သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ အနာဂတ် နိုင်ငံရေးခြေလှမ်း


ဓါတ်ပုံမှတ်တမ်း ။ ။ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ - ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု။ မေ ၂၇၊ ၂၀၀၇ (AP Photo/File)
ဓါတ်ပုံမှတ်တမ်း ။ ။ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ - ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု။ မေ ၂၇၊ ၂၀၀၇ (AP Photo/File)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးစံမိုးဝေ က ဇန်နဝါရီ ၁၃ ရက်နေ့ကမှ ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နဲ့ မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဦးစံမိုးဝေ ။ ။ တချို့က အသက်အရွယ်နဲ့ အတွေ့အကြုံ ရင့်ကျက်လာပြီဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပါတီနိုင်ငံရေးလောကထဲကို ဝင်ရောက်ပြီးတော့ မြန်မာ့အရေးကို ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်စေချင်ကြပါတယ်။ တချို့ကြတော့လည်း activist အနေနဲ့ နေထိုင်ပြီးတော့ အပြင်ဘက်ကနေ ရံပေးတာကို သဘောကျတယ်၊ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်ဆိုတဲ့ အမြင်နှစ်ခု ဖြစ်ပေါ်နေပါတယ်။ ကာယကံရှင်တွေရဲ့ သဘောထားကို သိရအောင် မကြာခင်ကပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို မေးမြန်းကြည့်ခဲ့ပါတယ်။

ကိုဌေးကြွယ် ။ ။ ကျနော်တို့ နိုင်ငံမှက သမိုင်းကြောင်း တောက်လျှောက်ကိုက နိုင်ငံရေးသမားဆိုတာကို ပုံစံဖျက်ခဲ့တော့ နိုင်ငံရေးသမားဆိုတာက မသန့်စင်သလိုလို၊ နိုင်ငံရေးလုပ်လို့ရှိရင်လျှင် ပုံသဏ္ဍာန်တမျိုး။ နှစ်ပေါင်းများစွာ နိုင်ငံရေးသမားတွေဆိုရင် ကွဲမယ်ပြဲမယ် ညစ်ပတ်မယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးတွေနဲ့ လူထုမီဒီယာတွေကတဆင့် နှစ်ပေါင်းများစွာ ဝါဒဖြန့်ခြင်းကို ခံခဲ့ရတော့ နိုင်ငံရေးထဲမှာ တကယ့် လူတွေ ပါမလာတော့ဘူး။ ဗိုလ်ချုပ်တို့ခေတ်တုန်းမှာက တကယ့် ပညာတတ်လူငယ်တွေ နိုင်ငံရေးထဲမှာ ပါလာခဲ့သေးတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံရေးဆိုတာကို ကိုယ့်နဲ့မဆိုင်သလိုလို၊ နိုင်ငံရေး လုပ်လို့ရှိရင်ပဲ သန့်စင်မှု လျော့ကျသွားသလိုလို စသဖြင့် တန်ဖိုးထားမှုတွေ ပြောင်းလဲလာခဲ့တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းက ဒီမိုကရေစီကို တည်ဆောက်မယ်ဆိုလို့ရှိရင် နိုင်ငံရေးသမားကောင်းတွေကို တန်းဖိုးထားတတ်တဲ့ တန်းဖိုးတခုကို ပြန်လည်တည်ဆောက်ရပါမယ်။ အခု ကျနော်တို့ ၈၈ ကို ကျနော်တို့တတွေက ၁၉၈၈ ကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အားလုံး ဝိုင်းဝန်ပြီးတော့ ပါလာခဲ့ကြတယ်။ အာဏာအတွက် ကျနော်တို့ ရည်ရွယ်ကြခြင်း မဟုတ်ဘူး။ အာဏာကို မရည်ရွယ်ဘဲနဲ့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကိုပဲ ရပ်တည်စေချင်တယ့် လူထုရဲ့ ချစ်ခင်မှု၊ ဒါကိုလည်း ကျနော်တို့ နားလည်းပါတယ်။ ကျနော်တို့သိတယ်။ အဲဒီတော့ ၈၈ ကို ဘယ်လိုမျှော်လင့်သလဲ။ မျှော်လင့်ချက် နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ ဒုတိယ မျှော်လင့်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်မှုကို တချို့ရဲ့ မျှော်လင့်ချက်ကိုလည်း ကျနော်တို့ သိပါတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးကို အဓိပ္ပါယ်ပြန်ဖွဲ့ချင်တယ်။ အဲဒါကတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ နိုင်ငံရေးဆိုတာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တခုတည်း။ ဒီ ရည်မှန်းချက်တခုတည်းနဲ့ ကျနော်တို့ လုပ်ဆောင်နေကြခြင်း ဖြစ်တဲ့အတွက် ၈၈ မျိုးဆက်တွေဟာ ကဏ္ဍအသီးသီး၊ နေရာအသီးသီးကနေ တာဝန်ယူပါလိမ့်မယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက် ကိုယ့်ရဲ့ လူမျိုးအတွက် အစွမ်းကုန် ကြိုးစားသွားကြလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။

ဦးစံမိုးဝေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကြားထဲမှာ အတွေးအခေါ်၊ အယူအဆ နှစ်မျိုး ကွဲနေတယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။

ကိုဌေးကြွယ် ။ ။ ကွဲနေတဲ့ သဘောတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားသာချက်၊ အားသာရာ ကိုယ့်ရဲ့ စိတ်အားထက်သန်ရာ ရည်မှန်းချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ကွဲပြားခြင်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုတဲ့ဟာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးပါ။ ဒါဟာ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်ဖော်ဆောင်ရမယ့် ကိစ္စပါ။

ဦးစံမိုးဝေ ။ ။ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်တယ်ဆိုတဲ့နေရာမှာ အာဏာကို ရယူနိုင်အောင် ကြိုးပမ်းပြီးတော့ အာဏာရတဲ့အခါမှာ ကိုယ်ယုံကြည်သလို ကိုယ်ဖြစ်ချင်သလို ဆန္ဒအတိုင်း နိုင်ငံကို ပုံဖော်ယူခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကိုဌေးကြွယ် ။ ။ လူထုရဲ့ ထောက်ခံမှုနဲ့ ရယူတဲ့ အာဏာဆိုတဲ့ဟာက တာဝန်ပါ။ ဒီ တာဝန်ကို လူထုက ပေးအပ်တယ်ဆိုလို့ရှိရင် ဒီ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့တဲ့ အစိုးရကောင်းတွေ မြန်မာနိုင်ငံမှာ ပေါ်ထွန်းဖို့ လိုအပ်ပါတယ်။ ကျနော်တို့တတွေဟာ တချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ မာတိကာဆယ်ပြီးတော့ ကြည့်လိုက်ပါ။ ရာဇဝင်မှာ အဆဲခံမယ့် လူတွေမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ ပိုပြီး သဘောကျပါတယ်။ အဲဒီတော့ အာဏာရရေး၊ မရရေးထက် ကျနော်တို့ ဘယ်တာဝန်မှာ ဘယ်လောက် အကောင်းဆုံး လုပ်နိုင်မလဲ။ တိုင်းပြည်မှာ နေရာကဏ္ဍ ပေါင်းစုံကနေ လိုအပ်နေပါတယ်။ အဲဒီ လိုအပ်တဲ့ ကဏ္ဍအသီးသီးကို ဒီဘက်မျိုးဆက်ကြီး တခုလုံးကနေ ဖြည့်စည်းဆောင်ရွက်သွားနိုင်ဖို့ကိုပဲ ကျနော်တို့ ပြင်ဆင်ဖို့ စိတ်ကူးရှိပါတယ်။

ဦးစံမိုးဝေ ။ ။ ၈၈ ကျောင်းသားတွေရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ တပ်မတော် အပါအဝင် အင်အားစုတွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မေးချင်တာက လက်ရှိ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ခင်များတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ လူမှုရေးလုပ်သူတွေ၊ သံဃာတော်တွေကို နှစ်ရှည်အကျဉ်းချတာကအစ အမျိုးမျိုး ဒုက္ခပေးခဲ့ဘူးတဲ့ ရာဇဝင်က ရှိနေတော့ အဲဒီလူတွေ၊ အဲဒီ အဖွဲ့အစည်းတွေနဲ့ တကယ်တမ်း လက်တွဲပူးပေါင်း ဆောင်ရွက်လို့ ဖြစ်နိုင်ပါ့မလား။

ကိုဌေးကြွယ် ။ ။ အထူးသဖြင့် ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ပျောက်ဆုံးနေတာကတော့ ယုံကြည်မှုပေါ့။ ဒီ ယုံကြည်မှု ပျောက်ဆုံးပြီဆိုရင် ကျနော်တို့ ဘာမှလုပ်ကိုင်လို့ မရတော့ပါဘူး။ အဲဒီတော့ ယုံကြည်မှုတွေကို ကျနော်တို့ ပြန်လည်တည်ဆောက်ရမယ်။ တန်းဖိုးတွေ ဒီ ယုံကြည်မှု တန်းဖိုးတွေ။ ပြီးတော့ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးထဲမှာ မြန်မာနိုင်ငံသားတွေအတွင်းမှာ အပိုင်းပိုင်း ကွဲပြားနေတဲ့ သမိုင်းဆိုင်ရာ သွေးကွဲမှုတွေ။ ဒီ သွေးကွဲမှုတွေကို ကျနော်တို့ ပြန်လည်စုစည်းဖို့ လိုအပ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ကျနော်တို့ ပြောနေတာ စကားလုံး မဟုတ်ပါဘူး။ မြန်မာနိုင်ငံ သမိုင်းတောက်လျှောက်လုံးမှာ ကွဲပြားခဲ့တဲ့ တိုင်းရင်းသားတွေကြား၊ အစိုးရနဲ့ ပြည်သူတွေကြား ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့တဲ့ တန်းဖိုးတွေကို ကျနော်တို့ ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒါဟာ ကဏ္ဍပေါင်းစုံ အသီးသီးကနေ ဝိုင်းဝန်ပြီးတော့ ဖြည့်စည်းပေးရမယ့်ကိစ္စပါ။ ကျနော်တို့ပဲ လုပ်လို့မရဘူး။ လက်ရှိ အာဏာကို စွဲကိုင်ကျင့်သုံးနေကြတဲ့ အစိုးရလည်း ပါဝင်ရမယ်။ ပြီးတော့ တပ်မတော်လည်း ပါဝင်ရပါမယ်။ တိုင်းရင်းသားတွေလည်း ပါဝင်ရပါမယ်။ ဒီလိုပဲ လူ့အဖွဲ့အစည်းတရပ်လုံးက ပါဝင်ရပါလိမ့်မယ်။ အဲဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး။ ကျနော်တို့ တမျိုးသားလုံး သွေးစည်းတဲ့ ညီညွှတ်တဲ့ မြန်မာနိုင်ငံသစ်တခုကို တည်ထောင်ဖို့ ကြိုးစားခြင်းပါ။ ဒီတော့ ကျနော်တို့ သမိုင်းမှာ မှားယွင်းတဲ့ စနစ်တခု တည်လာခဲ့ပြီဆိုရင် ဒီ မှားယွင်းတဲ့ ဒဏ်ကို ဓားစာခံအဖြစ် ခံယူကြရစမြဲပါ။ ကျနော်တို့ရဲ့ ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးကုန်ခဲ့တာတွေ၊ ဘဝတွေ အပိုင်းပိုင်း ကျိုးကြဲခဲ့တာတွေ ကျနော်တို့ မျက်စိရှေ့မှာပဲ တွေ့ခဲ့ရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့လို့ ဒီလို ရန်ညိုးတွေ၊ ဂလဲ့စားချေခြင်းတွေ၊ လက်စားချေခြင်းတွေ ဆိုတာတွေက ကျနော်တို့ နိုင်ငံအတွက် ထောင်ချက်တခုပဲလို့ မြင်ပါတယ်။ ဒီလို လက်စားချေပြီးတော့ သွားလို့မရတော့ပါဘူး။ ဒါပေမဲ့လို့ အနာဂတ်ကို မျက်နှာမူပြီးတော့ သွားမယ်။ ဒီ အမှောင်ခေတ်တခေတ်မှာ မြန်မာတနိုင်ငံလုံး ကြုံခဲ့ရတဲ့ အမှောင်ခေတ်ကို သမိုင်းက အမှတ်ရနေမယ်လို့ ပြောချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ လက်ရှိ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို နိုင်ငံတကာဘက်က အကောင်းမြင်တာက လိုတာထက် ပိုနေတယ်လို့ သုံးသပ်တာတွေ ကြားနေရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကိုဌေးကြွယ် ။ ။ နိုင်ငံတကာနဲ့ ကျနော်တို့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့ လိုအပ်နေပါပြီ။ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေ အကောင်းမြင် ပုံစံနဲ့ ချဉ်းကပ်တယ်ဆိုတာကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ အဲဒီ ကြိုဆိုမှုက မြန်မာနိုင်ငံသားအားလုံးအတွက်ပဲ ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးအတွက် မဟုတ်ဘဲနဲ့ အာဏာကို စွဲကိုင်ထားတဲ့ လူတစုအတွက်ဆိုလို့ရှိရင်တော့ ဒါဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီရာ ကောင်းကျိုးကို ဖော်ဆောင်ရာ မရောက်ဘဲနဲ့ သမိုင်းကို တဖန်ပြန်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။ အဲဒီကြတော့ ကျနော်တို့ဟာ နိုင်ငံတကာရဲ့ ချစ်ကြည်ရင်းနှီမှုကို လိုချင်တယ်။ ယုံကြည်မှုကိုလည်း လိုချင်တယ်။ အဲဒါမျိုးတွေ ရရှိအောင်လည်း ကျနော်တို့ဘက်က ဖြည့်စည်းဆောင်ရွက်ရမယ့် အချက်အလက်တွေလည်း ရှိပါတယ်။ ဒါဟာ အခု အုပ်ချုပ်ရေးတာဝန် ရှိတဲ့လူတွေဟာ အထူးကျင့်သုံးရမယ့်ကိစ္စလို့ ကျနော်တို့မြင်ပါတယ်။ အဲဒီကြတော့ နိုင်ငံတကာနဲ့ ကျနော်တို့ဟာ ကောင်းတဲ့ဘက်ကို အားလုံး ဝိုင်းဝန်ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားနိုင်ဖို့၊ ကောင်းတဲ့ဘက်ကို အမြန်ဆုံး ရောက်နိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီလည်း လိုအပ်သလို။ ပြည်တွင်းက တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ထင်သာမြင်သာရှိဖို့ ဒါတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု၊ တိုင်းပြည်အတွက် အနှစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု စတဲ့အခန်းကဏ္ဍတွေဟာ အစဉ်အလာ ကြီးမားခဲ့ပါတယ်။ လက်ရှိ အခြေအနေအပေါ် ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကိုဌေးကြွယ် ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြောလို့ရှိရင် ကျောင်းသားတွေရဲ့ သမိုင်းလို့တောင် ပြောလို့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ။ အဲဒီနောက်ပိုင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ တပ်မတော်။ အားလုံးဟာ ကျောင်းသားတွေကပဲ လာခဲ့ကြတာပါ။ ဒီလိုပဲ ကျနော်တို့တတွေဟာ သမိုင်းမှာ ကြုံခဲ့ရတဲ့ မဆလ တပါတီစနစ်ကိုလည်း ဖျက်ခဲ့တာ၊ ကျော်ဖြတ်နိုင်ခဲ့တာလည်း ကျောင်းသားတွေ ပါဝင်မှုပါပဲ။ အဲဒီကြတော့ ကျောင်းသားတွေဆိုတာထက် မြန်မာနိုင်ငံမှာ အမှန်တရားကို လိုလားတဲ့။ အမှန်တရားကို မြတ်နိုးတဲ့ လူငယ်မျိုးဆက်တွေ၊ ကျောင်းသားမျိုးဆက်တွေဟာ ဘယ်တော့မှ ဆုံးမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ အမြဲတမ်း လှိုင်းတွေလိုမျိုး အသစ်သစ် ပြန်လည်ပြီးတော့ မွေးဖွါးနေမယ့် မျိုးဆက်တွေပါ။

ဦးစံမိုးဝေ ။ ။ နောက်ထပ် သိချင်တာက ဒီကနေ့ လက်ရှိ လူငယ်ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားမှုအပေါ် မြင်တဲ့အမြင်ပါ။

ကိုဌေးကြွယ် ။ ။ ယနေ့ခေတ် ကျောင်းသားလူငယ်တွေဟာ သူတို့ခေတ်ကြီးဟာ သူတို့ ပြန်ဖြတ်သန်းနေတဲ့ ခေတ်ကြီးက အင်မတန် မြန်ဆန်လွန်ပါတယ်။ ကျနော်တို့တုန်းက လူထုဆက်ဆံရေး မီဒီယာဆိုတဲ့ဟာကလည်း ဒီလောက်ကြီး အားမကောင်းသေးပါဘူး။ အခု ဒီကနေ့ ခေတ်မှာဆိုလို့ရှိရင် Facebook, Twitter လိုမျိုး အင်တာနက် လူထုဆက်သွယ်ရေး မီဒိယာတွေ အရမ်းမြန်ဆန်နေတဲ့ ကာလပါ။ ကျနော်တို့ လူငယ်တွေကို ကျနော်တို့ အထင်မသေးပါဘူး။ ကျနော်တို့ အများကြီး ပိုပြီးမျှော်လင့်ပါတယ်။ ကျနော်တို့ ခေတ်ထက်ကို ပိုပြီးတော့ ထက်မြက်တဲ့ စွမ်းဆောင်ရည်မျိုး မြင့်မားတဲ့ လူငယ်တွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဖြတ်သန်းနေတဲ့ ခေတ်က သူတို့ကို ပြဌာန်းပေးထားတဲ့ ပြဌာန်းချက်က အရည်အချင်းတွေနဲ့ ဖြတ်သန်းဖို့ပါ။ အဲဒီတော့ တခုပဲ ကျနော်တို့ ပြောချင်ပါတယ်။ ဒီကနေ့ခေတ် လူငယ်တွေဟာ အနာဂတ်ကို ကိုယ်တယောက်တည်းသွားလို့ မရဘူးဆိုတဲ့ စိတ်ကို ထားကြည့်ဖို့ပါ။ ကိုယ်တယောက်တည်းနဲ့ အနာဂတ်ကို တည်ဆောက်လို့ မရပါဘူး။ ကျနော်တို့ အနာဂတ်ကို တည်ဆောက်မယ်။ ဝိုင်းဝန်ပြီးတော့ တည်ဆောက်မယ်။ ကိုယ့်အတွက်ကြီးပဲ တည်ဆောက်ထားတဲ့ အနာဂတ်ဟာလည်း မခိုင်မြဲနိုင်ပါဘူး။ ကျနော်တို့ တတိုင်းငံသား နိုင်ငံသားအားလုံး ဒီကနေ့ လူငယ်တွေရဲ့ အနာဂတ်ကို ဒီကနေ့ လူငယ်တွေကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ပြီးတော့ ဆောင်ရွက်ရမှာပါ။ တခွန်းတည်းပြောရရင်တော့ ကျနော် ယုံကြည်ပါတယ်။ ကနေ့ခေတ် ကျောင်းသားတွေ၊ လူငယ်တွေဟာ အမှန်တရားကို မြတ်နိုးတဲ့ နေရာမှာ၊ စွမ်းဆောင်ရည် ထက်မြက်တဲ့နေရာမှာ ကျနော်တို့ထက် သာရင်လည်းသာပါမယ်။ မညံ့ဘူးလို့ပဲ ယုံကြည်ပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နဲ့ မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG