟိုကော်မတီ ဒီကော်မတီပါတော့ ဌာနတွေမှာ ရှိတဲ့လူနဲ့ Resources နဲ့ မနိုင်တဲ့အခါကြတော့ လုပ်ငန်းတွေက မြန်မြန်ဆန်ဆန်နဲ့ ခွင့်ပြုချက်နဲ့ သဘောထားတွေတင်ဖို့ မဖြစ်နိုင်ဘူး။
ကိုဇော်ဝင်းလှိုင် ။ ။ ဥပေဒတွေကို တိတိကျကျ ပြဌာန်းပြီး အဲဒီအတိုင်း သေချာလိုက်နာဆောင်ရွက်ဖို့လည်း ဦးကျော်မိုးက ပြောပါတယ်။
ဦးကျော်မိုး ။ ။ ခရီးသွားလုပ်ငန်းအနေနဲ့ဆိုရင် ခရီးသွားဦးစီးဌာနက တာဝန်ယူပြီးတော့ အစိုးရကိုယ်စား Deal လုပ်ပြီး တင်လာတဲ့ဟာတွေကို မြန်မြန်ဆန်ဆန် Regulations - ခရီးသွားလုပ်ငန်းလုပ်မယ်ဆိုရင် ဒါတွေက စည်းကမ်းဥပဒေနဲ့ လိုက်နာရမယ်။ နိုင်ငံတော်ကို ဒီလောက် အခွန်ဆောင်ရမယ်။ ဒီလိုစည်းကမ်းတွေကိုပဲ Format ကို ချပေးလိုက်။ Format လိုက်တဲ့လူကိုပဲ ချပေးလိုက်။ မလိုက်နာတဲ့လူ၊ မမီတဲ့လူကို ပယ်ပြစ်လိုက်။
ကိုဇော်ဝင်းလှိုင် ။ ။ လက်ရှိမှာ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု များလာတာနဲ့အတူ ရောက်လာကြတဲ့ ပြည်တွင်းပြည်ပက ခရီးသွားတွေ တိုးလာပေမယ့်လည်း လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ လုံလုံလောက်လောက် မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။
ကိုကျော်မိုး ။ ။ လူတွေ လာကြတယ်။ ဟိုမှာ Facilities တွေက အဆင်သင့် မဖြစ်သေးဘူး။ တချို့ကျွန်းတွေဆိုရင် လူတွေသာ သွားလည်နေကြတာ နာမည်သာ Internet မှာ ကြီးနေတာ ဟိုမှာ ထိုင်စရာတောင်နေရာ မရှိဘူး။
ကိုဇော်ဝင်းလှိုင် ။ ။ ခရီးသွားလုပ်ငန်းပိုပြီးအောင်မြင်ရေးအတွက် ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် ဒေသခံအာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးသင့်တယ်လို့ ဦးကျော်မိုးက ပြောပါတယ်။
ဦးကျော်မိုး ။ ။ ဖြစ်သင့်တာက အခုလိုမျိုး ခရီးသွားလုပ်ငန်းဆိုရင်တော့ တိုင်းဒေသကြီးကို ပိုပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ပေးသင့်တယ်လို့ မြင်တယ်။ တိုင်းဒေသကြီးအစိုးရကလည်း သူ့နယ်မြေ သူ့ဒေသအကြောင်းကို ပိုသိတယ်။ ဥပမာ မြိတ်ကျွန်းစုတွေဆိုရင် နေပြည်တော်က လူတွေထက်စာရင် တနင်္သာရီတိုင်းက လူတွေကပိုပြီးတော့ ရင်းရင်းနှီးနှီး ပိုသိတယ်။ ကျွန်းတကျွန်းကို နာမည်ပြောလိုက်တာနဲ့ ဘေးပတ်ဝန်းကျင်အကြောင်းကို သူတို့က မြင်တယ်။
ကိုဇော်ဝင်းလှိုင် ။ ။ တဘက်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ အောင်မြင်အောင် လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတဲ့ တချိန်တည်းမှာပဲ ပြည်ပကရောက်လာပြီး တရားမဝင်လုပ်ကြမယ့် ကုမ္ပဏီတွေကိုလည်း ဟန့်တားဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူကထောက်ပြပါတယ်။
ကိုကျော်မိုး ။ ။တချိန်တည်းမှာပဲ မြန်မာပြည်က ဒီလိုမျိုး ဒီ Virgin ကျွန်းတွေကို သဘောကျပြီးတော့ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်တို့က ခရီးသွားလုပ်ငန်းတွေက လိုင်စင်မပါဘဲနဲ့ အဲဒီကို တိုက်ရိုက်ခရီးဆွဲနေတာတွေ ရှိတယ်။ ဒါမျိုးဆိုရင် အစိုးရက ကာကွယ်ရမယ်။ မြန်မာပြည်မှာ လိုင်စင်မရှိဘဲနဲ့ လာတဲ့လူတွေကို မတားဘူးဆိုရင် နောင်ဆို ကျနော်တို့က ဒီကျွန်းတွေကို ခေါ်မှာက နိုင်ငံခြားခရီးသွားတွေကို ဦးစားပေးပြီးတော့ ခေါ်မှာ။ အဲဒီလို နိုင်ငံခြားသားတွေခေါ်တဲ့အခါ နိုင်ငံခြားကုမ္ပဏီတွေက လိုင်စင်မရှိဘဲနဲ့ ရန်ကုန်မှာ ဘာသာစကားတတ်တဲ့ လူတယောက်လောက်ပဲ ခေါ်လာပြီးတော့ မြိတ်ကလူနဲ့ ဆက်စပ်ပြီး သူတို့ဘာသာလုပ်ရင် ဒေသခံတွေက ဘာမှရမှာ မဟုတ်ဘူး။ ဒါမျိုးလက်တွေ့ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ ကိုယ့်တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားလုပ်ငန်းလေးတွေကို ကာကွယ်ပေးတာမျိုးကို အစိုးရက ကန့်ပေးရမယ်။ မြန်မာပြည်မှာ ဘယ်နိုင်ငံခြားကုမ္ပဏီ တရားဝင်မှတ်ပုံမတင်ထားတဲ့ ကုမ္ပဏီတွေဆိုရင် ခရီးသွားလုပ်ငန်း လုပ်ခွင့်မရှိဘူး။ မလုပ်အောင်လည်း ကြီးကြပ်ရမယ်။ ဒါမျိုးကြတော့လည်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကလည်း အသင်းတွေဖွဲ့ပြီးတော့ ဒါမျိုးဖြစ်လာရင် စုပေါင်းပြီးကာမှ၊ မဟုတ်ရင် ပေါ်လာတဲ့ အခွင့်အလမ်းတွေဟာ ကျနော်တို့ရမှာမဟုတ်ဘဲ၊ နိုင်ငံခြားသားတွေက သူတို့နိုင်ငံက ခရီးသည်တွေကို သူတို့ကုမ္ပဏီတွေနဲ့ ခေါ်ပြီးတော့ ကိုယ့်ဆီက လှေခ၊ ဘာသာပြန်ခလောက်နဲ့ ရသွားတယ်။ တကယ့်ခရီးသွားရဲ့ အကျိုးအမြတ်တွေက ကျနော်တို့က ရမှာမဟုတ်ဘူး။ သို့သော်လဲ တခုခုဖြစ်သွားပြီဆိုရင် အဲဒီလူတွေက မြန်မာပြည်မှာ လိုင်စင်လည်းရှိတာ မဟုတ်ဘူး။ မြန်မာပြည်မှာလည်း ရုံးထိုင်ထားတာ မဟုတ်ဘူး။ ဒါမျိုးလေးတွေကို အခုစပြီး တွေ့နေရပြီ။
ကိုဇော်ဝင်းလှိုင် ။ ။ ဦးကောင်းကျော်မိုးဟာ J Flower Company က ဒါရိုက်တာအဖွဲ့ဝင်တဦးပါ။ ကမ္ဘာလှည့်ခရီးသွားတွေ လွတ်လပ်စွာ သွားလာခွင့်မရအောင် ကြိုးနီစနစ်တွေက အဟန့်အတား ဖြစ်နေတဲ့အကြောင်းကို သူကလည်း ပြောပါတယ်။
ကိုကောင်းကျော်မိုး။ ။ ဥပမာ Foreigner တယောက် ကျနော်တို့မြိတ်ကို လာမယ်ဆိုရင် ကျွန်းသွားလည်မယ် - နေ့ချင်းပြန်ဆိုပါတော့ - အဲဒါကို Permission (၅) ရက် သို့မဟုတ် တစ်ပတ် ကြိုတင်ရတယ်။ အဲဒါ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။ ခရီးသွား Individual တွေက သူတို့ဘာသာသူတို့ ဘယ်နေ့ဘယ်အချိန် လာမယ်ဆိုတာ သူတို့ မသိဘူး။ ရောက်တဲ့အချိန် သူတို့ ကောက်သွားချင် သွားမှာပဲ။ အဲဒီလို ရောက်တဲ့အချိန်ကို နင်တို့မရဘူး။ (၅) ရက် ပတ်ဝန်းကျင် တင်ပြီးမှ သွားရမယ်ဆိုရင်တော့ ဒီကိုလာပြီးတော့ - အဓိက ဒီကိုလာရတဲ့အကြောင်းရင်းက ကျွန်းသွားချင်တယ်။ အခုက ကျွန်းသွားချင်တဲ့ဟာကို Restriction (၅) ရက် သို့မဟုတ် တစ်ပတ် Permission ကြိုတင်ရတဲ့ ဥပဒေက ထုတ်ထားတယ်။ အဲဒါ ဘယ်နည်းနဲ့မှ အဆင်မပြေဘူး။ ဟိုတယ်အတွက် (၅) ရက်စောင့်ဖို့ သူမှာ ပိုက်ဆံမရှိဘူး။ ဘယ်လိုဖြစ်သလဲဆိုတော့ ဒါက လုံးဝအခက်အခဲရှိတော့ မသွားဘဲ ပြန်တဲ့ ရာခိုင်နှုန်းများတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်တုန်းက အဲဒီလိုရှိတယ်။ အခုနောက်ပိုင်းတော့ ကျနော်တို့လည်း နည်းနည်းတောင်းဆိုရင်၊ သူတို့လည်း ဖြေလျှော့နဲ့ ကြာလာတော့ အခုက နေ့ချင်းပြန်ဆိုရင်တော့ရတယ်။ ပေးသွားတယ်။ ဒါပေမဲ့ ညအိပ်ခရီးစဉ်တွေဆိုရင်တော့ (၁၀) ရက် ကြိုတင် Permission တောင်းရတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ခံတွေနဲ့ တွေ့ဆုံစဉ်တုန်းကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု၊ ပညာရေး၊ မြေယာသိမ်းဆည်းခံရမှု၊ ငါးလုပ်ငန်း၊ ကျန်းမာရေး၊ သယံဇာတ အသုံးချမှု၊ အုပ်ချုပ်ရေးယန္တယား ပြင်ဆင်ဖို့ကိစ္စတွေအပြင် ဒေသခံခရီးသွားလုပ်ငန်းရှင်တချို့က သူတို့အတွက် အဟန့်အတားဖြစ်နေတဲ့ ကြိုးနီစနစ်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တနင်္သာရီတိုင်းဒေသအတွင်းက ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်လာအောင် လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ဒေသဖွံ့ဖြိုးရေးအတွက်ပါ အထောက်အကူဖြစ်စေမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ အစိုးရဘက်က ပြင်ဆင်နေတဲ့အကြောင်းကိုလည်း ဦးကောင်းကျော်မိုး က ပြောပါတယ်။
ကိုကောင်းကျော်မိုး ။ ။ အခုစပြီးတော့ သူတို့အနေနဲ့ Community Based Tourism ဆိုပြီး စလုပ်ဖို့ အစီအစဉ်ရှိတယ်။ အဲဒါကတော့ နေ့ချင်းပြန် ခရီးသွားလာကြတဲ့ .. ရွာကို ရွေးထားတယ်။ ဆလုံတွေ နဲ့ တခြားလူမျိုးတွေလည်း ရှိတယ်။ သူတို့က ဘာလုပ်ချင်လဲဆိုရင် ဒီက ရွာသားတွေကို ပညာသင်ပေးမယ်။ ဗဟုသုတတွေပေးမယ်။ ကျနော်တို့က အဲဒီရွာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ အဲဒီရည်ရွယ်ချက်နဲ့ Community Based Tourism ဆိုပြီးတော့ စလုပ်ဖို့တော့ ရှိတယ်။ ကုမ္ပဏီတွေ ကျနော်တို့ Leading local companies တွေကို သူတို့ခေါ်လိုက်ပြီး ရင်းနှီးမြုပ်နံှမှုလုပ်မလား၊ လုပ်ပေးပါ - ရွာလေးတရွာကို Community Based Tourism လေး ဖြစ်အောင် လုပ်ပေးပါဆိုပြီးတော့ တောင်းဆိုတယ်၊ ဖိတ်ခေါ်တယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ဒေသခံတွေ ဝင်ငွေပိုကောင်းအောင် လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာကိုလည်း သူက ရှင်းပြပါတယ်။
ကိုကောင်းကျော်မိုး ။ ။ ကျနော် အခုနပြောတဲ့ Community Based Tourism လုပ်မယ့် … ရွာလေးမှာ ဘယ်လိုလုပ်လို့ရသလဲဆိုရင် လက်မှုပညာလေးတွေ။ ဟိုတုန်းကဆိုရင် အုန်းသီးတွေကို Handy crafts ပြန်လုပ်တဲ့ ပညာမျိုးလေးတွေကို အစိုးရအနေနဲ့ လုပ်တတ်တဲ့လူကို ဖိတ်ခေါ်ပြီးတော့ အစိုးရအနေနဲ့ ပညာပေးလိုက်ရင် သူတို့အနေနဲ့ အဆင်ပြေသွားလိမ့်မယ်။ လက်မှုပညာလေးတွေဆိုတော့ အမှတ်တရပစ္စည်းအနေနဲ့ ရောင်းလို့ထွက်သွားမယ်။ အကုန်လုံးအတွက်တော့ Win-Win Situation ဖြစ်မယ်။ ပိုဝင်ငွေရနိုင်တယ်။ အုန်းခွံတွေလည်း Waste မဖြစ်တော့ဘူး။ အခုက အုန်းသီးရောင်းတယ်။ အုန်းခွံကို လွှင့်ပစ်လိုက်တယ်။ ဘာမှမလုပ် မီးရှို့လိုက်တယ်။ ဘာမှအဆင်မပြေ၊ လူတွေအတွက်လည်း အကျိုးမရှိဘူး။
မေး ။ ။ မြိတ်ကျွန်းစုတွေနဲ့ တနင်္သာရီတိုင်းအတွင်းက ခရီးသွားလုပ်ငန်းတွေအပေါ် ဒေသတွင်းလုပ်ငန်းရှင်တွေရဲ့ အမြင်တွေကလည်း အမျိုးမျိုး ရှိကြတာပါ။
ဒေသခံ ။ ။ မြိတ်နားတဝိုက်မှာ လှတဲ့ကျွန်းတွေ အများကြီးကျန်သေးတယ်။ ဒါပေမဲ့ အစိုးရကတော့ အရင်တုန်းက ပုလဲနဲ့ အစိုးရအတွက် ဝင်ငွေအများကြီးရတော့ အဲဒါကို ဦးစားပေး စလုပ်ပေးတယ်။ ကျနော်တို့ ခရီးသွားလုပ်ငန်းကလည်း အများကြီးလုပ်ပေးနိုင်တယ်။ အခုမြိတ်မှာဆိုရင် ၂၀၁၆ လောက်ကစပြီးတော့ အများကြီးလုပ်လာကြတယ်။ အရင်က Agent က လေးခုလောက်ပဲ ရှိတယ်။ အဲဒီလိုမျိုး လုပ်ပေးတဲ့ Agents. ကျနော်တို့ထက် ဦးတဲ့ Agents တွေ ရှိသေးတယ်။ တစ်ခု၊ နှစ်ခု။ ဒါပေမဲ့ အခုနောက်ပိုင်း ကျနော်တို့မှာ (၂၃) ခုလောက်အထိ ရှိလာတယ်။ ကျွန်းတွေကို ခရီးသည်ပို့ပေးတဲ့ ကုမ္ပဏီတွေ - Travel and Tour တွေ။ အဲဒီက ဘာတွေရသလဲဆိုရင် လေယာဉ်လည်း အရင်တုန်းက ခက်ခဲတယ်။ လေယာဉ်စီးဖို့ကို တစ်ပတ်လောက် ကြိုတင် Booking လုပ်ရတယ်။ အခုနောက်ပိုင်းတော့ ချက်ချင်း Online ကနေ ဝယ်လို့ရတယ်။ မြန်သွားတယ်။ မြန်မာ့လေကြောင်းလိုင်းက နှစ်ကြိမ်လောက် တိုးပြီးတော့ လာပေးတယ်။ လေယာဉ်ပေါ်က လာပြီးတာနဲ့ တက္ကစီသမားတွေ စပြီးတော့ ပိုက်ဆံရတယ်။ နောက် ကျနော်တို့မြိတ်မှာထွက်တဲ့ ငှက်သိုက်တို့၊ ပုဇွန်ခြောက်၊ ငပိတို့ တော်တော်ကို ရောင်းအားကောင်းသွားတယ်။ ပြီးတော့ Local စားသောက်ဆိုင်လေးတွေ၊ Local ပစ္စည်းတွေ တော်တော်ကို ရောင်းအားကောင်းသွားတယ်။
ကျနော်ထင်တာက ကျနော် လုပ်နေလို့မဟုတ်ဘူး ခရီးသွားလုပ်ငန်းသာ ကျနော်တို့ မြန်မာပြည်မှာ လုံးဝအကောင်အထည် ဖော်လာပြီး၊ လုံးဝ Heavy ဖြစ်လာခဲ့ရင် အားလုံးသောလူတွေ အဆင်ပြေသွားနိုင်မယ်ဆိုတာကို အာမခံရဲတယ်။
ခရီးသွားလုပ်ငန်းလည်း ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် မြိတ်မှာလည်း အများကြီးဖြစ်လာပြီ။ ကုမ္ပဏီတွေ ကျနော်တင်မဟုတ်ဘူး အများကြီး ပေါ်လာတော့လည်း ပိုပြီးတိုးတက်တာပေါ့။ ဒါ့အပြင် ဒေသခံတွေအတွက်တော့ စီးပွားရေးလုပ်ငန်းလည်း ပိုအောင်မြင်လာတာပေါ့။ မြိတ်မှာရှိတဲ့ Local ဆင်းလာတယ်၊ နိုင်ငံခြားသားတွေ ဆင်းလာတော့ စားသောက်ဆိုင်တွေ ရောင်းရတယ်။ ဒေသထွက်ပစ္စည်းတွေ ရောင်းရတော့ ကျနော်တို့လည်း ပီတိ ဖြစ်တာပေါ့။ နိုင်ငံတော်ရဲ့ အထောက်အကူ အများကြီးလိုပါတယ်။ အခုက ကျနော်တို့က ကိုယ်ဘာသာအချင်းချင်းပဲ အစုအဖွဲ့နဲ့ သွားနေတာ။ နိုင်ငံတော်ကနေ လိုအပ်တဲ့ဟာလေးတွေ လုပ်ပေးမယ်ဆိုရင်တော့ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမှာပေါ့။ တနင်္သာရီတိုင်းလည်း နာမည်လေး အရမ်းထွက်လာမှာပေါ့။
ကိုဇော်ဝင်းလှိုင် ။ ။ မြိတ်မြို့အနီးဝန်းကျင်မှာရှိတဲ့ ကျွန်းစုအများစုဟာ ဒီနေ့အထိ အရိုင်းအဆင့်မှာပဲ ရှိနေပါသေးတယ်။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည်တွင်းက ခရီးသည်တွေ ဒီနေ့သွားနေကြတဲ့ ကျွန်းသုံးလေးခု ဆိုတာလည်း သဘာဝအလှအတိုင်း ရှိနေကြဆဲ ဖြစ်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေတွေ၊ လေထုသန့်ရှင်းမှုနဲ့ သန္တာကျောက်တန်းတွေဟာ နဂိုမူလအတိုင်း ရှိနေကြဆဲ ဖြစ်ပါတယ်။ မကြာတော့တဲ့ နှစ်အနည်းငယ်အတွင်း ခရီးသည်တွေ အများအပြား ရောက်ရှိလာမယ်ဆိုရင်တော့ နိုင်ငံတော်အတွက် ဝင်ငွေတိုးပြီး၊ ဒေသခံတွေအတွက်လည်း ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဝင်ငွေတိုးလာတာနဲ့အမျှ ဒီသာယာလှပတဲ့ သဘာဝအလှအပတွေကို ဘယ်လောက်အထိ ထိန်းသိမ်းထားနိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဒီအတွက် နိုင်ငံတော်အစိုးရရဲ့ ကူညီပံ့ပိုးမှု၊ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုအပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသွားတွေရဲ့ အားလုံး ဝိုင်းဝန်းကြိုးစားမှုနဲ့ ဒီသာယာလှပတဲ့ သဘာဝအလှတွေကို ထိန်းသိမ်းသွားကြရမယ် ဖြစ်ပါတယ်။