မြန်မာပြည်အကြောင်း ရုပ်ရှင်တွေနဲ့ နိုင်ငံတကာမှာ အောင်မြင်မှုတွေရရှိနေတဲ့ မြန်မာနိုင်ငံဖွား ထိုင်ဝမ်အခြေဆိုက် ဒါရိုက်တာ Midi Z ဟာ ထိုင်ဝမ်ယဉ်ကျေးမှုစင်တာရဲ့ စီစဉ်မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ သူ့ရဲ့ ရုပ်ရှင်တွေ လာရောက်ပြသဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ Midi Z ကို ကိုဝင်းခန့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ Midi Z အခုလို VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးအများကြီးတင်ပါတယ်။ Midi Z က မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့မှာ မွေးတယ်။ အသက် (၁၆) နှစ်မှာ ထိုင်ဝမ်နိုင်ငံကို ရောက်ရှိသွားခဲ့တယ်။ အခုလက်ရှိ ရုပ်ရှင်၊ Documentary (၃) ကားနဲ့ Feature ရုပ်ရှင်ကားရှည် (၄) ကား ရိုက်ထားတာရှိတယ်။ အခု အမေရိကန်ကို ရောက်လာခဲ့တဲ့အကြောင်းရင်းကို တချက်လောက် ပြောပြပါလား။
ဖြေ ။ ။ ဒီတခေါက် (၆) လပိုင်း အမေရိကန်ကို လာရောက်တာက ရုပ်ရှင်ပြဖို့။ (၃) နေရာမှာ ပြမယ်။ တနေရာက New York မှာ။ အဲဒီမှာ Museum of Movie Image မှာ ရုပ်ရှင် (၅) ကားကို တပတ်ပြတယ်။ နောက် Boston Harvard Archive မှာ (၂-၃) ကား ပြတယ်။ ဒါကြောင့် ပြီးခဲ့တဲ့အပတ်က Harvard, Boston ကနေ ဒီကို လာခဲ့တယ်။ ဝါရှင်တန်ဒီစီမှာ (၃-၄) ကား ပြမယ်။ ဒါကြောင့် Presentation လာလုပ်တာပါ။
မေး ။ ။ Midi Z ရဲ့ ရုပ်ရှင်တွေမှာ မူးယစ်ဆေး၊ လူကုန်ကူးတာတို့ နယ်စပ်ဖြတ်ကျော်တာတို့လို ပြသမှုတွေ အမြဲပါနေတာကို တွေ့ရပါတယ်။ ဒီလိုအကြောင်းအရာတွေကို ဘာကြောင့် ကိုင်တွယ်ရိုက်ကူးချင်တာပါလဲ။
ဖြေ ။ ။ ကျနော်ထင်တယ် .. မူးယစ်ဆေး၊ နယ်စပ်ပြဿနာနဲ့ ရေကြည်ရာ မြက်နုရာကို လူတွေရှာဖွေကြတာက တကမ္ဘာလုံးမှာ တွေ့နေရတဲ့ ဖြစ်ရပ်တွေပါ။ ဒါတွေက တခြားနေရာတွေမှာလည်း တွေ့ရနိုင်တဲ့ ဇာတ်လမ်းအကြောင်းအရာပိုင်းသက်သက် ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီနေရာမှာ အရေးကြီးတာက ဒါတွေက ကျနော့်ကိုယ်ပိုင် ဘဝအတွေ့အကြုံနဲ့ မှတ်ဉာဏ်ထဲကလာတာ ဖြစ်ပါတယ်။ ကျနော်ကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မွေးပါတယ်။ လားရှိုးက မြို့သေးသေးလေးပါ။ လူတော်တော်များများက အထက်တန်းပြီးသွားတဲ့နောက် ပညာဆက်မသင်ကြဘဲနဲ့ မိသားစုဘဝအရေးအတွက် စဉ်းစားကြပါတယ်။
သိတဲ့အတိုင်း မြို့လေးတွေမှာက အလုပ်အကိုင် အခွင့်အလမ်း သိပ်ရှိတာ မဟုတ်ပါဘူး။ အလုပ်ပေးနိုင်မယ့် စက်ရုံတွေ၊ အလုပ်ရုံတွေလည်း သိပ်မရှိပါဘူး။ ကိုယ့်မိဘက ပိုက်ဆံမချမ်းသာရင် သာမန်အထက်တန်းကျောင်းသားတယောက်ဟာ ကျောင်းပြီးတာနဲ့ စားဝတ်နေရေးအတွက် စဉ်းစားရပါတယ်။ ရှမ်းမြောက်ပိုင်းမှာက လူအများစုက လယ်သမားတွေပါ။ ကိုယ့်ဘဝကို ပြောင်းလဲချင်သူတွေအတွက်က ကျောက်စိမ်းသွားတူးမလား။ မူးယစ်ဆေးရောင်းမလား စတဲ့လမ်းတွေပဲ ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ် (၂၀) – (၃၀) အတွင်းကပါ။ အခုတော့ အများကြီးကို ပြောင်းလဲသွားပါပြီ။ လူငယ်တွေလည်း မြို့ကြီးတွေဆီတက်ပြီး အလုပ်အကိုင် ရှာတာတွေ လုပ်နိုင်ကြပါပြီ။
ဒါပေမဲ့လဲ ကျနော်တို့လို နေရာတွေမှာနေပြီး ရှင်သန်ချင်ရင် မူးယစ်ဆေးရောင်းချတာဟာ သာမန်စီးပွားရေးတခုလို ဖြစ်နေပါတယ်။ ဒီလို ရောင်းချလုပ်ကိုင်တဲ့ နေရာမှာလည်း သာမန်လူတန်းစားတွေအတွက်က နေချင်းညချင်း ချမ်းသာသွားမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ဥပမာ လက်ထဲမှာရှိတဲ့ ဘိန်းပင်တွေကို ဆန်တအိတ်နဲ့ လဲစားဖို့လောက်ပဲ ရောင်းတာဖြစ်ပါတယ်။ ကျနော်က ရုပ်ရှင်ရိုက်ဖို့ ဇာတ်လမ်းရှာတဲ့အခါမှာ ကျနော့်ရဲ့ နောက်ခံနဲ့ အတွေ့အကြုံကို ထင်ဟပ်မယ့် အကြောင်းအရာတွေကို ရိုက်ချင်ပါတယ်။ ဒါကြောင့်မို့ ကျနော်ကိုယ်တိုင်၊ ဒါမှမဟုတ် ကျနော့်ဆွေမျိုး၊ ကျနော့်ကျောင်းတုန်းက သူငယ်ချင်းတွေ ကြုံတွေ့ခဲ့ရတဲ့ အခုလိုမျိုး အကြောင်းအရာတွေကို အခြေခံပြီးတော့ လုပ်ဖြစ်တာပါ။
မေး ။ ။ ဒီလိုအကြောင်းအရာတွေကို ပြောတဲ့အခါ ဒါတွေကို ပန်းချီတို့၊ စာရေးတာတို့လည်း ရှိတဲ့အထဲက ဘာကြောင့် ရုပ်ရှင်ကနေတဆင့် တင်ပြဖို့ ဖြစ်လာခဲ့ပါလဲ။ ရုပ်ရှင်ဒါရိုက်တာတယောက် ဘာကြောင့် ဖြစ်လာခဲ့တာလဲ။
ဖြေ ။ ။ ကျနော်က ဆင်းရဲတဲ့ မိသားစုက လာခဲ့တာဆိုတော့ ကျနော် ငယ်ငယ်တုန်းက ရည်မှန်းချက်ကလည်း သူလိုငါလိုပါပဲ။ အဲဒါကတော့ ဘဝကို ပိုကောင်းအောင် ကြိုးစားချင်တာပါ။ ရုပ်ရှင်ဒါရိုက်တာတို့၊ အနုပညာရှင်တို့ဆိုတာ ကျနော်တို့ မမက်ရဲခဲ့တဲ့ အိပ်မက်တွေပါ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံရှာဖို့ကိုပဲ အခြေခံစဉ်းစားရလို့ပါ။ ဒါကြောင့်မို့ ဝင်ငွေရှိမယ့် အလုပ်မျိုးကိုပဲ ကျနော်ငယ်ငယ်ကတည်းက ဆုံးဖြတ်ခဲ့ပါတယ်။
နောက်တော့ ထိုင်ဝမ်ကိုသွားပြီး စာသင်ဖို့ အကြောင်း ဖြစ်လာပါတယ်။ ထိုင်ဝမ်အစိုးရစစ်တဲ့ စာမေးပွဲကို အောင်ပြီးတော့ ပညာတော်သင်ဆု ရလိုက်တာပါ။ တက်ရမယ့်ကျောင်းက အသက်မွေးဝမ်းကြောင်း ပညာသင်တဲ့ အထက်တန်းကျောင်း ဖြစ်ပါတယ်။ ပုံမှန်အတန်းစာပဲသင်တဲ့ ကျောင်းမဟုတ်ပါဘူး။ အဲဒီတုန်းက ကျနော့်အသက်က (၁၆) နှစ်ပဲ ရှိသေးပေမယ့် ဟိုရောက်တာနဲ့ အလုပ်လုပ်ပြီး မိသားစုကို ပိုက်ဆံပြန်ပို့ဖို့ကို စဉ်းစားနေရပါပြီ။ ဒီလိုနဲ့ ထိုင်ဝမ်ကို ရောက်ပြီးတော့ Visual Arts ပညာရပ်ပိုင်းကို တက်ဖြစ်ပါတယ်။ တက္ကသိုလ်ရောက်တော့လည်း ဒီဘာသာရပ်ကိုပဲ ဆက်ယူဖြစ်ခဲ့တာပါ။ ပြီးတော့ မင်္ဂလာဆောင်တွေအတွက် စီးပွားဖြစ် ဗီဒီယိုရိုက်ပြီးတော့ တဆင့်ပြီးတဆင့် ရုပ်ရှင်ဘက်နဲ့ နီးစပ်သွားပါတယ်။ နောက်တော့ ကြော်ငြာရိုက်တဲ့ ဒါရိုက်တာတယောက် အရင် ဖြစ်လာခဲ့ပါတယ်။ မဟာဘွဲ့ရပြီးတဲ့အခါမှာ စဉ်းစားပါတယ်။ ကျနော်စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ ကျနော့်မွေးရပ်မြေအကြောင်း ကျနော် ဖော်ပြချင်တဲ့အခါ ကျနော်ဘာကို အသုံးပြုမလဲဆိုတာပါ။ ဒီလိုနဲ့ ရုပ်ရှင်ရိုက်ဖို့ ဖြစ်လာခဲ့တာပါ။
မေး ။ ။ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီး Return to Burma ကို မြန်မာပြည်မှာ ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွေ့အကြုံကိုလည်း ပြောပြပေးပါအုံး။
ဖြေ ။ ။ မြန်မာပြည်မှာ ၂၀၁၀ ပထမအကြိမ် ရွေးကောက်ပွဲပြီးတော့ ထိုင်ဝမ်မှာ ရှိနေတဲ့ ကျနော်တို့သူငယ်ချင်းတွေ အများစုက နိုင်ငံထဲကို ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဟိုမှာ အပြောင်းအလဲတွေ ဖြစ်တော့မှာမို့ သူတို့အစီအစဉ်ကတော့ ပြန်ပြီးတော့ စီးပွားရေးတွေ လုပ်ကြဖို့ပါ။ သူများနိုင်ငံမှာ အောက်ခြေလုပ်သား ဖြစ်ရတာထက်၊ မြန်မာနိုင်ငံမှာက အခွင့်အရေး ပိုများနိုင်တယ်လို့ တွက်ပါတယ်။ သူတို့မှာက ဖြစ်ချင်တာတွေနဲ့ မျှော်လင့်ချက်တွေ အပြည့်ပါ။ ကျနော်ကတော့ အဲဒီအချိန်တုန်းက သူတို့ရဲ့ အပြန်လမ်းကို မှတ်တမ်းတင်ဖို့ စိတ်ကူးရပါတယ်။ အဲဒါက ကနဦးရတဲ့အတွေးပါ။ မှတ်တမ်းရုပ်ရှင်လို့ ရိုက်ထားပေမယ့် မှတ်တမ်းရုပ်ရှင်တော့ မဟုတ်ပါဘူး။ ကျနော် ရေးထားတဲ့ ခပ်ရိုးရိုးဇာတ်လမ်းတခုကို အခြေခံထားတာပါ။
ဒါပေမဲ့ ဇာတ်လမ်းက အပြင်မှာ ရိုက်ကူးရတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ရန်ကုန်ကို ရောက်တဲ့အခြေအနေကနေ ကျနော့်မွေးရပ်မြေ လားရှိုးအထိ တောက်လျှောက် အပြင်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ရိုက်ကူးသွားပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေလိုပဲ ကျနော်တို့ ကင်မရာက အသေးလေးတွေ၊ ပြီးတော့ လူအင်အားအနည်းအကျင်းနဲ့ ရိုက်ခဲ့တာပါ။ ကင်မရာက သိပ်မကြီးတဲ့အတွက် ဖွက်စရာတွေလည်း မလိုပါဘူး။ ဒါပေမဲ့ ကားဂိတ်လို နေရာတွေမှာတော့ ပေါ်ပေါ်တင်တင် ရိုက်လို့မကောင်းပါဘူး။ အဲဒီအချိန်က ရိုက်ကူးရေး ခွင့်ပြုချက်တွေ လိုပါတယ်။ ဒါပေမဲ့လဲ ကျနော်တို့က နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ရိုက်တာ မဟုတ်တဲ့အတွက် ပြဿနာတော့ သိပ်မရှိပါဘူး။ ကျနော်တို့ လုပ်ချင်တာက သိပ်ရိုးရှင်းပါတယ်။ ပုံမှန်လူနေမှု ဘဝတွေကိုပဲ ရိုက်ကူးချင်တာပါ။
မေး ။ ။ အခု မြန်မာ့ရုပ်ရှင်လောကနဲ့ကော အထိအတွေ့ ရှိပါလား။ ရှိတယ်ဆိုရင် အခု ရုပ်ရှင်လောကရဲ့ မြင်ကွင်းနဲ့ အလားအလာအပေါ် မှတ်ချက်ပေးလို့ရမလား။
ဖြေ ။ ။ တကယ်တော့ ဒီကိစ္စအပေါ် အပြင်လူတယောက်အနေနဲ့၊ အတွင်းလူတယောက်အနေနဲ့ မှတ်ချက်ပေးဖို့က အတော်လေး ရှုပ်ထွေးတယ်လို့ ဆိုပါရစေ။ ကျနော်တို့ နိုင်ငံမှာက ပြောစရာဇာတ်လမ်းတွေ၊ ယဉ်ကျေးမှုဓလေ့ မတူကွဲပြားမှုတွေ အများကြီး ရှိနေပေမယ့်၊ ဒါကို ထုတ်ဖော်ပြောပြဖို့အတွက် အရင်းအမြစ်က နည်းနေပါသေးတယ်။ အရင်းအမြစ်ဆိုတဲ့နေရာမှာ ရိုက်ကူးရေး၊ ပြင်ဆင်ရေး၊ နည်းပညာပိုင်းနဲ့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လူသားအရင်းအမြစ်ကို ဆိုလိုတာပါ။ ဥပမာ အင်္ဂလိပ်လို သိပ်မတတ်တဲ့ လူတယောက်က ပြင်ပက အသိပညာရပ်တွေကို လေ့လာနိုင်ဖို့အတွက် ခက်ခဲပါတယ်။ ဆိုလိုတာက ကျနော်တို့မှာ လုံလောက်တဲ့ ဘာသာပြန်မှု အရင်းအမြစ်တွေ မရှိဘူးလို့ ပြောချင်တာပါ။ ခင်များက အင်္ဂလိပ်လိုဖြစ်ဖြစ်၊ တရုတ်လိုဖြစ်ဖြစ် တတ်မထားလို့ရှိရင် စာပေဘက်မှာ လေ့လာဖို့ အခက်အခဲ ရှိပါလိမ့်မယ်။
လူတယောက်အတွက်က သူ့မှာ ပါရမီအခံ ရှိနေရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ပိုသိလာအောင်လုပ်ဖို့၊ တိုးတက်အောင်လုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဆိုတော့ ဘာသာပြန်ကဏ္ဍဟာ မြန်မာပြည်ရဲ့ နေရာတိုင်းမှာ လိုအပ်နေတယ်လို့ ထင်ပါတယ်။ ရုပ်ရှင်တင် မဟုတ်ပါဘူး။ တခြားအနုပညာကဏ္ဍနဲ့ စာပေနဲ့ စီးပွားရေးအပိုင်းမှာလည်း ဖြစ်ပါတယ်။ အရမ်းကို အရေးကြီးပါတယ်။
ဒုတိယအနေနဲ့ စီစစ်ရေး ဆင်ဆာကိစ္စ ဖြစ်ပါတယ်။ လူတွေက သူတို့ထုတ်ဖော်ပြသချင်တဲ့ကိစ္စကို လွတ်လွတ်လပ်လပ် ပြောလို့ မရသေးပါဘူး။ ရုပ်ရှင်တကားက အနုပညာရှင်တယောက်လို ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ အနုပညာရှင်တွေဟာ တကယ်တမ်းအပြင်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ၊ သူတို့ဖော်ပြချင်တာတွေကို လွတ်လပ်စွာ ဖော်ပြနိုင်ခွင့် ရှိသင့်ပါတယ်။ စီစစ်ရေး ဆင်ဆာလုပ်တာဟာ အခုလက်ရှိ ကမ္ဘာမှာရှိနေတဲ့ စံနှုန်းတွေပေါ်မှာလည်း ထင်ဟပ်သင့်ပါတယ်။ ဒါဟာ အနုပညာရှင်တွေရဲ့ ဖန်တီးနိုင်မှုအတွက် အရမ်းအရေးကြီးတဲ့ကိစ္စပါ။
မေး ။ ။ ထိုင်ဝမ်ရုပ်ရှင်လောကမှာဆိုရင်လဲ ကျနော် သိသလောက် ၁၉၈၀ ခုနှစ်များဆီက ဒါရိုက်တာတွေဖြစ်တဲ့ ဟိုရှောက်ရှင်၊ အိုက်ဝိုက်ယန်တို့လို နောက်လူသိများတဲ့ အန်လီတို့ဆိုရင် ပြည်တွင်းမှာတင်မက နိုင်ငံတကာကပါ လက်ခံရလောက်တဲ့ ဒါရိုက်တာတွေ ဖြစ်ပါတယ်။ အဲဒီကနေ အခုအချိန်အထိ Midi Z အပါအဝင် လက်ရှိ နိုင်ငံတကာမှာလည်း ထိုင်ဝမ်ဒါရိုက်တာတွေက ဆက်လက်အသိအမှတ်ပြုခံနေရဆဲ ဖြစ်ပါတယ်။ ဒီတော့ အဲဒီလို နှစ်ပေါင်းများစွာ ထိုင်ဝမ်ရုပ်ရှင်လောက ဖွံ့ဖြိုးနိုင်နေတာ ဘာအချက်တွေကြောင့်လို့ ထင်ပါလဲ။
ဖြေ ။ ။ သေချာကြည့်မယ်ဆိုရင် အားလုံးတခုနဲ့တခု ဆက်စပ်နေပါတယ်။ ပထမဦးဆုံးက ဒီမိုကရေစီပါ။ ထိုင်ဝမ်ဟာ အရမ်းကို ဒီမိုကရေစီ အားကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ပေးထားပါတယ်။ လူငယ်တွေအတွက်လည်း နိုင်ငံတော်က ရုပ်ရှင်ရန်ပုံငွေတွေ ချထားပေးတာ ရှိပါတယ်။ နိုင်ငံတကာမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကိုလည်း သိရပါတယ်။ မြန်မာပြည်မှာက ကျနော်တို့က ရန်ကုန်လို နေရာမျိုးမှာ မနေလို့ရှိရင် တခြားအသက်မွေးဝမ်းကျောင်း အလုပ်ကလွဲလို့ အနုပညာရှင် ဖြစ်လာဖို့ စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။ ဒါဟာ အရမ်းကို အနာတရ ဖြစ်စေပါတယ်။ ခင်များ ပြောသလိုပဲ ထိုင်ဝမ်မှာက နာမည်ကြီးဒါရိုက်တာတွေ၊ အနုပညာရှင်တွေ ပေါ်ပေါက်နေတယ်ဆိုတာ နေ့ချင်းညချင်း ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လည်း နှစ် (၂၀) – (၃၀) လောက် အချိန်ယူခဲ့ရတာပါ။ အရာအားလုံးက ချိတ်ဆက်နေပါတယ်။ အရေးအကြီးဆုံးတွေက ဒီမိုကရေစီ လွတ်လပ်မှု မူဝါဒ ချမှတ်မှုတွေနဲ့ ပညာရေးပါ။ မြန်မာပြည်မှာဆို ပိုအရေးပါတယ်လို့ ကျနော်ထင်တာတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ သာမန်လူတွေဟာ များသောအားဖြင့် နိုင်ငံရေးကို အာရုံမစိုက်ကြပါဘူး။ သမ္မတက ဘယ်သူလဲ။ ဝန်ကြီးချုပ်က ဘယ်သူလဲဆိုတာ ဂရုမစိုက်ပါဘူး။ ကျနော်တို့ ဂရုစိုက်တာက ကျနော်တို့ရဲ့ ကိုယ်ပိုင် လုံခြုံမှုပါ။ ဒါကြောင့်မို့ ပညာရေး နဲ့ ကျန်းမာရေးကဏ္ဍတွေ ကောင်းလာပြီဆိုတော့မှ အခြားကိစ္စတွေကို ပြောနိုင်ပါလိမ့်မယ်။ အခုအချိန်မှာတော့ အခြေခံကိစ္စတွေဟာ အဆင်မပြေသေးတဲ့အတွက် ရုပ်ရှင်တို့၊ အနုပညာတို့၊ ယဉ်ကျေးမှုတို့လို ကိစ္စတွေကို ကျနော်တို့ပြောဖို့ ဘယ်လိုအင်အားရှိပါ့မလဲ။
မေး ။ ။ Thank you so much.
ဖြေ ။ ။ Thank you so much.