သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံမှု ကင်းမဲ့လှတဲ့ ပြည်သူများဘဝ


Armed police and soldiers stand guard behind a road barricade with razor wire in Mandalay, Myanmar Friday, Feb. 19, 2021. A young woman who was shot in the head by police during a protest last week against the military's takeover of power in Myanmar died Friday morning, her broth
Armed police and soldiers stand guard behind a road barricade with razor wire in Mandalay, Myanmar Friday, Feb. 19, 2021. A young woman who was shot in the head by police during a protest last week against the military's takeover of power in Myanmar died Friday morning, her broth
တိုက်ရိုက် လင့်ခ်

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အိမ်ထဲမှာ နေတာတောင် မလုံခြုံတော့ဘူးလို့ ပြည်သူများက ပြောနေကြပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လမ်းပေါ်က ဆန္ဒပြနေသူတွေသာမက အိမ်ထဲမှာနေတဲ့ ပြည်သူတွေကိုပါ ပစ်ခတ်ခြိမ်းခြောက်နေတဲ့အတွက် အခုလို စိုးရိမ်နေကြတာပါ။ ပြည်သူတွေ အကာအကွယ်မဲ့ ဖြစ်နေကြတဲ့ အခြေအနေကို မစုမြတ်မွန်က တင်ပြထားပါတယ်။

မစုမြတ်မွန် ။ ။ အာဏာသိမ်းထားတဲ့ စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ပိုဆိုးလာတာနဲ့အမျှ မြန်မာနိုင်ငံတဝှမ်းက ပြည်သူတွေဟာ လုံခြုံမှု မရှိဘူးလို့ ပိုခံစားနေရတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေအပေါ် ပစ်ခတ်နှိမ်နင်းတာတွေ မဟုတ်တော့ဘဲ၊ လမ်းတွေ အိမ်တွေထဲအထိ ဝင်ပြီးတော့ ပစ်ခတ်ဖမ်းဆီး ဖျက်ဆီးတာတွေ လုပ်လာနေတာကြောင့် အသက်အိုးအိမ် စည်စိမ်လုံခြုံရေးတွေအတွက် ပိုပြီးတော့ စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ လူနေအိမ်တွေထဲအထိ ဝင်ရောက်ပြီး ပစ်ခတ်တဲ့အတွက် လူမမယ်ခလေးငယ်တွေပါ သေဆုံးထိခိုက်ရတဲ့အထိ ဖြစ်ခဲ့ရတာပါ။ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ အရှိန်ကောင်းတဲ့ မြို့နယ်တွေမှာဆိုရင် တပ်တွေဘက်က ပိုပြီးတော့ ဖိနှိပ်တာတွေ လုပ်တဲ့အတွက် ပြည်သူတွေ ပိုပြီးတော့ စိုးရိမ်သတိထား နေနေကြရတာပါ။

ဖြေ ။ ။ မလုံခြုံတာတော့ အိမ်မှာနေလဲ မလုံခြုံဘူး။ အပြင်ထွက်ရင်လဲ မလုံခြုံဘူး။ အိမ်ထဲမှာနေတဲ့အခါ ဘယ်လောက်ပဲ သော့ခတ်ပြီး ဘယ်လိုပဲ လုံခြုံအောင်နေနေ သူတို့က ရိုက်ဖျက်နိုင်တယ်။ ဝင်ပြီးတော့မှ လုယက်ဖျက်ဆီးတာတွေ လုပ်နိုင်တယ်။ နောက်ပြီးတော့ ရပ်ကွက်ထဲက လုံခြုံရေး အတားအဆီးတွေကိုလည်း တအိမ်တယောက်လာပြီးတော့ ဖျက်ပေးပါဆိုပြီးတော့ ဖျက်ခိုင်းတယ်။ လှေကားတံခါးတွေကိုလည်း ခြေထောက်နဲ့ကန်တယ်။ ကျမတို့တိုက်က လှေကားတံခါးဆိုလဲ ပျက်ဆီးသွားတယ်။ အမြဲတမ်း သတိဝီရိယနဲ့ နေတယ်။ စိတ်ကတော့ အမြဲပူနေရတယ်။

မစုမြတ်မွန် ။ ။ လက်ရှိ နေ့တိုင်း ကြုံနေရတဲ့ အခြေအနေတွေကို ရန်ကုန်မြို့ခံတယောက်က VOA ကို ပြောပြတာပါ။

ဖြေ ။ ။ အပြင်သွားတဲ့အခါမှာလဲ ဈေးသွား၊ အမှိုက်ပစ်တဲ့အခါ ရှေ့ကြည့်၊ နောက်ကြည့်၊ ဘေးကြည့် မျက်စိရှင်ရှင်နဲ့ ကြည့်ပြီးမှ လမ်းရှင်းမှသွား။ သွားပြီးရင်လဲ မြန်မြန်ဝယ်စရာရှိတာကို မြန်မြန်ဝယ်ပြီးတော့၊ မြန်မြန်အိမ်ပြန်ရတယ်။ လမ်းပေါ်မှာလဲ သူတို့တွေပဲ နေရာယူထားတာ များတယ်လေ။ လမ်းကလည်း ရှင်းနေတာပဲ။ ကျမတို့ ပြည်သူတွေကလဲ အရေးကြီးကိစ္စ ရှိမှပဲ အပြင်ထွက်ကြတာများတယ်။ ဈေးဝယ်ကိစ္စ၊ အမှိုက်ပစ်ကိစ္စလောက်ပဲ သွားကြတယ်။ တခြားကိစ္စနဲ့တော့ သိပ်မထွက်ဖြစ်ကြဘူးရှင့်။

အပြင်သွားတဲ့အခါကြတော့လဲ သူတို့နဲ့ တွေ့တဲ့အခါမှာ ဖုန်းဖွင့်ခိုင်းပြီး စစ်တယ်လို့ ပြောတဲ့အခါကြတော့ သူတို့က ဘာကိုစစ်မှန်းလဲ မသိဘူး။ ကိုယ့်ဖုန်းထဲမှာ သူတို့မကြိုက်တာ ဘာပါမှန်း မသိတဲ့အခါကြတော့ ဖုန်းကိုတောင် ယူမသွားရဲဘူးရှင့်။

မစုမြတ်မွန် ။ ။ အခု သတင်းပတ်အတွင်း ဖိနှိပ်ဖြိုခွင်းမှုတွေကို တပ်က အရှိန်မြှင့်လုပ်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်ဘက်မှာဆိုရင် အိမ်ထဲအထိ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖျက်ဆီးတာကို ကြုံခဲ့ရသူတယောက်က အခုလို ပြောပြထားပါတယ်။

ဖြေ ။ ။ ကျနော်နဲ့ ကျနော့်ခလေးသုံးယောက် ထမင်းလေးချက်ပြီးတော့ ထိုင်နေတာ။ ထမင်းစားမယ်ဆိုပြီးတော့ အိမ်တံခါးလေး ဖွင့်ထားတယ်။ ပစ်တယ်ဆိုတော့ အိမ်တံခါးလေး စေ့လိုက်တာ၊ အဲဒီလိုစေ့လိုက်ချိန်မှာ ဝုန်းဝုန်းနဲ့ ကျနော်တို့အိမ်ကို စစ်ဖိနပ်နဲ့ စောင့်ကန်ပြီးတော့ အထဲထဲဝင်လာတယ်။ ဝင်လာပြီးတော့ လိုက်ပစ်တယ်။ ပစ်တော့ ကျနော်တို့လည်း ပြေးကြပြီး၊ ခလေးသုံးယောက်ကို နောက်ဘေးမြောင်းထဲကို ထည့်လိုက်တယ်။ ခလေးတွေကို မြောင်းထဲအရထည့်ပြီးတော့ ကျနော့်မိန်းမကို နောက်ဘက်အုတ်တံတိုင်းကို ကျော်လွှတ်လိုက်တယ်။ ကျနော်လည်း မြောင်းထဲဆင်းပြီး ဟိုဘက်အုတ်တံတိုင်းကျော်ပြီး ပြေးတယ်။ အဲဒီနားမှာ ကျနော်တို့ သားအမိသားအဖတွေ ဝပ်နေရတယ်။ ကျနော်တို့ အိမ်ထဲကို ဆန္ဒပြသူနှစ်ယောက်တော့ ဝင်လာတယ်။ သူတို့နှစ်ယောက်ကို ရိုက်တာ - ကောင်းကောင်းရိုက်လွှတ်လိုက်တယ်။ အသေရိုက်ပြီး ဖမ်းပါတယ်။ အချုပ်ကားနဲ့ ဖမ်းသွားတယ်။ ပြီးတော့ ကျနော့်အိမ်ထဲမှာ ကျနော့် ရှိစုမဲ့စု အရင်းအနှီးလေးတွေ - အဲဒီအရင်းအနှီးလေးတွေနဲ့ ထမင်းစားနေရတယ်။ ကျနော့်မှာ ခလေးသုံးယောက် ရှိတယ်။ ခလေးတွေ ကျောင်းခ၊ ကျုရှင်ခ (၃၅) သိန်းကို ယူသွားတယ်။ စာရွက်စာတမ်းတွေကို ရေထဲပစ်ချတယ်။ တစ်စစီလုပ်ပစ်တယ်။ ပြီးတော့ အိုးထဲကဆန်လေး (၁၀) ပြည်ကိုပါ မြောင်းထဲသွန်းချခဲ့တယ်။ မယုံရင် ဓါတ်ပုံလာရိုက်ကြည့် - ကျနော့်တအိမ်လုံး။ ဗီဒိုကြီးကို ပြောင်ပြန်လှန်ပြီး တစ်စစီ ချိုးသွားတယ်။ ဘာဖြစ်လို့ အဲဒီလို လုပ်တာလဲ။ အဲဒီလောက်အထိ အောက်တန်းမကျစေချင်ဘူး။ ကျနော်တို့ မိသားစု ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာ။ ဘာမှလဲ လုပ်တာမဟုတ်ဘူး။ ကိုယ်အိမ်ထဲ ကိုယ်ထိုင်နေတာ။ အိမ်ထဲအထိ ဒုက္ခလာပေးသွားတယ်။ ဘာမှမလုံဘူး။ သံပန်းတံခါးလည်း မရှိဘူး။ သံဘာဂျားတံခါးလည်း မရှိဘူး။ ရိုးရိုးသစ်သားတံခါးလေးကို စောင့်ကန်ဝင်ပြီး အကုန်လုံး ယူသွားတယ်။ တကယ့်ချမ်းသာတဲ့ အိမ်ကြီးတွေ၊ တိုက်ကြီးတွေတော့ သူတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လို လုံလုံခြုံခြုံ မရှိတဲ့ တံခါးတွေကြမှ သူတို့ အဲဒီလိုလုပ်တယ်။ ကျနော်တို့ ရှေ့ဆက်ဘယ်လိုဘဝနဲ့ ရှေ့ဆက်မလဲ။
မစုမြတ်မွန် ။ ။ အကြမ်းဖက်ဝင်တွေ အိမ်ထဲအထိ ဝင်ရောက်ဖျက်ဆီးတာ ခံခဲ့ရတဲ့ တောင်ဒဂုံမြို့နယ် ဒေသခံ ဖြစ်ပါတယ်။ လမ်းပေါ်မှာ ဆန္ဒပြသူတွေကို တပ်တွေက ဖြိုခွဲတဲ့အခါ တချို့တွေက အိမ်တွေထဲ ဝင်ပုန်းကြပါတယ်။ အဲဒီလို အခါမျိုးမှာ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသလို အိမ်ရှင်တွေကိုပါ ရန်လုပ်တတ်ကြပါတယ်။ ယူနီဖောင်းဝတ်တွေ၊ လက်နက်ကိုင်ထားသူတွေမြင်ရင် ဝေးဝေးကနေ ရှောင်သွားကြရလောက်အောင် ပြည်သူတွေကြားမှာ စိုးရိမ်ထိတ်လန့်နေကြရတဲ့ သာဓကတွေက မနည်းပါဘူး။ မတ်လ (၂၇) ရက်နေ့ကပဲ ထားဝယ်မြို့က လမ်းမတခုပေါ်မှာ စစ်ယာဉ်တန်းနဲ့ တိုးတဲ့ ဆိုင်ကယ်စီးသူတွေ ပစ်ခတ်ခံရလို့ တယောက်သေဆုံးခဲ့ပါတယ်။

ဗီဒီယိုထဲမှာ (၃) ယောက် ဆိုင်ကယ်စီးလာတာကို တပ်ဖွဲ့ဝင်တွေ လှမ်းပစ်လိုက်လို့ တစ်ယောက်ထိသွားတာကို မြင်ရပါတယ်။ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးသွားသူ နှစ်ယောက်ကိုလည်း လိုက်ပစ်တာ မြင်ရပါတယ်။ သေနတ်ထိမှန်သူကို စစ်ကားပေါ် တင်သွားတာကိုလည်း CCTV ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ရှင်းရှင်းလင်းလင်းကို တွေ့မြင်ရတာပါ။

အခုလိုဖြစ်ရပ်မျိုးတွေအပြင် ပြည်သူတွေကို တရားလက်လွတ် ရိုက်နှက်ဖမ်းဆီးနေတဲ့ ဗီဒီယိုတွေကိုလည်း ကိုယ်တိုင်ရိုက်သူတွေက လူမှုကွန်ရက်တွေပေါ်မှာ မျှဝေနေကြပါတယ်။ (စစ်တပ်ဖွဲ့ဝင်များ၏ အော်ဟစ်ဆဲဆို၊ ရိုက်နှက်သံများ)

ရန်ကုန်မြို့ထဲက မြို့နယ်တခုမှာ လူနေအိမ်ထဲအထိ တပ်တွေဝင်ရောက်ပြီးတော့ ရိုက်နှက်နေတာကို ဗီဒီယိုထဲမှာ မြင်နိုင်ပါတယ်။ ရိုင်းဆိုင်းတဲ့ အသုံးအနှုန်းတွေကိုပါ ပြောဆိုသုံးနှုန်းပြီးတော့ ဆဲဆိုရိုက်နှက်နေတာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေ ဝင်မလာနိုင်အောင်လို့ လမ်းတွေပေါ်မှာ ပိတ်စို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားခိုင်းတာတောင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြိမ်းခြောက်ခိုင်းတာမျိုးမို့ အပြင်ထွက်ရင် အရိုက်ခံ၊ အဖမ်းခံရမှာကို ပြည်သူတွေက ကြောက်နေကြတာပါ။ (စစ်တပ်ဖွဲ့ဝင်များမှ သတိပေး ခြိမ်းခြောက်ကြေညာချက်)

အခုလိုမျိုး နေ့ခင်းဘက်အချိန်တွေမှာ အင်အားသုံး ဆောင်ရွက်သလို၊ ညဘက်အချိန်တွေမှာလည်း ပြည်သူတွေ ထိတ်လန့်ကြောက်ရွံအောင်လို့ ခြိမ်းခြောက်ဖျက်ဆီးတာမျိုးတွေ လုပ်နေတာတွေလည်း ရှိပါတယ်။ (အော်ဟစ်ဆဲဆို ကြိမ်းမောင်း၊ ပစ်ခတ်သံများ)

ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိသူတွေကိုယ်တိုင်က အခုလို လုပ်နေကြတာမို့ ပြည်သူအများက မလုံခြုံဘူးလို့ ပြောနေကြတာလဲ ဖြစ်ပါတယ်။ ဒါတင်မက ဖမ်းဆီးသူတွေကို လူဂုဏ်သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်မျိုးတွေ လုပ်နေတာကိုလည်း နိုင်ငံတကာက ဝေဖန်ရှုတ်ချပြောဆိုနေကြပါတယ်။ အခုလို ပြည်သူတွေကို ထိတ်လန့်ကြောက်ရွံသွားအောင် လုပ်နေတာမျိုးတွေအပြင် ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ လုယက်သွားတာမျိုးတွေလည်း ရှိပါတယ်။ (လမ်းပေါ်မှာ ရပ်ထားတဲ့ ကားများကို တိုက်ချဖျက်ဆီးသွားသံများ)

ရန်ကုန်မြို့က လမ်းတလမ်းထဲမှာ ပြည်သူတွေက သူတို့အိမ်ရှေ့လမ်းမပေါ် ရပ်ထားတဲ့ မော်တော်ကားများကို အာဏာပိုင်တွေက မြေတူးတဲ့ ဘူဒိုဇာနဲ့ တိုက်ပြီးတော့ ဖျက်ဆီးခဲ့ပါတယ်။ လက်နက်မဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျတဲ့ လုပ်ရပ်မျိုးတွေကို လုံခြုံရေးတပ်ဖွဲ့တွေဘက်က လုပ်နေတာကြောင့် တရားဥပဒေ စိုးမိုးရေးအပေါ် အယုံအကြည် ကင်းမဲ့နေပြီလို့ ပြည်သူအများ ပြောနေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်နေပေမယ့်လဲ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင်နေသူတွေကတော့ မကြောက်မရွံ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

==Unicode==















XS
SM
MD
LG