သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်ပြောင်းလဲလာတဲ့ မြန်မာ့ဧည်ကြိုလုပ်ငန်း


မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်
မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နဲ့ ဗွီအိုအေ ဦးသိန်းထိုက်ဦး တို့ မြန်မာနိုင်ငံအတွင်း ဟိုတယ် နဲ့ ခရီးသွားဧည့်ကြိုလုပ်ငန်းဆိုင်ရာများ ပြုပြင်ပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း ကမ္ဘာလှယ်ခရီးသည်လုပ်ငန်းလည်း ဘယ်ခေတ်ဘယ်အခါနဲ့မှမတူ ဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသည်တွေအများအပြား မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေကြပါတယ်။ ဒါပေမဲ့လဲ မကြာသေးခင် ရက်များအတွင်း ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့် ခရီးသည်လုပ်ငန်းအပေါ်မှာ ထိခိုက်သွားမှာကို စိုးရိမ်မှုတွေလည်း ရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဝါရှင်တန်မြို့တော်ကို ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကတော့ ဒါဟာ စိုးရိမ်စရာအခြေအနေ မဟုတ်သလို၊ ခရီးသွားလုပ်ငန်းအပေါ်မှာ ထိခိုက်မှု မရှိပါဘူးလို့ ဗွီအိုအေကို ပြောဆိုပါတယ်။ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ဟိုတယ်ခတွေ ဈေးကြီးတာ၊ ဟိုတယ်တွေကယူတဲ့ တည်ခိုခနဲ့ ဝန်ဆောင်မှုအကြား မျှတပါရဲ့လားဆိုတာတွေ မေးခွန်းထုတ်မှုတွေ ရှိနေသလို၊ ဒီလို ဟိုတယ်ခတွေ ကြီးမြှင့်မှုက ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီကိစ္စကရော ခရီးသွားလုပ်ငန်းအပေါ်မှာ ထိခိုက်နိုင်ပါ့မလားလို့ ကျနော် စမေးကြည့်တော့။ ဝန်ကြီးဦးဌေးအောင် က အခုလို ပြန်ဖြေပါတယ်။

ဦးဌေးအောင် ။ ။ ဒါကတော့ ရောင်းလုပ်အား၊ ဝယ်လုပ်အား သဘောပါပဲ။ အဲဒီတော့ demand က များလာတယ်၊ supply က အားနည်းတဲ့အခါမှာ ထုံစံအတိုင်းပဲ သူ့သဘာဝအတိုင်း ဒီလို ဈေးတက်လာတာ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံတင် မဟုတ်ဘူး၊ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်နေတာ။ အခု ဟောင်ကောင်မှာဖြစ်တယ်၊ အိန္ဒိယမှာ ဖြစ်တယ်။ ဒီလို ဈေးတက်လာတဲ့အခါ ဖြစ်တယ်။ ဒါပေမဲ့ demand နဲ့ supply ကို ညှိပြီးတော့ လုပ်တဲ့အခါမှာ ဘာသတိထားရမလဲဆိုရင်တော့ quality of service အဲဒါကို ကျနော်တို့က ဝန်ဆောင်မှုဟာ ကိုယ်ရတဲ့ ဝင်ငွေနဲ့ ဝန်ဆောင်မှု ကိုက်ညီဖို့ လိုပါတယ်။ သူတို့ပြောတာကတော့ value for money အဲဒါမျိုး ဖြစ်မယ်ဆိုရင် ဒါက သူ့အနေအထားက ဧည်သည်က လက်ခံပါတယ်။ အခု ကျနော်တို့ဆီမှာလည်း ဒီလိုပဲ ဧည်သည်လက်ခံနိုင်တဲ့ ဝန်ဆောင်မှုမျိုး ပေးပြီးလို့ ယူလို့ရှိရင်တော့ ဧည်သည်တွေအနေနဲ့ ဘာမှ ပြဿနာမရှိပါဘူး။ အဲဒီတော့ ၂၀၁၁-၁၂ ဧည်သည်များလာတဲ့အခါမှာ အထူးသဖြင့် ပြီးခဲ့တဲ့ ၁၂ အဲဒီအထိတော့ အခန်းအရေအတွက်နဲ့ အထူးသဖြင့် ရန်ကုန်မှာ အဓိကထားပြီးဖြစ်တာ။ အဲဒီလို အနေအထားလေး ရှိခဲ့တယ်။ အခု ဒီဖက်ပိုင်းမှာကျတော့ အခန်းတွေလည်း များလာတယ်။ နောက်တခါ နိုင်ငံခြားကလာတဲ့ဧည်သည်ကို ပို့ပေးနေတဲ့ ဂိုးဒါးလိုဟာမျိုး အစီအစဉ်လေးလည်း လုပ်လာကြတဲ့အခါကျတော့ ဧည့်သည်တွေဟာ Local Hotel တွေကိုလည်း ပြန့်သွားပါတယ်။ ပြန့်သွားပြီးတော့ ဒါ ခုချိန်မှာတော့ ဒီနှစ်မှာတော့ ဒီလောက်ကြီး ကျနော်တို့ ဒီအခန်းနဲ့ပတ်သက်ပြီးတော့ မကြားတော့ပါဘူး။

ဦးသိန်းထိုက်ဦး ။ ။ အခုန ဝန်ကြီးပြောသွားတဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါ့နော် ဝန်ဆောင်မှုလုပ်ငန်းမှာ တန်ရာတန်ကြေး ဒီကမ္ဘာလှည့်ခရီးသည်တွေ လာရောက်တည်းခိုတဲ့သူတွေက ပေးတဲ့ အခကြေးငွေနဲ့တန်အောင် တောင်းဖို့ပြုဖို့ပေါ့လေ တောင်းတဲ့အတိုင်းလည်း ဝန်ဆောင်မှုပေးဖို့အတွက် ထိန်းသိမ်းဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပါသလားခင်ဗျ။

ဦးဌေးအောင် ။ ။ အဲ့ဒါကတော့ ကျနော်တို့က အမြဲတမ်း အထူးသဖြင့် ပုဂ္ဂလိကဟိုတယ်တွေပေါ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဟိုတယ်တွေရော၊ ပြည်တွင်းဟိုတယ်တွေရော စုစုပြီး သူတို့ကို ဒါလေးကို ရှင်းပြရတာပေါ့လေ။ ရှင်းပြတယ်။ နောက်တချက်ကလည်း သူတို့ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့ ကိုယ်ရတာကို ဖိမယူဘဲနဲ့ ကျနော်တို့ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့၊ လိုအပ်တဲ့ ထိုက်သင့်တဲ့ ဖြည့်ဆည်းရမယ့် အထောက်အကူပြု ပစ္စည်းတွေ၊ လုပ်ငန်းတွေ ဒါလေးတွေကို ထည့်ဖို့၊ ဧည့်သည်ကျေနပ်အောင်လုပ်ဖို့ ကိုယ့်ရဲ့နာမည် ပျက်မသွားဖို့အတွက် အားလုံးကို ဝိုင်းဂရုစိုက်ဖို့ ဒါ အမြဲတမ်း ကျနော်တို့ ပြောနေတဲ့စကားပဲဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ တိုးတက်တယ်၊ ခရီးသည်တွေ များလာတယ်ဆိုတာမျိုးတွေကိုတော့ အမြဲတမ်း တွေ့နေရပါတယ်။ ကိန်းဂဏန်းအရ အချိုးအစားအရဆိုရင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဘယ်လောက်အထိ သိသိသာသာ တိုးတက်လာသလဲ။

ဦးဌေးအောင် ။ ။ ဒီလိုပါ ကျနော်တို့က ဟိုအရင်တုန်းကတော့ ခရီးသည်က တနှစ်ကိုရောက်တဲ့ ဧည်သည်က တက်လိုက်ကျလိုက်နဲ့ တောက်လျှောက်သွားနေတာပေါ့။ အဲဒီလို သွားနေရာကနေ ၂၀၀၉ မှာ နည်းနည်းတက်လာတယ်။ ၁၀ မှာ နည်းနည်းပိုတက်လာတယ်။ ၁၁ မှာတော့ အထူးခြားဆုံး တက်လာတယ်။ ဥပမာ ၁၁ မှာ တောက်လျှောက် လေကြောင်းနဲ့ ကုန်းလမ်း ဝင်တာကို ပြောမယ်ဆိုရင် ၈ သိန်းကျော်လောက် တက်လာတယ်။ ပြီးခဲ့တဲ့ ၁၂ ကျတော့ တစ်သန်းကျော် ဖြစ်သွားတယ်။ အခု ဒီနှစ် ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လမှာ မနှစ်ကဝင်တဲ့ တစ်သန်းကို ကျနော်တို့ မှီသွားပြီဖြစ်ပါတယ်။ ကျန်တဲ့ လေးလသည် ကျော်ဖို့ပဲရှိတယ်။ ဒီနှစ် ကျနော်တို့ မှန်းထားတာ တစ်သန်းရှစ်သိန်းနဲ့ နှစ်သန်းကြားထဲမှာလို့ မှန်းထားတယ်။ အခု တိုးတက်မှုအရ ဝင်လာမယ့် လေကြောင်းအသစ်တွေနဲ့ တိုးချဲ့ထားတဲ့ ခရီးစဉ်တွေအနေနဲ့ဆိုရင် နှစ်သန်းကတော့ ရလိမ့်မယ် ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခုလို ခရီးသွားလုပ်ငန်း တိုးတက်လာနေတဲ့ တချိန်တည်းမှာပဲ မကြာသေးခင်တုန်းက မြန်မာနိုင်ငံမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတချို့ တချို့နေရာတွေမှာ ရှိခဲ့တော့ ဒီလို အကြမ်းဖက်မှုတွေကရော ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအပေါ်မှာ မထိခိုက်နိုင်ဘူးလား။

ဦးဌေးအောင် ။ ။ ကျနော်တို့ ကမ္ဘာလှည့်ခရီးသည် သဘာဝကတော့ ဒီလိုဖြစ်တာ သူတို့ တကမ္ဘာလုံးမှာ ဖြစ်နေတာ။ နေရာဒေသတိုင်းမှာဖြစ်နေတာ။ အဲ့လိုဖြစ်တဲ့အခါမှာ သူ့သက်ဆိုင်ရာ သံရုံးတွေကနေ ဒီလို Travel Advisory ပေါ့ သူတို့ အကြံပြုတယ် ဘာညာ ဒီလိုပဲရှိပါတယ်။ အဲ့တော့ ဒါသည်လည်း သူက ခေတ္တခဏဖြစ်တာ တစ်အချက်က။ နှစ်အချက်ကတော့ သူက ဖြစ်နေတဲ့တနေရာပဲ တကယ်တမ်းကြည့်မယ်ဆိုရင် အဲ့ဒီနေရာပဲ သူက စိုးရိမ်ရတာကိုး သွားလို့ရှိရင်။ ကျန်တဲ့နေရာတွေက သူတို့ သွားလည်လို့ရနေတာပဲ။ အဲ့တော့ သူတို့ ခရီးစဉ်တွေကိုတော့ ဒီလောက်လေးနဲ့တော့ သူတို့ဖျက်လေ့မရှိပါဘူး။ တခါတည်း ဥပမာ - ဟိုးတုန်းကဖြစ်တဲ့ဟာမျိုးတွေ ရှိတာပေါ့။ ကျနော်တို့ဒေသထဲမှာ Sars တို့ H1N1 တို့ ဒါမျိုးဆိုရင်တော့ သူတို့ စဉ်းစားတာပေါ့လေ။ အခု ဒီဟာကတော့ သူတို့ဆီတွေမှာလည်း ဖြစ်နေတာပဲ။ ဒီဖြစ်တဲ့နေရာမှာပဲ သူတို့ အဲ့ဒီနေရာမသွားဘဲ သူတို့သွားလို့ရတဲ့ နေရာတွေကို သွားနေရင်တော့ ဒါ အခု ကျနော်တို့ ဖြစ်ခဲ့တဲ့ဥစ္စာပေါ်မှာကြည့်ပြီး ကျနော်တို့ရဲ့ နေ့စဉ် ဧည့်သည်ဝင်တဲ့ Growth ကိုကြည့်တဲ့အခါ ဒီအပေါ်မှာ ထိခိုက်မှုလုံးဝမရှိဘူးဆိုတာ တွေ့ရပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံကို ခရီးသွားမယ်ဆိုရင် သတိပေးချက်မျိုးတွေ ထုတ်ပြန်တာမျိုးတွေလည်း ရှိခဲ့တော့ အမြဲတမ်းမဟုတ်တောင်မှ ဒီလို ပဋိပက္ခဖြစ်နေတဲ့ အချိန်နဲ့ အချိန်ကိုက် ထုတ်ခဲ့တာမျိုးတွေရှိတော့ ဒါမျိုးတွေက ထိခိုက်နိုင်တဲ့အနေအထား ရှိပါသလား။ မထိခိုက်အောင် ကြိုတင်ကာကွယ်တာမျိုးတွေရော လုပ်ဆောင်တာရှိပါသလား။

ဦးဌေးအောင် ။ ။ ဒီဟာက နှစ်နည်းရှိပါတယ်။ တနည်းက ကျနော် စောစောက ရှင်းပြသလို သူတို့ကတော့ ဒါ ပုံမှန်ထုတ်တာပဲ။ ပုံမှန်ထုတ်တဲ့အခါမှာ ဥပမာ နေရာတခုမှာဖြစ်တယ်ဆိုရင် ဒီနေရာကို မသွားရင် သူတို့ပြီးတာပဲ။ သူတို့ခရီးစဉ်ကိုတော့ သူတို့လည်း ဒါလေးကို ဒီအချိန်လေးမှာ ရတဲ့အချိန် ထွက်ကြတာဖြစ်တဲ့အတွက် များသောအားဖြင့်ကတော့ ဒါ ဒီလို ထိခိုက်တာမရှိဘူး။ သူတို့လည်း မေးတာပဲ သူတို့ကို ထုတ်ထားပေမဲ့ သူတို့က သက်ဆိုင်တဲ့ နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်ကို မေးတာပဲ။ ဒါ ဒီနေရာ တကယ်ဖြစ်လား။ သွားလို့ရလား။ မရဘူးလား။ ဒါ တကယ်မရဘူးဆိုရင် သူတို့ တခြားအစီအစဉ်ကို ပြောင်းစီစဉ်တာပေါ့လေ။ ဒီလိုပဲရှိပါတယ်ခင်ဗျ။

ဦးသိန်းထိုက်ဦး ။ ။ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံတကာကနေ ရင်းနှီးမြှပ်နံှမှုတွေ ရှိလာပါပြီလား။ ဘယ်နိုင်ငံတွေက ရင်းနှီးမြှပ်နံှနေပါပြီလဲ။

ဦးဌေးအောင် ။ ။ အခုကတော့ အထူးသဖြင့်တော့ ဟိုတယ်လုပ်ငန်း။ နောက်တခုက ခရီးသွားလုပ်ငန်း။ အဲဒီလို နေရာတွေမှာ တော်တော်များများ လာတာပေါ့။ ဒေသတွင်းက နိုင်ငံတွေ။ ဥပမာ ဗိယက်နမ်၊ ထိုင်းတို့က သူတို့လုပ်ချင်တဲ့ဟာတွေကို စုံစမ်းပြီးတော့ ဝင်လာတာ ရှိပါတယ်။ အခုလို ရပ်ဝေးနိုင်ငံတွေကတော့ စုံစမ်းတယ်။ သူတို့ အချက်အလက်တွေယူတယ်။ ပြီးရင်တော့ လုပ်ကြမှာပေါ့။ ဒါမျိုး ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံတကာ ရင်းနှီးမြှပ်နံှမှုနဲ့ ပတ်သက်လို့ ဒေသခံ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ စိုးရိမ်မှုတွေရှိတယ်ဆိုပြီးတော့ တချို့ပြောတာတွေ ရှိပါတယ်။ ပြောတာကတော့ နိုင်ငံတကာက အလုံးအရင်းနဲ့ ရင်းနှီးမြှပ်နံှမှု အများအပြားနဲ့ ဝင်လာတဲ့အခါမှာ ဒေသခံလုပ်ငန်းတွေအပေါ်မှာ လွှမ်းခြုံဝါးမျိုးသွားတာမျိုး၊ စိုးရိမ်တာမျိုးတွေ ရှိပါတယ်။ ဒီအပေါ်မှာ ကြိုတင်ကာကွယ်တာမျိုးတွေ ရှိပါသလား။

ဦးဌေးအောင် ။ ။ အခု ပြောမယ်ဆိုရင်တော့ ကျနော်တို့က ဟိုတယ်လုပ်ငန်းကြီးတွေမှာတော့ နိုင်ငံတကာကို ရာခိုင်နှုန်းအပြည့် ခွင့်ပြုပေးထားတယ်။ တချို့ ခရီးသွားလုပ်ငန်းကြတော့ ဒါသည် လုပ်ငန်းကြီးတွေ မဟုတ်ဘူး။ ရင်းနှီးမြှပ်နံှမှု နည်းနည်းနဲ့လုပ်တယ်။ အဲဒါမျိုးကျတော့ ကျနော်တို့က 100% မပေးပါဘူး။ သူတို့ကို ဖက်စပ် လုပ်ခိုင်းတာ ရှိပါတယ်။ ဒီလို ဖက်စပ်လုပ်ခိုင်းတဲ့အတွက် ကိုယ့်လူတွေရဲ့ ဆုံးရှုံးမှု မရှိပါဘူး။ ဒီလို လုပ်ခြင်းအားဖြင့်လည်း သူတို့အတွက် အများကြီး အတွေ့အကြုံလည်းရတယ်။ လုပ်ငန်းလည်း ပိုပြီးတော့ တိုးတက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ ဒီနေ့ ကျနော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ထူထောင်ထားတဲ့ ဟိုတယ်တွေမှာ နိုင်ငံခြား management နဲ့ နိုင်ငံခြားသားတွေ ထားရှိထားတာ အများကြီး ရှိပါတယ်။ ဒါလည်း လုပ်ငန်းက ပိုပြီးတော့ အဆင်ပြေတာပေါ့။ နောက်တခုကတော့ ခရီးသွားလုပ်ငန်း။ ခရီးသွားလုပ်ငန်းမှာ ကျနော်တို့တွေက ခရီးသွားလုပ်ငန်းက ရင်းနှီးမြှပ်နံှမှု retail ပေါ့။ အနည်းငယ် ရင်းပြီးတော့ လုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့ကို 100% မပေးပါဘူး။ အဲဒီတော့ သူတို့ကို ဖက်စပ်ပေးပြီး လုပ်ခိုင်းတယ်။ ဖက်စပ်ပေး လုပ်ခိုင်းတဲ့အခါမှာ ကျနော်တို့ လူတွေက ဒီမှာ အနည်းဆုံး ၄၀% ပါနေတဲ့အတွက် သူတို့အတွက် စိုးရိမ်စရာ ဘာမှမရှိပါဘူး။ အကျိုးအမြတ်လည်း ပိုရမယ်။ နောက် ဖိတ်ခေါ်တဲ့အခါ ဈေးကွက်ကို ရှာတဲ့အခါ သူတို့ကလည်း ကိုယ်ထက်ပိုပြီး လုပ်နိုင်ကိုင်နိုင်တဲ့အခါ ဒါက အကျိုးရှိတာ ဖြစ်ပါတယ်။ နောက် လုပ်ရင်ကိုင်ရင်နဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေ အတွေ့အကြုံတွေ အများကြီး ရမှာဖြစ်တဲ့အတွက် ဒါကို ဘာမှ ထိခိုက်နိုင်စရာ မရှိပါဘူး။ ဝါးမျိုးစရာလည်း အကြောင်းမရှိပါဘူး။ သူရသလောက်ကိုလည်း အကျိုးရနေမယ့်သဘော ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ဦးဆောင်ဦးရွက် တာဝန်ယူနေတဲ့ကာလအတွင်း ဘယ်လို ရည်မှန်းချက်တွေ၊ ဘယ်လို ဦးတည်ချက်တွေ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ မျှော်မှန်းချက်တွေ ရှိပါသလဲ။

ဦးဌေးအောင် ။ ။ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို ၂၀၀၃ ကနေ ၂၀၂၀ အထိ ကျနော်တို့ မျှော်မှန်းပြီး ဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီ ၂၀၂၀ မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ခရီးသည်တွေ ၇ သန်း ရမယ်။ အမျိုးသားဝင်ငွေအနေနဲ့ ၁၀ ဘီလီယန်ကျော် ရရမယ်ဆိုပြီး မှန်းထားတာ ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခက်အခဲတွေအနေနဲ့ ဘာတွေကြိုပြီးတော့ မှတ်ထားပါသလဲ။ ဘယ်လို စိန်ခေါ်မှုတွေ ရှိပါသလဲ။

ဦးဌေးအောင် ။ ။ အဲဒါကတော့ အခု ကျနော်တို့ လုပ်ပြီဆိုတဲ့အခါမှာ ပထမဦးဆုံးက ခရီးသွားလုပ်ငန်းက လူလူချင်း ဆက်ဆံပြီးလုပ်ရတဲ့ကိစ္စဖြစ်တဲ့အတွက် ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဝန်ဆောင်မှု အရည်အသွေး တိုးတက်ဖို့။ လူအင်အား အရင်းအမြစ် ဖွံ့ဖြိးတိုးတက်ဖို့။ နောက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရပ်ကို သိကျွမ်းနားလည်းဖို့၊ ဒါတွေကို အခု ကျနော်တို့ နိုင်ငံခြားအကူအညီနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် အဓိက ဖြစ်ပါတယ်။ နောက်အချက်ကတော့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဒါတွေလည်း ကျနော်တို့ တဆင့်ချင်းတဆင့်ချင်း လုပ်နေတဲ့အတွက် အဆင်ပြေသွားမှာပါ။

ဦးသိန်းထိုက်ဦး ။ ။ အခု ဝန်ကြီး ဝါရှင်တန်ဒီစီကို ရောက်တဲ့အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ။ အထူးသဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာအောင်အတွက် ဘယ်လိုနေရာတွေကနေ အကူအညီပေးဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဦးဌေးအောင် ။ ။ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတွေ၊ နောက်တခါ နိုင်ငံတကာ ငွေကြေးထောက်ပံ့တဲ့အဖွဲ့တွေ။ အဲဒါမျိုး အဖွဲ့တွေနဲ့ ကျနော် တွေ့ခွင့်ရတယ်။ အဲဒီလို တွေ့ပြီးတဲ့နောက် ခရီးသွားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုအထောက်အကူပြု လုပ်ငန်းတွေ လုပ်ပေးနိုင်မယ်ဆိုတာကို သူတို့နဲ့ ဆွေးနွေးကြပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ လောလောဆယ်တော့ ဘယ်လိုအကူအညီဆိုတာ တိတိကျကျ ပြောတာမျိုး ရှိပါသလား။

ဦးဌေးအောင် ။ ။ ဒါကတော့ ကျနော်တို့က ဆွေးနွေးတဲ့အပေါ်မှာ ရလဒ်တော့ ရှိတယ်။ သို့သော် လက်တွေ့လုပ်ဖို့တော့ ကျနော်တို့ ဆက်လုပ်ရမယ်။ ဒါလေးတွေ ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဝါရှင်တန်မြို့တော်ကို ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
XS
SM
MD
LG