သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ၈၈ မျိုးဆက်အင်အားစု


Peace Talk with Kachin
Peace Talk with Kachin
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ စစ်ရေးအခြေအနေ မအေးသေးတဲ့ ကချင်ဒေသ အခြေအနေတွေကို သွားရောက်စုံစမ်းလေ့လာနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးနဲ့ ဆက်သွယ်ပြီးတော့ ဦးသန်းလွင်ထွန်း က ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ မြန်မာစစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေကြပြီး မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေတောင် လုပ်ခဲ့ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း သူတို့ဘက်ကို လက်နက်ကြီး အမြောက်ဆံတွေ ကျရောက်ခဲ့တယ်လို့ သတိပေးမှုတွေ လုပ်ခဲ့ရပါတယ်။ ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့နဲ့ အနီးတဝိုက်မှာတော့ အခြေအနေက အထိတ်တလန့် ရှိနေပြီ၊ စစ်ပြေးဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိနေတယ်လို့ အဲဒီကို သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး က ဗွီအိုအေကို ပြောပြပါတယ်။

ဦးမြအေး ။ ။ ဇူလိုင်လတုန်းက လိုင်ဇာကို တစ်ခေါက်ရောက်ခဲ့တယ်။ ပြီးခဲ့တဲ့ ဇူလိုင်မှာ။ အခု ဒီ တစ်ခေါက်ထပ်ရောက်တာပေါ့။ ရောက်တဲ့အချိန်မှာတော့ အခြေအနေ နည်းနည်းကွာခြားမှု ရှိတယ်။ လိုင်ဇာမြို့ပေါ်မှာရှိတဲ့ ပြည်သူလူထု အခြေအနေ ကြည့်မယ်ဆိုရင် အရင်ကလောက် လိုင်ဇာမြို့က စည်းစည်းကားကား မရှိတော့ဘူး။ နဂိုကမှ ခြောက်ကပ်တာကနေ ပိုခြောက်ကပ်သွားတာကို တွေ့ရတယ်။ ည (၉) နာရီကျော်လို့ရှိရင် လိုင်ဇာမှာ အပြင်ထွက်တာ မရှိတော့ဘူး။ အပြင်ထွက်ခွင့်လည်း မရှိတော့ဘူး။ အဲဒီ အခြေအနေကို သွားတွေ့တယ်။ စစ်ပြေးဒုက္ခသည်တွေ စခန်းမှာတော့ နဂိုအတိုင်းပဲ စစ်ပြေးဒုက္ခသည်တွေက ဒုက္ခသုက္ခနဲ့ ရင်ဆိုင်ရမြဲဖြစ်တယ်။ နောက် စစ်ပြေးဒုက္ခသည်စခန်းမှာ အရင်တုန်းကတော့ ဝါးကပ်လေးတွေနဲ့ တဲထိုးပြီး နေရတဲ့ အခြေအနေမျိုးထက် ပိုဆိုးတဲ့ အခြေအနေက ဘာလဲဆိုတော့ စားဝတ်နေရေး ကြပ်တည်းမှု ပြဿနာ၊ နောက်တစ်ခု ပိုဆိုးလာတာကတော့ အခုက ဘယ်အချိန် လက်နက်ကြီး ကျမလဲ။ ဘယ်အချိန် လေယာဉ်ပျံနဲ့ ဝင်ပြီးတိုက်ခိုက်မလဲဆိုတဲ့ စိတ်ခြောက်ခြားမှုတွေ trauma ရနေတာကို သွားတွေ့တယ်။

အဲဒီတော့ အဲဒီမှာ လူကြီးတွေက ဘာလုပ်လဲဆိုတော့ သူတို့ရဲ့ တဲလေးတွေနဲ့ မလှမ်းမကမ်းမှာ တဲရှေ့မှာပဲ ဝပ်ကျင်းလေးတွေ ဗုံးခိုကျင်းပုံစံမျိုးလေးတွေ တူးထားတာကို သွားတွေ့တယ်။ အဲဒါ ထူးခြားချက်ပဲ။ အဲဒီ ဗုံးခိုကျင်းလေးတွေကို ခလေးတွေက ဘာမှနားမလည်းတဲ့အခါကြတော့ ခလေးတွေက ဗုံးခိုကျင်းထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ကစားကွင်းတစ်ခုလို ဖြစ်နေတာတော့ စိတ်မကောင်းဖွယ် တွေ့ရတယ်။ ဒါက ကျနော် မြင်ခဲ့တဲ့ အခြေအနေပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်းပေါ့။ တစ်ပိုင်းက ဘာလဲဆိုတော့ လိုင်ဇာမြို့ အခြေအနေ နဲ့ နောက်တစ်ပိုင်းက စစ်ပြေးဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ။ ဒီ စစ်ပြေးဒုက္ခသည်စခန်းတွေက လိုင်ဇာမြို့နဲ့ ဘယ်လောက်လောက်မှာဝေးလဲ။

ဦးမြအေး ။ ။ လိုင်ဇာမြို့နဲ့ မြို့ထဲမှာ တစ်ခုရှိတယ်။ လိုင်ဇာမြို့နဲ့ ကျနော်ထင်တယ် (၃-၄) မိုင်လောက် အဲဒီလောက်ပါပဲ ခန့်မှန်းရတော့ နည်းနည်းခက်တယ်။ ငါးမိုင်လောက်ဝေးတဲ့ နေရာမှာ စခန်းနှစ်ခု ထပ်ရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အကြမ်းမျဉ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ လိုင်ဇာမြို့ထဲကိုယ်တိုင်မှာပဲ အတိုက်အခိုက်ခံရမှာကို ကြောက်ကြောက်လန့်လန့် ဖြစ်နေရတယ်ဆိုတဲ့ သဘောပေါ့။

ဦးမြအေး ။ ။ ဟုတ်တယ်။ လူထုရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ နောက်တစ်ခုက အရင်လို … လိုင်ဇာမြို့ထဲမှာ လက်နက်ကိုင် ကေအိုင်အေ တပ်သားတွေ သွားလာလှုပ်ရှားမှု များပြားတာကို မြင်ရတယ်။ အရင်ကထက်ဆလို့ရှိရင်။ ဒါကတော့ ခြောက်လအတွင်း ထူးခြားသွားတဲ့ အခြေအနေ ပြောင်းလဲမှု အခြေအနေပဲ။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်က ကြားရတဲ့ သတင်းအရဆိုလို့ရှိရင်တော့ ဒီ မြန်မာစစ်အစိုးရဘက်က လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတဲ့ ကတိမျိုးတွေ ရှိနေတယ် မဟုတ်ဘူးလား။ အဲဒီလို ကတိမျိုးတွေ ရှိရဲ့သားနဲ့ ဘာကြောင့် လိုင်ဇာအထိ စိုးရိမ်ပူပန်မှုတွေက ရှိနေရသလဲ။

ဦးမြအေး ။ ။ ဒါကတော့ ရှင်းပါတယ်ဗျာ။ သမ္မတကြီးအနေနဲ့ ထိုးစစ်ကို ရပ်ဆိုင်းလိုက်ပါလို့ အမိန့်ပေးခဲ့တာ အားလုံးသိတာပဲလေ။ ဒါပေမဲ့ စစ်ပွဲအရှိန်အဝါ ရပ်မသွားတာ ဘယ်လောက်ကြာပြီလဲ။ အကုန်မြင်တာပဲ။ လိုင်ဇာမြို့ကို မတိုက်ခိုက်ဘူးဆိုပေမယ့်လည်း အခု ဒီဘက်က ပြောကြားချက်။ ကျနော် ဒီမှာတွေ့တဲ့ စစ်သားတွေရဲ့ အခြေအနေ။ ကေအိုင်အေ စစ်သားတွေကို မေးမြန်းချက်အရတော့ တောင်ကုန် ၇၇၁ ကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်။ သိမ်းပိုက်ထားတယ်ဆိုတော့ တောင်ကုန် ၇၇၁ က လက်နက်ကြီးတွေ လိုင်ဇာမြို့ထဲကို သေချာပေါက် ကျနေပြီ။ ပစ်မယ်ဆိုလို့ရှိရင်။ အဲဒီတော့ လိုင်ဇာမြို့ကို သိမ်းပိုက်ဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေလည်း အများကြီးထွက်နေတယ်။ နောက်တစ်ခုက ပိုစိုးရိမ်တာက သတင်းတွေက တိကျမှန်ကန်မှု ဘယ်လောက်ရှိတယ်၊ မရှိဘူးဆိုတာတော့ မပြောတတ်ဘူး။ လိုင်ဇာကိုသိမ်းဖို့၊ အပြီးသတ်ချေမှုန်းမယ်ဆိုတဲ့ သတင်းတွေ၊ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ သတင်းတွေက ဒီဘက် လိုင်ဇာတမြို့လုံးမှာ ပြန့်နံှ့နေတာဗျ။ အဲဒီတော့ ဒီကလူတွေ စိုးရိမ်ပူပန်နေတယ်။ ကျနော်အနေနဲ့ သတင်းမှန်၏မှား၏ဆိုတာကို မဆိုလိုဘူး။ သတင်းဖြစ်ပေါ်နေတာကို ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ လက်နက်ကြီးအပြင် လေကြောင်းက တိုက်ခိုက်နေတယ်ဆိုတဲ့ အခြေအနေတွေကရော ဘယ်လောက်အထိ လူထုအကြားမှာ ခြောက်ခြားမှုတွေ ဖြစ်စေသလဲ။

ဦးမြအေး ။ ။ အခုဟာက ဒီမှာရှိတဲ့ နဖူးတွေဒူးတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ တပ်သားတွေရဲ့ ပြောကြားချက်အရ။ နောက်တခါ တာဝန်ရှိ ကေအိုင်အေ က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက် စကားတွေအရဆိုလို့ရှိရင် ဒီ လေကြောင်းကနေ helicopter နဲ့ လေယာဉ်တွေသုံးပြီး မြေပြင်ပါ တိုက်ခိုက်မှု၊ ပူးတွဲ စစ်ဆင်တိုက်ခိုက်တယ်ဆိုတာကတော့ မြန်မာ့နိုင်ငံသမိုင်းမှာ ပြည်တွင်းစစ်မှာ တစ်ခါမှ မရှိခဲ့ဘူးလို့ ထင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိတယ်ဆိုတော့ ဒီဟာပေါ်မှာ အလွန်တရာ အလေးအနက်ထားတာတော့ တွေ့ရတယ်။ နောက် လက်နက်ကြီး ပစ်တဲ့ဟာလဲ ပြောကြားချက်အရ ကျနော်တို့ သိရတာက တစ်နေ့ကို အလုံး ရာနဲ့ချီပြီးတော့ ပစ်နေတယ်။ ဒီမနက်ကပင် ABSDF က ရဲဘော်တစ်ယောက် လက်နက်ကြီးမှန်ပြီး ကျတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ တိတိကျကျ သတင်းထုတ်ပြန်မှု၊ ဘာရှိသလဲ။ ဥပမာ အရပ်သားဘက်က ဘယ်နှစ်ယောက် ထိခိုက်တယ်။ သေကြေတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ကချင်ဘက်က၊ ABSDF ဘက်က သေကြေထိခိုက်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာတွေကရော ဘာတွေကြားရသလဲ။

ဦးမြအေး ။ ။ လက်ရှိအခြေအနေအရတော့ ABSDF က သေဆုံးမှုကတော့ အခုအချိန်အထိတော့ တစ်ယောက်။ ကျန်တဲ့ ဒဏ်ရာရတဲ့ စာရင်းတွေတော့ ရှိတာပေါ့။ KIA တပ်ဘက်က ကျဆုံးမှုဆိုတဲ့ အနေအထားရယ်။ ဒဏ်ရာရရှိမှု အနေအထားတွေကိုတော့ တိတိကျကျ မသိဘူးဗျ။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးမြအေး ပြောသလို သမ္မတကြီးကိုယ်တိုင်က ထိုးစစ်ဆင်တာတွေရပ်ဖို့။ အပစ်အခတ်တွေ ရပ်ဖို့ဆိုပြီးတော့ အမိန့်ထုတ်ပြန်ပေးထားတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲကပါ။ ဒါပေမဲ့လဲ အခုဆိုလို့ရှိရင် တစ်နှစ်ကျော်သွားပေမဲ့ တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတုန်းပဲဆိုတာကို တွေ့ရတယ်။ ဦးမြအေးတို့အနေနဲ့ အခုလို ကချင်ပြည်ထဲကို ထဲထဲဝင်သွားပြီး တဖက်က ကေအိုင်အေ အဖွဲ့တွေနဲ့လည်းသွားပြီး စကားပြောကြည့်တဲ့ အခါကြတော့ ဒီလို အပစ်အခတ် မလုပ်နိုင်သေးတဲ့ အခြေအနေက ဘာကြောင့်လဲလို့ ယူဆလဲ။

ဦးမြအေး ။ ။ အဓိကက ကျနော်မြင်တဲ့အမြင်က ပြဿနာက ဘာလဲဆိုရင် (၁၇) နှစ်တိတိ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတစ်ခုကို အပစ်အခတ်ရပ်စဲရေး ပြန်လုပ်ကြရအောင်လို့ ပြောတဲ့ဟာက confidence building ကြီးတစ်ခုလုံး ပြိုလဲပြီး ပြန်တည်ဆောက်ရမယ့် ကိစ္စဖြစ်လာတယ်။ ဒါက တခြားအခြေအနေတွေနဲ့ မတူဘူး။ (၁၇) နှစ်တိတိ ကေအိုင်အေ က အပစ်အခတ်ရပ်စဲတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပါမယ်လို့ ပြောပြီး၊ မလုပ်ခဲ့တဲ့ သင်ခန်းစာကို သူတို့က ယူထားတယ်။ ယူထားတယ်ဆိုတဲ့အခါကြတော့ အဲဒီသင်ခန်းစာက နောက်တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ထပ်ပြီး စစ်ပွဲတွေ ပြန်ဖြစ်မယ့်ဟာမျိုးကို လိုလားတဲ့ပုံစံမျိုး မရှိဘူး။ အဲဒီအခါကြတော့ လိုချင်တဲ့အချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတဲ့ တိကျတဲ့ ကတိကဝတ် အာမခံချက်ကို တိတိလင်းလင်း ထုတ်ပေးဖို့ လိုမယ်။ တိတိလင်းလင်း ထုတ်ပေးမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးသာမက ရေရှည်တည်တန့်ခိုင်မြဲမယ့် ငြိမ်းချမ်းရေးတစ်ခုကို တည်ဆောက်သွားမယ့် process တစ်ခု ပေါ်လာနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ကတော့ အဲဒီလို မြင်တယ်။ တဖတ်နဲ့တဖတ်က စကားတွေနဲ့ ပြောမယ့်အစား၊ တိကျတဲ့ အာမခံချက်တစ်ခုကို အစိုးရဘက်က ပြောမယ်ဆိုရင်တော့ ပြေလည်သွားနိုင်စရာရှိတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဝန်ကြီးဦးအောင်မင်းပါတဲ့ အစိုးရကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်တပ်ဘက် လက်တွေ့စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့၊ ညွှန်းကြားနေတဲ့ မြန်မာစစ်တပ်ကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ မမြင်ဘူးလား။

ဦးမြအေး ။ ။ အဲဒီလိုတော့ ကျနော် မသုံးသပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က သုံးသပ်တဲ့အခါမှာ စစ်တပ်ကို ဖယ်ပြီးတော့မှ အစိုးရကို ကောင်းကြောင်းပြောတာမျိုး။ အစိုးရကိုဖယ်ပြီး စစ်တပ်ကို ကောင်းကြောင်းပြောတာမျိုး။ အစိုးရနဲ့ စစ်တပ်ကိုဖယ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ကောင်းကြောင်းပြောတာမျိုးဆိုတဲ့ တစ်ခုခုပေါ်မှာ အသာစီးရသွားစေမယ့် စကားမျိုးကို မသုံးချင်ဘူး။ အဓိကတော့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ စစ်တပ်၊ အစိုးရ နဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ အကုန်လုံးပူးပေါင်းပြီး ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံး ဘယ်သူ့ဘယ်သူကိုမှ နာစေဆိုတဲ့ စိတ်ထားမျိုးနဲ့ ကျနော် မပြောချင်ဘူးဗျ။ အားလုံး ဝိုင်းတည်ဆောက်ဖို့ကိုပဲ ကျနော် တိုက်တွန်းချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ အခုလောလောဆယ်မှာက ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြောင်းတွေကို ပြောကြမယ်ဆိုလို့ရှိရင်လဲ ကျနော်တို့ လေ့လာရသလောက်ကတော့ နေရာအနေအထား ရွေးချယ်မှု၊ ဆွေးနွေးဘက် ကိုယ်စားလှယ်ရွေးချယ်မှု။ အဲဒါတွေကအစ အခြေခံအချက်တွေမှာတောင် ပြေလည်မှုမရဘဲနဲ့ ရွှေလီမှာ တွေ့မယ်။ လိုင်ဇာမှာတွေ့မယ်။ နေပြည်တော်မှာတွေ့မယ် အမျိုးမျိုး ဖြစ်နေတာတွေရှိတယ်။ နောက် တဖက်ကလည်း ပြီးခဲ့တဲ့ နောက်ဆုံးဆွေးနွေးပွဲတွေတုန်းကဆိုရင်လည်း တဖက်က ဟိုလူမပါလို့၊ ဒီလူမပါလို့ဆိုတဲ့ အနေအထားမျုးိတွေနဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်နိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ်။ အဲဒီတော့ အကြမ်းမျဉ်းအားဖြင့်တော့ ဒီလိုမအောင်မြင်တဲ့အတွက် ဒေသခံလူထုတွေပဲ နစ်နာကြရတယ်။ တိုင်းပြည်လည်း နစ်နာရတယ်။ ဆိုတော့ ဒီနေရာမှာ ဆွေးနွေးပွဲတွေ ထပ်ပြီးဖြစ်လာဖို့ဆိုရင် ကိုမြအေး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ကျောင်းသား ၈၈ မျိုးဆက်အဖွဲ့တွေရဲ့တိုက်တွန်းချက်က ဘာလဲ။

ဦးမြအေး ။ ။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ နည်းနည်းလည်း ပြောချိန်တန်ပြီးဆိုတော့ နည်းနည်းတော့ ပွင့်ပွင့်လင်းလင်းပဲ တချို့ဟာတွေ ချပြီးပြောရတော့မယ်။ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့က ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့၊ နေရာဒေသတွေ ရွေးချယ်မှုအပေါ်မှာ ဆွေးနွေးပွဲပျက်ပြားတာမျိုး မဖြစ်စေဖို့ ဆွေးနွေးပွဲလုပ်ပါ။ လုပ်ခဲ့မယ်ဆိုလို့ရှိရင် ၈၈ အနေနဲ့က နှစ်ဖက် တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ ဒီဘက်က ကေအိုင်အေ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ့်နေရာမှာ ကျနော်တို့ လုံခြုံရေးယူဆိုလည်း ယူပေးပါမယ်။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ဘယ်နေရာကပါရပါရ အားလုံး ဝိုင်းရံပေးမယ်။ နောက်ဆုံး တဖတ်နဲ့ တဖတ် confidence building ယုံကြည်မှု ပြန်တည်ဆောက်တဲ့အခါမှာ ကျနော်တို့အနေနဲ့ အတူတူ တဖတ်ကတဖတ်ကို လုပ်ကြံလို့ ပစ်ကြခတ်ကြ၊ သတ်ကြဖြတ်ကြဆိုရင်တောင် ကျနော်တို့အတူတူ ပါဝင်ပြီး အသေခံပါမယ်ဆိုတဲ့အကြောင်း တိတိလင်းလင်း၊ ရှင်းရှင်းလင်းလင်းကို ကိုမင်းကိုနိုင်ကိုယ်တိုင် စာရေးပြီး ကေအိုင်အို ကို ပို့ခဲ့ဘူးပါတယ်။ ဒါက ကျနော်တို့ အဲဒီလောက်အထိ ကြိုးစားခဲ့တာ ရှိပါတယ်။ အဲဒီ message ကိုလည်း ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အချိန်မတန်လို့ အဲဒီဟာကို လုံးဝအပြင် public ကို သိရှိအောင် မပြောခဲ့ပါဘူး။ အခုတော့ ပြောချိန်တန်ပြီဖြစ်တဲ့အတွက်ကြောင့် ပြောပါမယ်။ ဒါက ဇူလိုင်လ လိုင်ဇာကို ကျနော်လာပြီးကတည်းက ကျနော်တို့ စီစဉ်ဆောင်ရွက်ထားတဲ့ကိစ္စပါ။ အဲဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အဓိကတော့ ဆွေးနွေးပွဲ ဖြစ်မြောက်မယ်။ ဆွေးနွေးပွဲကနေ တိကျခိုင်မာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင် ၈၈ ကို ခိုင်းပါ။ ၈၈ အနေနဲ့ ဘယ်နေရာကပါရပါရ ပါဝင်ပါမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ အဓိကက ဆွေးနွေးဘက်။ အဲဒီမှာ လောက်လောက်လားလား အမိန့်အာဏာတည်မယ့်။ တဖတ်နဲ့တဖတ် ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေ၊ လူတွေ၊ ခေါင်းဆောင်ပိုင်းတွေ လိုတယ်မဟုတ်ဘူးလား။ အဲဒီအတွက်နဲ့ ပတ်သက်လို့ရော။

ဦးမြအေး ။ ။ ဟုတ်တယ်ဗျ။ အဓိကလေ ဆွေးနွေးတဲ့အခါ နှစ်ဖက်စလုံးက အခုနပြောသလို အစိုးရအဖွဲ့က ဆွေးနွေးမယ့်လူကလည်း အစိုးရအဖွဲ့နဲ့ တပ်မတော်တို့ကို ကိုယ်စားပြုပြီးတော့ ဆုံးဖြတ်ချက်ချနိုင်မယ်လူ ဖြစ်ရမှာဖြစ်သလို။ ဒီဘက် ကေအိုင်အို အဖွဲ့ကလည်း ကေအိုင်အို၊ ကေအိုင်အေ ကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ရှိရင်တော့ ဆွေးနွေးပွဲတွေက ပိုပြီးမြန်ဆန်သွက်လက်လာတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖို့အတွက်ကိုလည်း နှစ်ဖက်စလုံးကို တွန်းတွန်းတိုက်တိုက် ကျနော်တို့ ပြောဆိုသွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါက အခုလက်ရှိက ဦးမြအေးတို့ရဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေပေါ့။ ဒါပေမဲ့လဲ တဖတ်မှာ ပြန်ကြည့်တဲ့အခါကြတော့လဲ လူထုရဲ့ ခေါင်းဆောင်ပိုင်း၊ နောက် ပြည်တွင်းမှာရှိနေတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အပိုင်းအနေနဲ့ ဆိုရင်ကော ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့လို လူထုရဲ့ ခေါင်းဆောင်အပိုင်းကနေပြီးတော့ ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါလာဖို့။ သူတို့ရဲ့ လူထုကြည်ညိုမှု၊ နှစ်ဖက်လေးစားမှုတွေကို သုံးပြီးတော့ လက်ရှိ ပြည်တွင်းစစ်အခြေအနေကြီးကို ရပ်သွားအောင်လုပ်ဖို့ ဆိုတာနဲ့ ပတ်သက်လို့ ကိုမြအေးတို့ဘက်က တစုံတရာများ တိုက်တွန်းတာတွေ၊ ပြောဆိုနေတာတွေ ရှိနေသလား။

ဦးမြအေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ခေါ်ဆောင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အလွန်ကို ကျနော် လိုလားပါတယ်။ အရမ်းလည်း ဖြစ်စေချင်ပါတယ်။ အဲဒီလိုပဲ တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုစုစည်းစည်းနဲ့ ပြည်ထောင်စု တည်ဆောက်သွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကျနော်တို့ အဲဒီအတွက်ကိုလည်း ပြောမှာဖြစ်ပါတယ်။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ယုံကြည်တယ်။ အချိန်အခါတခုကို စောင့်ဆိုင်းပုံရတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် ကြားသလောက်ကတော့ တဖတ်က အဖြေက အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ကမ်းလှမ်းလာတာ မရှိသေးဘူး။ ဒီလိုကိစ္စမှာ ဝင်ရောက်ဆောင်ရွက်ပေးဖို့၊ တဖတ်ကလည်း အကူအညီတောင်းလာတာ မရှိသေးလို့ ဒီကိစ္စတွေကို မဆောင်ရွက်ပေးနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောနေတာတွေရှိတယ်။ ဒါတွေက ကမ်းလှမ်းလာမှ လုပ်ရမယ့် အလုပ်လို့ ယူဆသလား။

ဦးမြအေး ။ ။ ကျနော်တို့ အခုဝင်ရောက် လုပ်ကိုင်ဆောင်ရွက်တဲ့ ၈၈ ရဲ့ အနေအထားကို ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့က တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေမှာ ကျနော်တို့အနေနဲ့ ကျနော်တို့ဘာသာ ကျနော်တို့ ဝင်ရောက်ဆောင်ရွက်ရတဲ့ အခြေအနေတွေပါ။ ကျနော်တို့ လာပါကမ်းလှမ်းပါဆိုတာမျိုး မရှိဘူးပေါ့။ တခုတော့ရှိတာပေါ့။ နှစ်ဖက် ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ ကျနော်တို့က ဝင်ပြီးတော့မှ ကျနော်တို့အနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိဘူး။ ကြားဝင်တဲ့ဆိုတာကလည်း တခုရှိပါတယ်။ နှစ်ဖက်လုံးက လိုလားမှ ကြားဝင်လို့ရမှာ ဖြစ်ပါတယ်။ တဖတ်ဖတ်ကို ယိမ်းနေရင် တဖတ်ဖတ်က လိုလားနေတယ်ဆိုရင် ကြားဝင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ တခုရှိတာပေါ့ ကျနော်တို့ကတော့ တိုင်းပြည်ကို အေးချမ်းအောင်၊ ပြည်ထောင်စုကို ကောင်းကောင်းမွန်မွန် တည်ဆောက်ချင်တဲ့အပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဒီပြဿနာတွေထဲမှာ ဝင်ရောက်ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သောကြာနေ့မှာ လိုင်ဇာမြို့မှာ ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG