သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ နဲ့ အမေရိကန်သံအမတ်ကြီးရဲ့ အမြင်


 VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲက ဒေါ်ခင်စိုးဝင်းက အမေရိကန် သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်းခန်း။
VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲက ဒေါ်ခင်စိုးဝင်းက အမေရိကန် သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်းခန်း။

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း မှာ မြန်မာ့ပြုပြင်ပြောင်းလဲရေး မှာ နိုင်ငံရေးနဲ့ စီးပွားရေး အထိုက် အလျောက် ပြောင်းလဲလာပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကိစ္စ၊ မြေယာပိုင်ဆိုင်ခွင့် ကိစ္စတွေကို မဖြေရှင်းသရွေ့၊ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီစနစ်အတွက် လိုအပ်တဲ့ အချက်တွေ မပြည့်စုံသေးသရွေ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ ရှေရည်ခံတဲ့ အပြောင်းအလဲ ဖြစ်ပါ့မလား၊ စစ်မှန်ရဲ့လား ဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ စောင့်ကြည့် သုံးသပ်ကြမှာ ဖြစ် တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲကို သမ္မတ Barack Obama နေပြည်တော်ကိုလာတဲ့အခါမှာ သူကိုယ်တိုင် ဆန်းစစ်လိမ့်မယ်လို့ သံအမတ်ကြီး Mitchell က VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်း မှာ ပြောကြားသွားပါတယ်၊ သံအမတ်ကြီး Derek Mitchell ကို ရန်ကုန်ရုံးက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ သံအမတ်ကြီးအနေနဲ့ အလုပ်တွေများတဲ့ကြားက အခုလို တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ သံအမတ်ကြီးကဆိုရင် သမ္မတအိုဘားမား အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမှုကို စတင်အကောင်အထည် ဖော်ခဲ့တဲ့ ဗိသုကာတစ်ယောက်လို့ ပြောလို့ရပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ ထိတွေ့ဆက်ဆံရေးကို စတင်ခဲ့တာဆိုတော့ မြန်မာ့နိုင်ငံရေးကိုလည်း အနီးကပ် အကဲခတ်နေမှာ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ တိုးတက်မှုဟာ အထိုက်အလျောက်ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြပေမို့လို့ နောက်ကြောင်းပြန် လှည့်ဖို့ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေလည်း တွေ့နေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စရန်ဟီလီ က မကြာခင်ကပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံလိုက်ပါတယ်။ သံအမတ်ကြီးအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

Derek Mitchell ။ ။ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို သုံးသပ်ရမယ်ဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် တော်လှန်ရေးလို ရုတ်တရက် ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ၊ တရွေ့ရွေ့တဆင့်ချင်း ပြောင်းလဲနေတယ်လို့ ယူဆပါတယ်။ အတော့်ကို လေးနက်ရှုပ်ထွေးပါတယ်။ တချို့နေရာတွေက နောက်ကြောင်းပြန် တယ်။ တချို့က လုံးဝမရွေ့ဘူး။ တချို့ကတော့ ရှေ့ပြေးနေတယ် စသဖြင့် ရှိကြပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လူထုအကြား အတော်လေး စိုးရိမ်မကင်း ဖြစ်နေတာကို တွေ့နေရပါတယ်။ တကယ့်ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး လစ်ဟင်းနေတာတွေကိုလည်း စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ရခိုင်ပြည်နယ် လူထုက သူတို့ရဲ့ အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် ဆောင်ရွက် မပေးနိုင်တဲ့အပေါ်မှာလဲ စိုးရိမ်နေကြပါတယ်။ လယ်သမားတွေကလည်း လယ်ယာအသိမ်းခံနေရတယ်အတွက် စိုးရိမ်နေကြပါတယ်။ မြေယာပိုင်ဆိုင်မှု အခွင့်အရေးဟာ ခရာအကျဆုံး ကိစ္စတခုပါ။ ဒီမြေယာပြဿနာကို မကိုင်တွယ်နိုင်ရင်တော့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မေးခွန်းထုတ်စရာတွေ ရှိလာပါလိမ့်မယ်။

နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနိုင်ငံမှာ အကြီးအကျယ်ဆုံးကိစ္စပါ။ နိုင်ငံရဲ့ တည်ဆောက်ပုံလို့ ပြောနိုင်ပြီးတော့ ဒီမိုကရေစီ ပုံဖော်ဖို့ ရေးထားတယ်လို့ ဆိုရပေမယ့် အစိုးရကနေ လူထုအသံ နားထောင်ဖို့ လိုသလို။ လူထုအခြေပြုအဖွဲ့အစည်းတွေကို နေရာပေးဖို့ အကန့်အသတ်တွေလည်း ရှိနေပါတယ်။ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ စစ်တပ်ကရှိဖို့ လူနည်းစုကို အခွင့်အရေးပေးဖို့ လူထုက စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် စတဲ့ ဒီမိုကရေစီ အနှစ်သာရတွေ လက်ရှိဖွဲ့စည်းပုံမှာ ကင်းမဲ့နေတာ တွေ့ရပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး၊ မြေယာအရေးနဲ့ ဥပဒေ စတဲ့ အခြေခံ အဓိကကျတဲ့ ကိစ္စရပ်တွေကို မပြောင်းလဲနိုင်သေးသ၍ ပြည်တွင်းမှာရှိတဲ့ လူထုက တည်ငြိမ်ရေး၊ ရေရှည် တည်တန့်ပါ့မလားလို့ ဘဝင်မကျ ဖြစ်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါဟာ တကယ့်ရေရှည်လုပ်ငန်းစဉ်လား ဆိုတာကို မရေမရာ ဖြစ်ကြပြီးတော့ အကန့်အသတ်တွေ ရှိတာကြောင့် တချိန်ချိန်မှာ နောက်ကြောင်းပြန်လှည့်ဖို့ ရှိနိုင်တယ်လို့ သုံးသပ်ကြမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ သံအမတ်ကြီးက မကြာခင်ကပဲ ကချင်ပြည်နယ်ကို သွားရောက်ပြီးတော့ အိမ်မပြန်နိုင်ကြသေးတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ကချင်ဒုက္ခသည်တွေအရေးကအစ ကရင်ပြည်နယ်က တိုက်ပွဲတွေအဆုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှေးကွေးနေတာနဲ့ ပတ်သက်ပြီးတော့ လူထုကြားမှာ အားမလိုအားမရ ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ သံအမတ်ကြီးရဲ့ အမြင်ကိုလည်း သိပါရစေ။

Derek Mitchell ။ ။ ဟုတ်ပါတယ် ဒီလုပ်ငန်းစဉ် စခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ (၆၅) နှစ်ကြာ ပြည်တွင်းစစ်ကို ညှိနှိုင်းနေရတာဆိုတော့ လူတိုင်းစိတ်ရှည်သည်းခံကြဖို့တော့ လိုပါတယ်။ တုန့်နှေးနေတဲ့အကြောင်းရင်းက ပြည်သူလူထုက ယုံကြည်မှုမရှိကြလို့ပါ။ သက်ဆိုင်သူတွေအားလုံး စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ စိုးရိမ်မကင်း ဖြစ်တာတွေ၊ အထိအခိုက် မခံနိုင်တာတွေ၊ အပြန်အလှန် နားလည်းသဘောပေါက်အောင် ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ အရေးကြီးပါတယ်။ နိုင်ငံတဝှမ်းလုံးက ငြိမ်းချမ်းရေးကို အလွန်အမင်း တောင်းတနေကြတယ်လို့ ယူဆပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အတွက် အစိုးရနဲ့ စစ်တပ်ကပါ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမဲ့တဖက်နဲ့တဖက် ယုံကြည်မှု မရှိကြတာတွေကိုလည်း တွေ့နေရပါတယ်။ တကယ့်လက်တွေမှာ မငြိမ်းချမ်းနိုင်ကြသေးပါဘူး။ ၁၉၉၄ ခုနှစ်က လက်မှတ်ထိုးခဲ့ဖူးတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး သဘောတူစာချုပ် ဖောက်ဖျက်ခဲ့တဲ့ သာဓကတွေကြောင့်လဲ ယုံကြည်မှုကင်းမဲ့တဲ့ သဘောသက်ရောက်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေအားလုံး အပြန်အလှန် နားလည်းမှုနဲ့ ယုံကြည်မှု တည်ဆောက်ကြဖို့ အရေးကြီးပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ သမ္မတအိုဘားမားက နေပြည်တော်မှာ မကြာခင် ကျင်းပတော့မယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် စိုင်းပြင်းနေပါပြီ။ အိမ်ရှင်သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီးူအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတအိုဘားမားကို မြန်မာနိုင်ငံ ခရီးစဉ်အကြိုအဖြစ်နဲ့ ဘယ်လိုများ အကြံပေးချင်ပါလဲရှင်။

Derek Mitchell ။ ။ ကျနော့်အနေအထားနဲ့ သမ္မတကို ထောက်ခံချက်တွေနဲ့ အကြံပေးပိုင်ခွင့် မရှိပါဘူး။ သမ္မတက သူကိုယ်တိုင်ကြည့်ပြီးတော့ ဆုံးဖြတ်မှာပါ။ သမ္မတက မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေတာပါ။ ပထမတစ်ခေါက် ဒီကိုလာခဲ့ပြီးနောက်ပိုင်း လအတော်ကြာတဲ့အထိ မြန်မာ့အရေးကိုပဲ ပြောနေခဲ့တာပါ။ အဲဒီ ပထမအကြိမ် ခရီးစဉ်မှာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ရတာကိုလည်း အတော်လေး ကျေနပ်အားရခဲ့တာ တွေ့ရပါတယ်။ မြန်မာပြည်ကို နောက်တခေါက် ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ဒေသတွင်း အာဆီယံနဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကလည်း အဓိက ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မြန်မာ့အပြောင်းအလဲ ဘာတွေ တိုးတက်မှုရှိသလဲ။ ဘာတွေ ပြောင်းလဲမှုမရှိသလဲ ဆိုတာတွေကို သူကိုယ်တိုင် နားထောင်ပြီးတော့ အကဲခတ်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးမှာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက်ကျင့်သုံးဖို့အတွက် မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေကို စမ်းစစ်ပြီးတော့ သမ္မတက ဘာတွေ အကူအညီပေးနိုင်မလဲဆိုတာကို အကဲခတ်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ အစီအစဉ် ရှိပါသလားရှင့်။

Derek Mitchell ။ ။ တွေ့ဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ပြည်ထောင်စုက တာဝန်သိရင်းနှီးမြှုပ်နံှမှုတွေကို အားပေးနေတာ တွေ့ရပါတယ်။ အမေရိကန်ကုမ္မဏီကြီးတချို့လည်း ဝင်ရောက်ပြီးတော့ လုပ်ငန်းတွေ လည်ပတ်နေကြပါပြီ။ ဒါ့အပြင် အမေရိကန်အစိုးရကနေ ပြည်သူတွေအချင်းချင်း ဆက်ဆံရေးကိုလည်း အားပေးလာတာကို သတိထားမိပါတယ်။ အမေရိကန်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေအကြား ဆက်ဆံရေးအစီအစဉ်တွေထဲက ထူးခြားတဲ့ နမူနာလေးတခုလောက် သိပါရစေရှင်။

Derek Mitchell ။ ။ အစီအစဉ်တွေက အများကြီး ရှိပါတယ်။ Fulbright ပညာသင်ဆု အစီအစဉ်။ အင်္ဂလိပ်စာ ပို့ချတဲ့ သင်တန်းတွေ ရှိပါတယ်။ ဒီကနေ အမျိုးသမီးလှုပ်ရှားမှုတွေ၊ ရွေးကောက်ပွဲဆိုင်ရာ လေ့လာရေးအဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုဆီကို ဧည်သည်တော်အစီအစဉ်အရ စေလွှတ်နေတာတွေလည်း ရှိပါတယ်။ အဆက်အသွယ်ဖြတ်ပြီး အထီးကျန်လို နေခဲ့ကြတာ ကြာခဲ့ပြီဆိုတော့ ဒီထက်မကတိုးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဒီနိုင်ငံရဲ့ နက်နဲကျယ်ပြန့်ပြီးတော့ ရှုပ်ထွေးလှတဲ့ အခြေအနေအရပ်ရပ်ကို အမေရိကန်ရဲ့ ပြည်သူတွေ သိပ်မသိကြပါဘူး။ ဒီနိုင်ငံက လူတွေကလည်း အမေရိကန်ပြည်ထောင်စုအကြောင်းကို စိတ်ဝင်စားကြပြီး လေ့လာဖို့ ဆန္ဒရှိနေကြတာပါ။ နှစ်ဖက်စလုံးက လူထုကြား အပြန်အလှန် ဆက်ဆံကြဖို့ လိုလားနေကြတာကြောင့် ဒီအစီအစဉ်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် မြန်မာသတင်းထောက် ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြပြီးတော့ Midterm elections သက်တမ်းတဝက် ရွေးကောက်ပွဲကို လေ့လာနေကြပါတယ်။ အဲဒီအဖွဲ့ကို ကျမတို့ ဗွီအိုအေ အမေရိကန်အသံကလည်း တွေ့ဆုံမေးမြန်းပြီးတော့ သတင်းထုတ်လွှင့်ထားတာ ရှိပါတယ်ရှင်။

Derek Mitchell ။ ။ ဟုတ်ပါတယ်။ သတင်းမီဒီယာသမားတွေ၊ ကျောင်းသူကျောင်းသားတွေ အလျင်သင့်သလို စေလွှတ်ပေးနေပါတယ်။ အမေရိကန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေကိုလည်း ဒီကို လာပြီးတော့ စိတ်ဝင်တစား လေ့လာနေကြပါတယ်။ အဆက်ပြတ်နေတာကြာတော့ မြန်မာပြည်အကြောင်းကို ပိုပြီးတော့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နှစ်စဉ်ထုတ်ပြန်နေတဲ့ လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုစတဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အဆင့်နဲ့ မှတ်တမ်းတွေက သိပ်ကောင်းတာ မတွေ့ရပါဘူး။ တိုးတက်မှု မရှိတာကိုပဲ ကောက်ချက်ချတာ များပါတယ်။ ဒီလို အစီရင်ခံစာတွေ ထုတ်တိုင်းမှာ အမေရိကန်သံရုံးရဲ့ အခန်းကဏ္ဍက သုတေသနစာတမ်း ပြုစုပေးရတယ်လို့ ယူဆကြပါတယ်။ ဒီတော့ ဘယ်လိုများ စမ်းစစ်သုတေသန လုပ်ကြသလဲဆိုတာကို သိပါရစေရှင်။

Derek Mitchell ။ ။ တကယ့်အခြေအနေတွေကို လေ့လာပြီးတော့ အချက်အလက်တွေကို ပြုစုတာ ဖြစ်ပါတယ်။ အမှတ်ပေးတဲ့သဘော မဟုတ်ပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ ညွှန်းကြားချက်အရ အစီရင်ခံစာ ပြုစုတာ ဖြစ်ပါတယ်။ ကွန်ဂရက်ကနေ အစီရင်ခံစာ ပြုစုရာမှာ ကဏ္ဍအလိုက် သတ်မှတ်ပေးထားတဲ့အဆင့်တွေ ရှိပါတယ်။ အဲဒီအတိုင်း လိုက်နာရတာပါ။ နိုင်ငံတနိုင်ငံမှာ အများပြည်သူအကျိုးအတွက် လုပ်သင့်လုပ်ထိုက်တာကို မလုပ်သေးတဲ့ ဖြစ်စဉ်တွေကို ထောက်ပြဖို့ ဖြစ်ပါတယ်။ ကျနော်တို့က လက်တွေ့ဖြစ်ထွန်းမှုတွေနဲ့ အကောင်အထည် မဖော်သေးတာတွေကို မျှတအောင် ချိန်ဆပြီးတော့ အစီရင်ခံတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် နိုင်ငံအတွင်းမှာ ဘာတွေလုပ်ဖို့ ပျက်ကွက်နေသေးလဲ။ ဘယ်အရာတွေက ပြောင်းလဲပြီးပြီလဲ စတာတွေကို မျှမျှတတပဲ တရားသဖြင့် အစီရင်ခံနေတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမှုအရ မြန်မာနိုင်ငံအပေါ် အဓိကကျတဲ့ ပိတ်စို့မှုအတော်များများကို ရုတ်သိမ်းပေးခဲ့ပေမယ့်လို့ တချို့ပိတ်စို့မှုတွေကတော့ ကျန်နေပါသေးတယ်။ အဲဒီ့ကျန်နေတဲ့ ပိတ်စို့မှုတွေကို ရုတ်သိမ်းပေးဖို့ အလားအလာ ရှိပါသလားရှင်။

Derek Mitchell ။ ။ ပိတ်စို့မှုစာရင်းဝင် သီးခြားလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းကုမ္မဏီတွေဟာ ဘယ်လိုအချက်တွေနဲ့ အကြုံဝင်နေသလဲဆိုတဲ့အပေါ်မှာ စမ်းစစ်ပြီးတော့ ရုတ်သိမ်းပေးနိုင်မှု ဥပဒေအရ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ပိတ်စို့ခံထားရတဲ့ သူတွေအနေနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို အသနားခံစာ တင်သွင်းလို့ရပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နေပါတယ်ဆိုတာ သက်သေပြနိုင်ရင် ရုတ်သိမ်းပေးလို့ ရပါတယ်။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ စစ်တပ်နဲ့ အဆက်အဆံမရှိတာ၊ သူတို့ရဲ့ လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှု ရှိတယ်။ သန့်ရှင်းတယ်။ အဂတိတရားကင်းတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့လည်း လိုက်လျောညီထွေဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ လုပ်ထုံလုပ်နည်းတွေနဲ့အညီ လုပ်ငန်းလည်ပတ်နေတယ်ဆိုတာကိုလည်း ပြသရပါလိမ့်မယ်။ အများသူငါပိုင်တဲ့ မြေတွေကို သိမ်းပြီးတော့ တခြားလုပ်ငန်းတွေ မလုပ်ဖို့နဲ့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အနှောင့်အယှက်ဖြစ်အောင် မလုပ်ဖို့လည်း လိုပါတယ်။ သူတို့တွေဟာ ပိတ်စို့မှုစာရင်းထဲက ထုတ်ပေးလို့ရအောင် လိုက်နာနိုင်သလို၊ ပိတ်စို့မှုစာရင်းသွင်းပြီးတော့ နောက်ထပ်အရေးယူလို့ ရသေးတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ သက်တမ်းသတ်မှတ်ထားတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။ ကျနော်တို့ဆီက စံပြအမေရိကန် စီးပွားရေးလုပ်ငန်းတွေလိုပဲ တာဝန်သိစွာနဲ့ ဒီနိုင်ငံမှာလည်း လက်တစုပ်စာအတွက် မဟုတ်ဘဲနဲ့ အားလုံးအတွက် တရားသဖြင့် ယှဉ်ပြိုင် စီးပွားလုပ်ကြမှသာ တိုးတက်မှု ရှိမှာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လောလောဆယ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ဟာ ဒီနှစ်အတွက်ပေါ့။ နောက်ဆုံးတာဝန်အနေနဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို ဦးဆောင်ကျင်းပဖို့ စီစဉ်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေတဲ့အပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘယ်လိုများ သုံးသပ်မိပါသလဲရှင်။

Derek Mitchell ။ ။ အခုအချိန်အထိတော့ တော်တော်လေး ချောမွေ့နေတာကို တွေ့ရပါတယ်။ မပြောပလောက်တဲ့ အထစ်အငေါ့လေးတွေကလွဲရင် အားလုံးက ကျေနပ်ကြပါတယ်။ ကျနော်တို့ ဆိုရိုတခု ရှိပါတယ်။ ကြောင်တွေကို တစုတစည်းထဲဖြစ်ဖို့ စုစည်းဖို့ မလွယ်သလိုပါပဲ။ ဒီလောက်များပြားတဲ့ နိုင်ငံခေါင်းဆောင်တွေအတွက် အားလုံး ပြည့်စုံအောင် ဖြည့်ပေးရတာ လွယ်ကူတဲ့အလုပ်တခု မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လိုအပ်ချက်တွေအရ မြန်မာအစိုးရကို တောင်းဆိုရတာတွေလည်း များပါတယ်။ ဒီတောင်းဆိုချက်တွေအားလုံးကို ဖြည့်ဆည်းပေးရတာ အတော်လေး လက်ဝင်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ လာကြမယ်ဆိုတော့လဲ လက်မလည်အောင် ဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်။ အိမ်ရှင်မြန်မာအစိုးရကို အားလုံးအဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးနေပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံလက်ထဲ ချောချောမောမော လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ သိပ်ကိုထူးခြားလှတဲ့ နောက်နှစ်ရွေးကောက်ပွဲကိုလည်း အောင်မြင်အထမြောက်အောင် ကြိုးစားလိမ့်မယ်လို့ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

Derek Mitchell ။ ။ Thank you.

XS
SM
MD
LG