သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ ဂငယ်ကွေ့ ပြန်သွားနိုင်မယ့် အခြေအနေရှိမရှိ


An airplane passes in front of the moon over Philadelphia, Pennsylvania, USA, May 21, 2013.
An airplane passes in front of the moon over Philadelphia, Pennsylvania, USA, May 21, 2013.

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လက်ရှိ မြန်မာပြည်ရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အခြေအနေရှိမရှိဆိုတာနဲ့ ပတ်သက်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုမှ သုတေသီ ဦးဌေးအောင် နဲ့ ဦးစံမိုးဝေ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါသလို။ အမိန့်မနာခံမှု၊ အာဂတိလိုက်စားမှု ပြစ်မှုတွေနဲ့ ရာထူးက ဖယ်ရှားခံရပြီးနောက် နေအိမ်အကျယ်ချုပ် ချထားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင် ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း ပါဝင်ပါတယ်။ အခုဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ်သက်တဲ့အကြောင်း သတင်းတွေ၊ ဆောင်းပါးတွေဟာ ပြည်တွင်းပြည်ပ ဂျာနယ်တွေ၊ အွန်လိုင်းမီဒီယာတွေမှာ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။ အစိုးရက ဦးခင်ညွှန့်ကို ပြန်လွှတ်ပေးလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့စိတ်ဝင်စားမှုအရှိန် လျော့သွားအောင် ထိန်းညှိလိုတဲ့သဘောနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ခန့်မှန်းတွက်ဆချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုရဲ့ သုတေသန ဌာနမှူးတဦးဖြစ်သလို၊ မြန်မာတပ်မတော်ရေးရာတွေကို စောင့်ကြည့်လေ့လာနေသူ ဦးဌေးအောင် ကို မေးကြည့်ပါတယ်။

ဦးဌေးအောင် ။ ။ ကျနော်ကတော့ အဲဒီလို မယူဆဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးအရေးယူစဉ်ကာလတုန်းက လာဘ်စားမှု၊ အမိန့်မနာခံမှု စတဲ့ စွဲဆိုချက် (၈) ခုနဲ့ အကြောင်းပြထားပေမယ့် တကယ်အဓိကအချက်ကတော့ ဦးခင်ညွှန့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်က အာဏာကို လွှဲပြောင်းရယူဖို့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က သံသယရှိတာကြောင့် သူနဲ့ သူ့စစ်ထောက်လှမ်းအုပ်စုကို အဲဒီလို အရေးယူတာတွေ၊ နှစ်ရှည်ထောင်ဒဏ်ချတယ်လို့ ကျနော်ကမြင်တယ်။ အခုအချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ခင်ညွှန့်ကို ပြန်လွှတ်ပေးတဲ့ဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို ထိန်းဖို့ဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူး။

ဦးစံမိုးဝေ ။ ။ တခြား ထောက်လှမ်းရေးက ဗိုလ်မှူးချုပ်သိန်းဆွေ၊ ဗိုလ်မှူးချုပ်သန်းထွန်း စတဲ့လူတွေကိုတော့ ပြန်မလွှတ်ပေးဘဲနဲ့ ဦးခင်ညွှန့်ကို ပြန်လွှတ်ပေးလိုက်တာ ဘယ်လိုသဘောဆောင်ပါသလဲ။

ဦးဌေးအောင် ။ ။ အခု နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေကို ကာလုံလို့ခေါ်တဲ့ သူတို့အခေါ်ကတော့ အကလ ပေါ့။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ဒီကိစ္စတွေကို စဉ်းစားဆုံးဖြတ်နေတာ။ အဲဒီတော့ ဒီကိစ္စတွေကို ကြည့်မယ်ဆိုရင် အခုလက်ရှိ ဗိုလ်ချုပ်ကြီးခင်ညွှန့် အပါအဝင် စစ်ထောက်လှမ်းရေးတချို့ကို ပြန်ပြီးလွှတ်ပေးလိုက်တာက ဒီကာလုံအဖွဲ့ကနေ နိုင်ငံတော်မှာ အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆလို့ လွှတ်ပေးတာမျိုးလည်း ဖြစ်နိုင်သလို အခုလက်ရှိ လွှတ်တော်တွေမှာ တက်နေတဲ့ တပ်မတော်ကိုယ်စားလှယ်တွေကိုယ်၌ကလည်း အကျဉ်းကျခံနေရတဲ့ သူတို့ရဲ့ ဘဝတူ တပ်မတော်သားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာတွေရှိတယ်။ အဲဒါတွေကြောင့် လွှတ်ပေးရတယ်လို့ ထင်တယ်။

ဦးစံမိုးဝေ ။ ။ နောက်တခုက စိုးရိမ်နေကြတဲ့အချက်။ စစ်တပ်က အာဏာသိမ်းခဲ့ရင်ဆိုတဲ့ကိစ္စ။ အဲဒါကို သူရဦးရွှေမန်းက စစ်တပ်က အာဏာသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ တကယ်ကော အဲဒီအခြေအနေ ရှိပါသလား။

ဦးဌေးအောင် ။ ။ ဒါက ဦးရွှေမန်းက ပြောလို့မဟုတ်ဘူး။ သူတို့ အတင်းအကြပ် ရေးဆွဲပြီး အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာကို စစ်တပ်က အာဏာသိမ်းစရာမလိုလောက်အောင် စစ်တပ်ကို လုပ်ပိုင်ခွင့်အာဏာတွေ အပြည့်အဝပေးထားတာရှိတယ်။ ဘယ်လောက်အထိ ပေးထားသလဲဆိုရင် စစ်တပ်က နောက်ဆုံး ကာလုံအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ တရားဝင်အာဏာ ရယူပိုင်ခွင့်ကိုယ်တောင် သူတို့ပေးထားတဲ့ အနေအထားရှိတယ်။ အခု ဒီနေ့ အနေအထားကို ကြည့်မယ်ဆိုရင် ကာလုံအဖွဲ့ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ ဦးစီးချုပ်အပြင် စစ်တပ်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးတွေ - အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး။ နောက်တခုက စစ်တပ်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဒု သမ္မတတဦး။ ဦးသီဟသူရ တင်အောင်မြင့်ဦး စတဲ့ စစ်တပ်ကိုယ်စားလှယ် (၆) ဦးက အသားစီးနဲ့ ကိုင်တွယ်ဆုံးဖြတ်နေတဲ့ အနေအထား။အဲဒီတော့ ဒီအဖွဲ့အနေနဲ့ အချိန်မရွေး အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ နိုင်ငံတော်အာဏာကို တရားဝင် အချိန်မရွေး ယူနိုင်တဲ့အနေအထား ရှိတယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း ပြောမှ၊ သူတို့အနေနဲ့ အာဏာထပ်သိမ်းမယ့် အလားအလာ မရှိဘူးဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က အာဏာကို သိမ်းစရာမလိုတော့ဘူး။

ဦးစံမိုးဝေ ။ ။ ဒီနေရာမှာ ဦးသိန်းစိန်နဲ့ အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျတဲ့ တင်းမာတဲ့သဘောထားရှိသူတွေ စစ်တပ်ထဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒါက ဘယ်လောက်မှန်နိုင်ပါသလဲ။

ဦးဌေးအောင် ။ ။ ကျနော်ကတော့ မှန်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၁၊ ၇ အောက်တိုဘာလလောက်ကတည်းက သတင်းတွေ အခုလက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့တွင်းမှာ သဘောထား တင်းမာနေသူတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေက နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာတာရှိတယ်။ အဲဒါကြောင့်လည်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့က ဒါတွေက မဟုတ်ပါဘူး၊ နောက်ကြောင်း ပြန်မလွှတ်ပါဘူးလို့ သူတို့ အကြိမ်ကြိမ် ပြောဆိုခဲ့တာတွေ ရှိတယ်။နောက်တခုက အခုလက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့တွင်ကို ကြည့်မယ်ဆိုရင် တချို့နေရာတွေမှာ သမ္မတရဲ့ အမိန့်ကို အောက်ခြေက လက်မခံဘဲနဲ့ ကလန်ကဆန်လုပ်နေတဲ့ အချက်လေးတွေ ရှိနေတာ ရှိတယ်။ အထင်ရှားဆုံးကတော့ လွန်ခဲ့တဲ့ ငါးနှစ်က သမ္မတက ဒီ ကချင်ပြည်နယ်မှာ လုပ်နေတဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ တရားဝင် အမိန့်စာ ထုတ်ပြန်ပေးခဲ့တယ်။ ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်က လက်မခံတဲ့အတွက်ကြောင့် ဒီနေ့ ဒီတိုက်ပွဲတွေ ဆက်ဖြစ်နေတာကို တွေ့နေရတယ်။ လွှတ်တော် နှစ်ရပ် နဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တို့က နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးဖို့ သမ္မတကြီးထံ မေတ္တာရပ်ခံပေမယ့် ဇန်နဝါရီလ ၂ ရက်နေ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသား အနည်းအကျင်းပဲ ပါခဲ့တယ့် အနေအထားမျိုး။ ဒါတွေလည်း တွေ့ရတာရှိတယ်။ ဒါတွေကို ကျနော်တို့ အပြန်အလှန် လေ့လာကြည့်တဲ့အခါကြတော့ အကလ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - လုံခြုံရေးကောင်စီ က စစ်တပ်ကိုယ်စားလှယ် အများစုက လံခြုံရေးအမြင်တခုတည်းကို ကြည့်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးချင်တယ့် အနေအထားမရှိဘူးလို့ သိရတာ ရှိတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန် အစိုးရအတွင်းမှာလည်း တချို့ဟာတွေမှာ သဘောထားတွေ ကွဲလွဲမှုတွေ ရှိနေတယ်။ မတိုက်ဆိုင်မှုတွေ ရှိနေတာကို ကျနော်တို့ လေ့လာမှုတွေမှာ တွေ့ရတာပေါ့။

ဦးစံမိုးဝေ ။ ။ အဲဒီလို သဘောထား တင်းမာသူတွေဘက်ကနေ အာဏာသိမ်းမှုမျိုး လုပ်လာမှာ မဖြစ်နိုင်ဘူးလား။

ဦးဌေးအောင် ။ ။ အဓိကကတော့ အခု ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံဥပဒေအရ စစ်တပ်ကို ပေးထားတဲ့ အခွင့်အဏာတွေကို ပြင်ဆင်ပြောင်းလဲဖို့ မကြိုးစားဘူးဆိုရင်တော့ လက်ရှိအနေအထားမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ အနေနဲ့ ဘာမှ ထင်ထင်ရှားရှား အတိုက်အခံ လုပ်လာမယ့်သဘော ကျနော်ကတော့ မရှိဘူးလို့ ထင်တယ်။ ဒါပေမဲ့လို့ အဲဒါကို ပြုပြင်ပြောင်းလဲဖို့ တနည်းအားဖြင့် စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ထိန်းချုပ်ဖို့ တနည်းနည်းနဲ့ ကြိုးစားလာမယ်ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ သူတို့က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ဖို့ တပ်မတော်မှာ အဓိက တာဝန်ရှိတယ်ဆိုတဲ့ အချက်ကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါတယ်။ အဲဒါကို အကြောင်းပြပြီးတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကာကွယ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်အာဏာသိမ်းမယ့် အနေအထားမျိုး ဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။

ဦးစံမိုးဝေ ။ ။ ၁၉၈၈ တုန်းကလို တိုင်းပြည်ဂျောက်ထဲကျလုဆဲဆဲအချိန်မှာ စစ်တပ်က ဝင်ပြီးကယ်တင်ရပါတယ်ဆိုတာမျိုး နောက်တခါ စစ်တပ်ရဲ့ အမြင် ဂျောက်ထဲကျနိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိနိုင်သေးသလား။

ဦးဌေးအောင် ။ ။ ဗမာနိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် လောင်စာတွေ အများကြီးရှိနေတဲ့ အနေအထားမျိုး ရှိတာကို တွေ့ရတယ်။ တိုင်းရင်းသားကိစ္စတွေမှာပဲကြည့်ကြည့် နိုင်ငံရေးအနေအထားကိုပဲကြည့်ကြည့် လူထုမကျေနပ်မှုတွေ လူထုအုံ့ကြွမှုတွေ ဖြစ်လာအောင် ဖန်တီးလို့လည်း ရတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်လည်း အဲဒါတွေကို အကြောင်းပြပြီးတော့ အရင် ဦးနေဝင်း မဆလအစိုးရ လက်ထက်တုန်းက လုပ်သလို တိုင်းပြည်က ဂျောက်ထဲကျခါနီးမို့ သူတို့အနေနဲ့ ကာကွယ်ရပါတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ အာဏာသိမ်းသလို အခုကလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပျက်စီးမယ့်အနေအထားမျိုး၊ ဒါမှမဟုတ် ဒို့အရေး (၃) ပါးကို မပျက်စီးဖို့။ ဒါတွေကို အဓိက ကာကွယ်ဖို့ တာဝန်ရှိတဲ့ တပ်မတော်က မလွှဲမရှောင်သာ အာဏာသိမ်းရပါတယ်လို့ သူတို့အချိန်မရွေး အကြောင်းပြနိုင်တဲ့ အနေအထားမျိုးရှိတယ်။

ဦးစံမိုးဝေ ။ ။ နိုင်ငံအာဏာကို တရားဝင်လွှဲပြောင်းယူဖို့ ပြုထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအချက်ကိုက ဒီမိုကရေစီလမ်းကြောင်းကနေ အချိန်မရွေး ပြန်လှည့်သွားနိုင်အောင် လမ်းဖွင့်ပေးထားတယ်ဆိုတဲ့ သဘောပေါ့။

ဦးဌေးအောင် ။ ။ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေ တစုံတရာ ဖြစ်ပေါ်လာလို့ရှိရင် အခုန ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာတွေ လွှဲပြောင်းပေးရမယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြဌာန်းချက်များအရ အရေးပေါ်အခြေအနေဆိုတာက အချိန်မရွေး အာဏာရှိတဲ့ အဖွဲ့အစည်းက ဖန်တီးလို့ရတဲ့ အနေအထားပါ။ အခုန ကျနော်ပြောသလိုပဲ ဗမာနိုင်ငံမှာ လောင်စာတွေက အများကြီး ရှိပါတယ်။ ဒါကို လက်ရှိ အာဏာရရှိထားတဲ့ အဖွဲ့အစည်းတွေ ကိုယ်၌က ဒါတွေကို ပေါ်ပေါက်အောင် ဖန်တီးယူလို့ရတယ်။ အဲဒါကို အကြောင်းပြပြီးတော့ အချိန်မရွေး အာဏာသိမ်းခွင့် တရားဝင် အာဏာသိမ်းခွင့်ကို သူတို့တတွေ လုပ်ယူလို့ရနိုင်တယ်လို့ ထင်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်အသစ်တွေ အကုန်လုံးကို အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆက်လက် တည်တံ့စေမယ့် ဥပဒေဖြစ်နေတယ်။ အဲဒီ ဥပဒေကို နည်းနည်းသွားထိလိုက်တာနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို သွားထိန်းချုပ်ဖို့ ကြိုးစားလိုက်တာနဲ့ သူတို့က အချိန်မရွေး အကြောင်းပြပြီး နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေတခုခုကို ဖန်တီးပြီးတော့ တရားဝင်အာဏာ သိမ်းပိုင်ခွင့် ရှိနေတဲ့အတွက်ကြောင့် အဲဒီလို အခြေအနေမျိုးကို ရောက်လာရင်တော့ အခု ဗိုလ်ချုပ်ကြီးရွှေမန်း ကပဲ ကတိပြုပြု၊ သမ္မတကြီးဦးသိန်းစိန်ကပဲ ကတိပြုပြု။ ဘယ်သူကပဲ ကတိပြုပြု ဒါဟာ အချိန်မရွေး နောက်ကြောင်းပြန် ဂငယ်ကွေ့ ကွေ့သွားနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်တုန်းကလည်း အလားတူ ပြောခဲ့တာပဲ တပ်မတော်က ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရလက်ထဲကို အာဏာလွှဲပြောင်းပြီးရင် မူလနေရာဖြစ်တဲ့ ဘားတိုက်ကို ပြန်သွားမယ်လို့ ပြောပေမယ့် သူကို ဖယ်ရှားလိုက်တဲ့အခါမှာ သူပြောထားတာတွေက သူနဲ့ အတူတူ ပျောက်ကွယ်သွားခဲ့တယ်။ အခုလည်းပဲ ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဦးရွှေမန်းပဲဖြစ်ဖြစ် နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ကတိပေးပေမယ့် တချိန်ချိန်မှာ သူတို့ပါ ပျောက်ကွယ်သွားရင် သူတို့ပြောခဲ့တဲ့ စကားတွေကလည်း သူတို့နဲ့အတူ ပါသွားမယ်လို့ ကျနော်ကထင်တယ်။

ဦးစံမိုးဝေ ။ ။့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုရဲ့ သုတေသန ဌာနမှူး ဦးဌေးအောင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့တာပါ။

XS
SM
MD
LG