သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာမှု ရှိမရှိ


လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာမှု ရှိမရှိ
လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာမှု ရှိမရှိ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်အတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ တိုးတက်ပြောင်းလဲမှု အခြေအနေ၊ အကြောင်းအရာများကို ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းအဖွဲ့ (Human Rights Education Institute of Burma) တာဝန်ခံ ဒါရိုက်တာ ဦးအောင်မျိုးမင်း နဲ့ ဦးစံမိုးဝေ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ။ ဒီမိုကရေစီစနစ်ရဲ့ ရပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ အရေးပါတဲ့အရာတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တဲ့နောက်ပိုင်း အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် တနှစ်နီးပါး ရှိလာခဲ့ပါပြီ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်။ ဒါကြောင့် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီလို့ ဆိုကြပါတယ်။ ဒီမိုကရေစီရဲ့ တန်းဖိုးတခုဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီလား။ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလား။ ဘယ်လိုအခြေအနေမှာ ရောက်ရှိနေပြီလဲလို့ ပြည်ပမှာ အခြေစိုက်ပြီး လူ့အခွင့်အရေးနဲ့ မြှင့်တင်ရေး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ (HREIB) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို ဆက်သွယ်မေးခဲ့ပါတယ်။

ဦးအောင်မျိုးမင်း ။ ။ ပြီးခဲ့တဲ့ နှစ်တနှစ်လုံးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတခု ပေါ်လာတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီလို ပြောင်းလဲမှုက နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းအတိုင်း ကိုက်ညီမှု ရှိလားမရှိလား ဒါကိုပြောဖို့အတွက် ခွဲခြားပြီးပြောဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံးကတော့ ဘယ်လောက်အထိပဲ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတယ်။ ဥပဒေပိုင်းဆိုင်ရာတွေ ရှိလာတယ်။ ကတိပြုမှုတွေ ရှိလာပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ရှိလာတဲ့တခုက အရမ်းကို ဆိုးဝါးပါတယ်။ နောက်တခုက လက်နက်ကိုင် တိုက်ပွဲတွေ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝတွေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လုံခြုံမှုတွေ ထိခိုက်မှု ရှိနေတာက ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အရာတွေ ဖြစ်နေပါတယ်။ အဲဒီတော့ တိုင်းပြည်က ပြောင်းလဲမှုတခု ရှိနေတယ်လို့ ပြောနေပေမယ့်။ ကျနော်တို့ တိုင်းပြည်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရမ်းကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် အရင်တုန်းက အခြေအနေကို ကြည့်မယ်ဆိုရင် အနုတ်လက္ခဏာဆောင်တဲ့ အနေအထားမျိုးထိ ရောက်လာတယ်။ ပြောင်းလဲမှု တစုံတရာ ဖြစ်လာပေမယ့် ကျနော်တို့က အရမ်းအရင်ကလုပ်ခဲ့တာကြောင့် အနုတ်လက္ခဏာကနေ အပေါင်းလက္ခဏာအထိ သွားနိုင်တဲ့ အခြေအနေမျိုး မရှိသေးတဲ့ အခြေအနေဘဝကို ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ ကလေးကွန်ယက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့် ကလေးစစ်သားကိစ္စ။ အရင်နှစ်တွေတုန်းက မြန်မာသတင်းတွေမှာ ကလေးစစ်သားအရေး တော်တော် ဆူဆူညံ့ညံ့ ကြားရပါတယ်။ အခု ဒီနောက်ပိုင်းမှာ နည်းနည်း တိတ်သွားတယ်လို့ ပြောရမလား။ မြန်မာနိုင်ငံက ကလေးစစ်သားအခြေအနေ ဘယ်လိုရှိပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ မကြာသေးခင်က လေ့လာသုံးသပ်ချက်ကို ကြည့်မယ်ဆိုရင် ကလေးသစ် စုဆောင်းမှုတွေက ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေမှာ တော်တော်ကြီးနည်းသွားတာကို တွေ့ရတယ်။ ILO က တိုင်းကြားမှုတွေကြောင့် ဖြစ်စေ။ ဒီလိုမျိုးကိစ္စတွေ တိုင်းကြားမှုတွေမှာ အရင်ကထက် နည်းသွားတာကိုတော့ သတိထားမိတယ်။ ဒါပေမဲ့ ဒီလို ပြောခြင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ပြောရင် သိသိသာသာ လျော့နည်းသွားတယ်လို့ ပြောလို့မရဘူး။ တဖတ်မှာ ရန်ကုန် နဲ့ မန္တလေးတို့မှာ ကလေးစစ်သား အသုံးပြုမှု၊ တိုင်းကြားမှုတွေ လျော့ပေမယ့်။ နယ်ဖက်မှာ ပိုများလာတယ်။ ဥပမာ စစ်ကိုင်တိုင်း၊ ရခိုင်ပြည်နယ်ဖက်မှာ အဲဒီဒေသတွေမှာ ကလေးစစ်သား အသုံးပြုမှု ဆက်လက်ရှိနေသေးတယ်ဆိုတဲ့ အချက်တွေ ရှိနေသေးတယ်။ အဲဒီ အချက်တွေက ILO တွေဆီ မရောက်သေးဘဲနဲ့ ILO ဆီ ပို့ဖို့ ပြင်ဆင်နေတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ကလေးစစ်သား အသုံးပြုမှု လျော့သွားတယ်လို့ တနိုင်ငံလုံးအခြေအနေနဲ့ ပြောလို့မရဘူး။ နောက်တခုက ကချင်ပြည်နယ်ဘက်မှာ ထိုးစစ်ဆင်တဲ့ နေရာမှာ စစ်တပ်ဖက်က ဒဏ်ရာရတဲ့လူတွေ၊ သေဆုံးသွားတဲ့လူတွေကို ကြည့်မယ်ဆိုရင် ကလေးစစ်သား စြစ်လောက်တဲ့ အနေအထားမျိုးကို အများကြိး တွေ့ရတယ်။ ဒီမှာ ဖမ်းမိတဲ့လူတွေရဲ့ ပြောကြားချက်။ စစ်တပ်တွေ ဖြတ်သွားတဲ့ဒေသတွေမှာ တွေ့ကြုံခံစားရတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရဆိုရင် ကလေးအရွယ်ဖြစ်လောက်တဲ့ စစ်သားတွေ စစ်တပ်ထဲမှာရှိနေတာ အခုအချိန်အထိ ရှိနေတုန်းပါ။ ဒါကြောင့်မို့ ကျနော်တို့က ကလေးစစ်သားအခြေအနေ တိုးတက်မှုတွေ ရှိလောက်ရှိနေပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ မရှိသေးဘူး။ အခုအချိန်အထိ စစ်တပ်ထဲမှာ အသက်မပြည့်သေးတဲ့ စစ်သားတွေ ရှိနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိနေတုန်းပါ။

ဦးစံမိုးဝေ ။ ။ ကလေးအခွင့်အရေးနဲ့ တဆက်တည်းရှိတဲ့ကိစ္စကတော့ လူကုန်ကူးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖြတ်ရေးကို ဦးစားပေးလုပ်နေတဲ့ သတင်းတွေကြားရပါတယ်။ ဘယ်လောက် ခရီးရောက်နေပြီလဲလို့ သိထားပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ ကလေး အခွင့်အရေးထက် လူကုန်ကူးမှုအပိုင်းမှာ သူတို့အနေနဲ့ အစိုးရအနေနဲ့ အရင်ကထက် အသိပညာပေးမှု လုပ်ငန်းတွေ ဆောင်ရွက်မှုတွေ တိုးတက်လာတယ်။ ဒါပေမဲ့ လူကုန်ကူးမှုဆိုတာက ဒေသတခုတည်းမှာ ဖြစ်တာမဟုတ်ဘူး။ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး ဖူလုံမှုတွေ၊ ပညာရေး နှိမ့်ကျမှုတွေ။ ဒီအပြင် ဒီဘက်ပိုင်းမှာရှိတဲ့ နယ်စပ်တလျှောက်မှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတော့ လူကုန်ကူးမှုတွေက ဖြစ်နေတယ်။ အဲဒီတော့ တဖတ်က ဘယ်လောက်အထိ ဖော်ဆောင်မှုတွေ လုပ်ဆောင်တယ်။ တိုင်ကြားမှုတွေ ရှိနေပေမယ့် လူကုန်ကူးခံမှု ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ဆင်းရဲမှု လျော့ပါးရေးတွေ၊ အလုပ်အကိုင် ဖန်တီးမှုတွေ မရှိသေးရင် ဒါတွေက ရှိနေအုန်းမှာပါ။ ဒီ အစိုးရအနေနဲ့ ဆင်းရဲမှုလျော့ပါးရေးဆိုတဲ့ စီမံချက်တွေ လုပ်ဆောင်မယ်လို့ ပြောလာတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ ပြောလာတဲ့အချက်တွေကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သလား၊ ဖြစ်လားမသလားဆိုတာတွေကို တိုင်းတာနိုင်ဖို့ အခုအချိန်မှာ ကျနော်တို့ ထောက်ပြဖို့အတွက် စောနေသေးတယ်။ တဖတ်က ဆင်းရဲမွဲတေမှု ဖြေရှင်းမှု လုပ်ဆောင်မယ်ဆိုရင် ကောင်းတဲ့အချက်ဖြစ်တယ်။ ဒါပေမဲ့ အခုလောလောဆယ် လုပ်နေတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အောင်မြင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့ လူကုန်ကူးမှုကိစ္စကိုလည်း ဒီအကြောင်းအရင်းကို ဖော်ဆောင်နိုင်ဖို့က ခက်တယ်။ ဒီနှစ်အတွင်းမှာ ထူးထူးခြားခြား ဘာတွေ တွေ့ရသလဲဆိုရင် တဖတ်က လူ့အခွင့်အရေးအရ ကြိုဆိုသင့်တယ့် အဖွဲ့အစည်း ဖွဲ့စည်းခွင့်တို့။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်တို့၊ မီဒီယာ လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့အချက်တွေကို တွေ့ရတယ်။ ဒါကတော့ သတင်းအရတော့ လက်ခံစရာပဲ။ အရင်တုန်းကလို ဆင်ဆာတွေ၊ အရင်တုန်းကလို ငါးဦးထက် ပိုစုလို့ မရတဲ့ကိစ္စတွေ၊ အဖွဲ့အစည်း ဖွဲ့လို့မရတဲ့ကိစ္စတွေ။ ဒါတွေ ခွင့်ပြုမယ်ဆိုတဲ့ အကြောင်းအရာတွေကို လက်ခံပါတယ်။ ဒါပေမဲ့ အမှန်တကယ် သူတို့က လူ့အခွင့်အရေးကို လေးစားလိုက်နာသလား။ ထိရောက်တဲ့ ခွင့်ပြုချက်တွေ ရှိရဲလား။ တကယ်တမ်း မှန်ကန်ရဲ့လားအချက်တွေကို အခုအချိန်အထိ ထောက်ခံနိုင်ဖို့အတွက် တချို့ အဖြစ်အပျက်တွေက ကျနော်တို့ကို သတိပေးနေတာ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် တဖတ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုပေမယ့်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အထက်အမိန့်အရ အတည်မဖြစ်သေးတဲ့အတွက် ခွင့်မပြုနိုင်ဘူးဆိုတဲ့ဟာတွေ။ လယ်သမားတွေ ဆန္ဒပြပေမယ့် ဆန္ဒပြမှုကို တားမြစ်ပြီး ဒီဟာတွေ ခွင့်မပြုနိုင်ဘူးဆိုတဲ့အချက်က အပေါ်က ချမှတ်တဲ့ အမိန့်တွေက အောက်ခြေအထိ စီးဆင်းမှုမရှိသေးဘူးဆိုတာတွေက သက်သေအထောက်အထားတွေပါ။

ဦးစံမိုးဝေ ။ ။ မကြာခင် နှစ်တွေတုန်းက တိုင်းရင်းသားဒေသတွေမှာ နယ်စပ်ဒေသတွေမှာ စစ်တပ်က အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေ ဒီကိစ္စကို လက်နက်သဖွယ် အသုံးပြုနေပါတယ်ဆိုတဲ့ စာတမ်းတွေ ထွက်လာတာတွေ ရှိပါတယ်။ အခု အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ဘယ်လောက်ရှိသလဲ။

ဦးအောင်မျိုးမင်း ။ ။ လက်ရှိ ထိုးစစ်တွေ ဆင်နေတဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ဒေသတွေဘက်မှာဆိုရင် အမျိုးသမီးတွေကို လိင်ကျေးကျွန်းအဖြစ် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေ ရှိနေတုန်းပါ။ နံမည်အတိအကျအရ၊ လူဦးရေအတိအကျအရ - ဒီ သတင်းတွေ ဆက်လက်ပြီး ရှိနေပါတယ်။ ဒါကဆိုရင် လုံးဝ မဖြစ်သင့်တဲ့အရာတွေ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် စစ်တပ်အနေနဲ့ ဒါမျိုးတွေ မလုပ်ဆောင်ပါဘူး။ လူ့အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ ကာကွယ် စောင့်ရှောက်ပါပြီလို့ ကမ္ဘာမှာ ကတိတွေပေးပြီး လူ့အခွင့်အရေးကိစ္စကို လေးစားပြုကျင့်နေပါတယ်ဆိုချိန်မှာ ဒီအချက်တွေက ဆက်လက်ဖြစ်ခြင်းက လုံးဝမဖြစ်သင့်ဘူး။ အဲဒီတော့ ဒီလိုမျိုးအချက်တွေကို အတိအကျ ပြောကြားလို့ရှိရင် ဒါတွေကို အရေးယူကိုင်တွယ်ဖြေရှင်းမယ့် လူ့အခွင့်အရေးကော်မရှင်က ဒါတွေကို အမှန်တကယ် လေးစားလိုက်နာပြီးတော့ ဖော်ထုတ်မှုရှိလား။ ကျူးလွန်တဲ့လူတွေကို အရေးယူမှု ရှိသလား။ ဒီဟာတွေ မရှိမခြင်းတော့ ကျနော်တို့မှာ ဒီဟာတွေ ပပျောက်သွားပြီလို့ ပြောလို့မရဘူး။ အမှုတွေကို မဖြေမရှင်းခြင်း၊ ကျူးလွန်တဲ့လူတွေကို အရေးယူမရှိမခြင်း။ ဒီအချက်တွေက လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်လို့ ပြောလို့မရသေးဘူး။

ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေးမှာ အရေးကြီးတဲ့အချက်တချက်ဖြစ်တဲ့ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီးတော့။

ဦးအောင်မျိုးမင်း ။ ။ အစိုးရအနေနဲ့ ကုလသမဂ္ဂ တင်တဲ့အထဲမှာ သူ့အနေနဲ့ ဘာသာပေါင်းစုံကို လေးစားလိုက်နာမှု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့လယ်မှာဆိုရင် ဗုဒ္ဓဘာသာ ဆူလေးစေတီတော်ကြီး၊ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာကျောင်းတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောချင်တဲ့အချက် အဆောက်အဦးတွေ ဆောက်ခွင့်ပြတိုင်း၊ အဆောက်အဦးတွေရှိတိုင်း ဘာသာရေးကိုးကွယ်မှုကို လေးစားတယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် အခုအချိန်အထိ ဘာသာရေးပေါ်မှာ ဖိနှိပ်မှုတွေ၊ တခြား ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့၊ အစ္စလာမ်တို့ပေါ်မှာ ဖိနှိပ်မှုတွေ နယ်စပ်ဒေသတွေမှာ ရှိနေတာ အခိုင်အမာ ကြုံတွေ့နေရတယ်။ အဲဒါကြောင့် ဘာသာရေးအရ လွတ်လပ်စွာ လေးစားလိုက်နာမှုဆိုတာ ရန်ကုန်မြို့ထဲမှာပဲ ဝတ်ပြုကျောင်းတွေ တည်ဆောက်ထားတာ မဟုတ်ဘဲနဲ့ နိုင်ငံတနိုင်ငံလုံးမှာရှိတဲ ဘာသာကိုးကွယ်မှုကို ခွင့်ပြုတာတွေ။ ဘာသာတဘာသာနဲ့ တဘာသာ အထင်အမြင်လွဲမှားမှုတွေကို ပပျောက်အောင်လုပ်ပြီး အတူတကွ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေ ဖြစ်ဖို့အတွက် ပညာပေးတာတွေ၊ ကာကွယ်ပေးတာတွေ ဒါတွေ အများကြီး လိုအပ်နေဆဲပါ။

ဦးစံမိုးဝေ ။ ။ ထူးခြားမှုတခုက ဗမာပြည်မှာ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ပေါ်လာပါတယ်။ အဲဒီအဖွဲ့က မကြာခင်ကဆိုရင် အကျဉ်းထောင်တွေသွားပြီး စစ်ဆေးတာတို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သူတို့ကို လွှတ်ပေးဖို့ သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးတာတို့ စတဲ့ လုပ်ဆောင်မှုတွေ တွေ့ရပါတယ်။ အဲဒီ ကော်မရှင်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ လူ့အခွင့်အရေး ကော်မရှင် ပေါ်လာတယ်ဆိုတာက အာဆီယံဒေသမှာ ကြိုဆိုသင့်တဲ့ အရာပါ။ ဒါပေမဲ့ ဒီ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေက တကယ်တမ်း ထိရောက်မှု ရှိသလား။ ဒါကို ပြန်ကြည့်ဖို့ လိုအပ်တယ်။ တခါတလေ ကျနော်တို့ စဉ်းစားတဲ့အချက်က လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးပါဆိုပြီး တောင်းဆိုလိုက်တယ်။ လွတ်လာပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မပါဝင်ဘူးဆိုတာကို တွေ့ရတယ်။ နောက်တခါ အခုအခါမှာဆိုရင် လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီလိုမျိုး နယ်စပ်ဒေသတွေမှာ သွားလာဖို့အတွက် ခွင့်ပြုတယ်။ အကျဉ်းထောင်တွေကို သွားပြီး လေ့လာတယ် ပြောပေမယ့် အဲဒီ လူ့အခွင့်အရေးကော်မရှင်ကနေ တချို့ ပြောပြလာတဲ့အချက်တွေကို အမှန်တကယ် လေးစားလိုက်နာပြီး အရေးယူ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ အဲဒီတော့ ပထမဦးဆုံး လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေ ကိုင်တွယ်ဖြေရှင်းလာတာ အားကောင်းတဲ့အချက်ပဲ။ တချိန်တည်းမှာပဲ ဒီဟာကို အကောင်အထည်ဖော်ပြီး လေးစားဖို့အတွက် အစိုးရက လိုက်နာဖို့ရယ်။ ဒါတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် တိုင်းကြားလာတဲ့ကိစ္စတွေကို တကယ်ကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှုအတွက် အဲဒီအပိုင်းမှာ တကယ်ကို အားနည်းနေဆဲပါ။

ဦးစံမိုးဝေ ။ ။ နိုင်ငံတကာမှာ လူ့အခွင့်အရေးကော်မရှင်တွေရဲ့ အရည်အသွေးနဲ့ တာဝန်တွေက ဘာတွေလဲ။ ဘယ်လိုကိစ္စတွေကို လုပ်ဆောင်ကြသလဲ။

ဦးအောင်မျိုးမင်း ။ ။ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ Paris မူဝါဒအရဆိုရင် လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့လူတွေက ပထမဦးဆုံး လွတ်လပ်မှုရှိဖို့ လိုအပ်ပါတယ်။ နောက် ဘက်မလိုက်မှုအတွက် ဒါက အရမ်းအရေးကြီးပါတယ်။ လွတ်လပ်မှုဆိုတဲ့ဟာက အစိုးရရဲ့ ရာထူးဌာနတွေကို တာဝန်ထမ်းဆောင်တာ မဟုတ်ဘဲ။ အစိုးရရဲ့ သြဇာသက်ရောက်မှုမှလည်း ကင်းလွတ်ရမယ်။ အစိုးရရဲ့ ကိုယ်စားကို လိုက်ပြီး ဖြေရှင်းတဲ့အရာမျိုး၊ တာဝန်ရှိပြီး ဖြေရှင်းတဲ့လူမျိုး မဟုတ်ဘဲနဲ့ မှန်ရင်မှန်သလို၊ မှားရင်မှားသလို ဒါတွေကို ပြောကြားနိုင်ဖို့အတွက် အရည်အချင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ နောက်တခုက လူ့အခွင့်အရေးကော်မရှင်က အဓိကတာဝန် (၃) ခု ရှိပါတယ်။ ဒီ (၃) ခုကတော့ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ လေးစားလိုက်နာဖို့အတွက် ရှိတဲ့စာချုပ်တွေကို လက်မှတ်ထိုးအတွက်။ ထိုးထားတဲ့စာချုပ်တွေကို အကောင်အထည်ဖော် လေးစားလိုက်နာဖို့အတွက် အကြံဉာဏ်ပေးတာတွေ၊ အစိုးရကို အကြံဉာဏ်ပေးတာတွေ ရှိမယ်။ နောက်တခုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအားလုံးကို လက်ခံပြီးတော့ ချိုးဖောက်သူတွေကို အရေးယူပေးဖို့အတွက် ထိခိုက်တဲ့လူတွေကို နစ်နာတဲ့ကိစ္စတွေ၊ ပပျောက်ဖို့အတွက်။ နောက်တခါ ဥပဒေပိုင်းဆိုင်ရာအရ ရသင့်ရထိုက်တဲ့ ကုစားမှုတွေရရှိဖို့အတွက် လုပ်ဆောင်တာရှိမယ်။ နောက်တခုကတော့ လူထုကြားထဲမှာ လူ့အခွင့်အရေးကိစ္စကို အားလုံးသိရှိဖို့အတွက် ပညာပေးလုပ်ရမယ့် လုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်မှာဆိုရင် လက်ခံဖို့အတွက်။ ဒါတွေ တိုင်းကြားဖို့အတွက် သူတို့အနေနဲ့ လက်ခံပါတယ်ပြောတယ်။ ဒါပေမဲ့ ပြည်သူလူထုက တိုင်းကြားနိုင်ဖို့အတွက်၊ ဒီအကြောင်းကို လူတွေသိအောင် လုပ်ဆောင်ဖို့အတွက် အပိုင်းမှာ အားနည်းနေတုန်းပါ။ နောက်တခါ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တချို့ပြောကြားချက်တွေကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးရဲ့ အခြေအနေကို အမှန်အတိုင်း ပြောတာ မဟုတ်ဘဲနဲ့ လက်ရှိဖြစ်နေတဲ့ တချို့အချက်တွေကို ချန်လှပ်ပြောတဲ့ ပုံစံတွေကို တွေ့ရပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့အတွက်ဆိုရင် ရှိသင့်ရှိထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေက ဘာတွေ ဖြစ်မလဲ။

ဦးအောင်မျိုးမင်း ။ ။ ကျနော်တို့ တကယ် လူ့အခွင့်အရေးကိစ္စကို လေးစားလိုက်နာပြီဆိုရင် ပထမဦးဆုံး ဒီမှာရှိပြီးသာ လက်မှတ်ထိုးပြီးသာ စာချုပ်တွေမှာ ဒီအချက်တွေကို မှန်မှန်ကန်ကန် ရေးသားဖော်ထုတ်ဖို့ လိုအပ်တယ်။ တချိန်တည်းမှာ လူ့အခွင့်အရေးကိစ္စက အစိုးရတခုရဲ့ တာဝန်မဟုတ်ဘူး။ ပြည်သူလူထုရဲ့ တာဝန်ဖြစ်တယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေးကိစ္စကို လုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို ကျနော်တို့ အားပေးထောက်ခံပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးဖို့လိုအပ်မယ်။ နောက်ဆုံးတခုကတော့ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းကို အနှောင့်အယှက်အတားအဆီး မရှိဘဲ လူတိုင်းလူတိုင်း သိရှိဖို့အတွက် အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လူ့အခွင့်အရေးကော်မရှင် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လူ့အခွင့်အရေးအရ အကောင်းဘက်ကို မျှော်မှန်းနိုင်တဲ့ အခြေအနေရှိပါလိမ့်မယ်။

ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေး ပညာပေးအဖွဲ့ မြန်မာနိုင်ငံ (HREIB) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG