သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုတွေရှိနေတဲ့ နယ်စပ်တိုင်းရင်းသားဒေသ


တင်းမာမှုတွေရှိနေတဲ့ နယ်စပ်တိုင်းရင်းသားဒေသ
တင်းမာမှုတွေရှိနေတဲ့ နယ်စပ်တိုင်းရင်းသားဒေသ

ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးကဏ္ဍမှာ နယ်စပ်ဒေသ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှုးကြီး ဦးခွန်ဥက္ကာ ကို နယ်စပ်ဒေသ တိုင်းရင်းသားများ အခြေအနေနဲ့ ပတ်သက်ပြီး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း သုံးသပ် တင်ပြ ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြည့်စွက်ပြီးပေါ်ထွက်လာတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့တိုင်း ၆ ခုမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်နဲ့ဒေသ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ဖွဲ့စည်းမှုတွေ ကျကျနန မမြင်ရသေးတဲ့အပြင် နယ်စပ်ဒေသမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြား အခြေအနေတွေပိုပြီးတင်းမာလာနေတယ်လို့ နယ်စပ်ဒေသ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်ထဲမှာပါဝင်တဲ့ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေအနေကို သူက အခုလို ရှင်းပြပါတယ်။

ခွန်ဥက္ကာ ။ ။ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတော့ ပြည်နယ်အရပြောရင် ရှမ်းပြည်နယ်ထဲမှာပါတဲ့အခါ ကျတော့ ဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ၊ မြို့နယ်သုံးခုမှာ ရွေးကောက်ပွဲဝင်တဲ့အခါကျတော့ လွှတ်တော် သုံးရပ်စလုံးအတွက် ဝင်ရတယ်ခင်ဗျ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ရော နောက်ပြီး ရှမ်းပြည်နယ် ရဲ့ လွှတ်တော်အတွက်ရော ဝင်ရတဲ့အခါကျတော့ စုစုပေါင်း ၁၀ ယောက် PNO (Pao National Organization) က ဝင်တယ်။

အဲဒီ ၁၀ ယောက်မှာ ရှမ်းပြည်နယ်လွှတ်တော်အတွက်က ၆ ယောက် ရတယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော် အတွက်က ၁ ယောက်ရပြီး ပြည်သူ့လွှတ်တော်အတွက်က ၃ ယောက် ထပ်ရတယ်။ ဒီလိုနဲ့ အားလုံး ၁၀ ယောက် ရသွားတယ်။ ပြည်နယ်ရဲ့အဆင့် အစုဖွဲ့တာပေါ့။ အာဏာပိုင်တွေအနေနဲ့ အစုဖွဲ့လို့ပြီးပြီ။ သို့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကြီးကြပ်အဖွဲ့လို့ခေါ်တဲ့ အဖွဲ့ကတော့ ဖွဲ့ပြီးကြောင်း၊ စာရင်း၊ သတင်းတွေ ကောင်းကောင်းမရသေးဘူး။ ကြီးကြပ်ရေးအဖွဲ့မှာ ဘယ်သူက ခေါင်းဆောင်လဲ၊ ဘယ်လိုဖွဲ့သလဲ ဆိုတာတော့ ကျနော်တို့ သတင်းမရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပအို့ဝ်ဒေသမှာက စောစောက ဦးခွန်ဥက္ကာပြောခဲ့တဲ့ မြို့နယ် ၃ ခုမှာက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူမရှိဘဲနဲ့ ပအို့ဝ်တိုင်းရင်းသားပါတီတွေကပဲ အနိုင်ရသွားတယ်လို့လည်း ကျနော်တို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော နည်းနည်းလေး ရှင်းပြပါလား။

ခွန်ဥက္ကာ ။ ။ အဲဒီဟာကျတော့ ကြံ့ဖွံ့နဲ့ အဓိက Campagin Partner လုပ်ပြီးတော့ ရှမ်းပြည်မှာ ပအို့ဝ်မြို့နယ် ၃ ခုကလွဲလို့ ကျန်တဲ့နေရာမှာ ကြံ့ဖွံ့က အကုန်လုံးဝင်ပြိုင်မယ်။ ကြံ့ဖွံ့က တောင်ကြီးမြို့လို မြို့ကြီးပြကြီး တွေ မှာ ဝင်ပြိုင်တဲ့နေရာမှာ PNO က အမတ်မထည့်ဘဲနဲ့ ကြံ့ဖွံ့နိုင်ရေးကိုပဲ PNO က ကူညီရမယ်။ ထို့အတူပဲ PNO ရဲ့ မြို့နယ် ၃ မြို့နယ်မှာလည်း ကြံ့ဖွံ့က လူမထည့်တော့ဘဲနဲ့ လွတ်လွတ်ကျွတ်ကျွတ် နိုင်ရအောင် အပြန်အလှန် အပေးအယူလုပ်ပြီး ညှိလိုက်တဲ့အခါကျတော့ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်မှာ ပအို့ဝ်အမတ်တွေရပြီးတော့ ပင်လောင်း၊ ဟိုပုန်း၊ ဆီဆိုင် သုံးမြို့နယ်ကလွဲလို့ ကျန်တဲ့ တောင်ကြီးတို့လို မြို့တော်တွေမှာ အားလုံး ကြံ့ဖွံ့က ရဖို့ PNO ပါတီကလည်း အထောက်အကူပေးရတာပဲ။ အဲသလို ဖြစ်သွားတော့ တော်တော်များများ အဲဒီဘက်အခြမ်းတွေမှာ ကြံ့ဖွံ့နိုင်တာလည်းရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြို့နယ် သုံးမြို့နယ်စလုံးမှာနိုင်တဲ့ ပအို့ဝ်အမတ်တွေက ဦးအောင်ခမ်းတီ ဦးဆောင်တဲ့ အရင်တုန်းက အပစ်အခတ်ရပ်စဲရေးကနေပြီးတော့ အသွင်ပြောင်းသွားတဲ့ PNO အဖွဲ့လား ခင်ဗျ။

ခွန်ဥက္ကာ ။ ။ ဟုတ်ပါတယ်။ နိုင်ငံရေးပါတီ ပြောင်းလိုက်တာ။ နာမည်တော့ မပြောင်းဘူး။ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် နာမည်နဲ့ပဲ ဆက်လုပ်တော့ သူကတော့ နိုင်ငံရေးပါတီဖြစ်သွားတယ်။ သို့သော် ပအို့ဝ်အမျိုးသား တပ်မတော် ကတော့ ပျောက်သွားပြီးတော့ ပြည်သူ့စစ်ဖြစ်သွားတယ်။ အဲဒါပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီအချက်ကိုပဲ ကျနော်မေးမလို့ပါ။ ဘာကြောင့်လဲဆိုတော့ အပစ်အခတ် ရပ်စဲရေး ကာလတုန်းကဆိုလို့ရှိရင် ဦးအောင်ခမ်းတီ ဦးဆောင်တဲ့ PNO အဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေးအဖွဲ့တခု အနေနဲ့ပဲ ဒေသတွင်းမှာ ဖွံ့ဖြိုးရေးကိစ္စတွေကို န.အ.ဖ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ လုပ်ကိုင်နေရတယ်၊ နိုင်ငံရေး စကားပြောခွင့် မရဘူးပေါ့နော်။ အခု ဒီအချိန်မှာ ရွေးကောက်ပွဲပြီးသွားပြီးတော့ ရှမ်းပြည်လွှတ်တော်ထဲ မှာလည်း ပါဝင်ခွင့်ရလာပြီ၊ နောက်ပြီး အမျိုးသားလွှတ်တော်ထဲမှာလည်း ပါဝင်ခွင့်ရလာတဲ့ အနေအထားမှာ ရှိနေတော့ ပအို့ဝ်အမျိုးသားတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ နေရာမှာ ပိုပြီး လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံရေးအရ အခွင့်အရေးတွေ ပိုရလာတွေများ ရှိသလားခင်ဗျ။

ခွန်ဥက္ကာ ။ ။ အခုချိန်အထိ လေ့လာရသလောက်တော့ ဘယ်လောက် အခွင့်အရေးရမလဲဆိုတာတော့ ကောင်းကောင်း မတွေ့သေးဘူး။ အထူးသဖြင့် အမျိုးသားလွှတ်တော်ရှိလာပြီ၊ ပြည်သူ့လွှတ်တော်ရှိလာပြီ။ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ခေါ်နေတာလည်း တွေ့တယ်။ အဲဒီ ပြည်ထောင်စု လွှတ်တော် တွေထဲမှာ လွှတ်တော်တခုချင်းမှာဖြစ်ဖြစ်၊ ပူးတွဲမှာဖြစ်ဖြစ် အဖွဲ့ငယ်လေးတွေ၊ အမတ်တယောက် ချင်းက ကိုယ့်အမျိုးသားကို ကိုယ်စားပြုဖို့ မပြောနဲ့ အဖွဲ့ကြီးတွေ ကိုယ်နှိုက်ကတောင်မှ အခုချိန်အထိ ပီပီပြင်ပြင် နိုင်ငံရေး စကားပြောဖို့ အခွင့်အလမ်း မတွေ့သေးတာ တွေ့ရတယ်။ ရှမ်းပြည်နယ်လွှတ်တော် မှာလည်း အမတ်ချုပ်တွေ ဘာတွေတော့ ထွက်လာပြီ။ သို့သော်လည်းပဲ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ function က ကောင်းကောင်းမလည်ပတ်သေးဘူး။ တခုခုဆောင်ရွက်တာတွေက မတွေ့သေးတော့ ဘာအခွင့်အရေး တွေ ရမယ်၊ နိုင်ငံရေးစကားပြောခွင့် ရှိမရှိဆိုတာ အခုထိ အကောင်အထည်မတွေ့ရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ဦးခွန်ဥက္ကာပြောတဲ့ ရှမ်းပြည်လွှတ်တော်မှာ ဆိုလို့ရှိရင် ရှမ်းပြည် ဝန်ကြီးချုပ် အဖြစ် စိုင်းအောင်မြတ် ပေါ့နော်၊ အရင်စစ်တပ်က တပ်ရင်းမှူးဟောင်းပါပဲ။ သူ့ကို တင်မြှောက် တာ တွေ့တယ်။ သူလည်း ရှမ်းလူမျိုးပေါ့နော်။ အလားတူပဲ ရှမ်းပြည် လွှတ်တော်အမတ်တွေထဲက ဒေါက်တာစိုင်းမောက်ခမ်း ဆိုလို့ရှိရင် ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံနေရတယ် ဆိုတော့ ဒါတွေက တိုးတက်တဲ့ အခြေအနေလို့ မယူဆထားဘူးလား။

ခွန်ဥက္ကာ ။ ။ နည်းနည်းတော့ စောင့်ကြည့်ရမယ့်သဘောရှိတယ်။ ဒီလို ရှမ်းတွေကို ရှမ်းပြည်နယ်နဲ့ တင်မြှောက်ရုံနဲ့ ဘယ်လောက်ထိ ကိုယ်စားပြုမလဲဆိုတာ ပေတံတိုင်းရမယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ် နှစ်ဦး စလုံးဟာ ကြံ့ဖွံ့ဆိုတဲ့ ပါတီကြီးက ကိုယ်စားလှယ်တွေဖြစ်နေတာ။ ကျနော်တို့ ရှမ်းတိုင်းရင်းသားပါတီ၊ ရှမ်းဒီမိုကရေစီပါတီက လူမဟုတ်ဘူး။

ဒါကြောင့် အကယ်၍ ပါတီနိုင်ငံရေးလုပ်မယ်၊ ပါတီကို ကိုယ်စားပြုမယ်ဆိုရင်တော့ ကြံ့ဖွံ့ပါတီကိုပဲ ကိုယ်စားပြုကြမှာပဲ။ ရှမ်းပြည်နဲ့ ရှမ်းပြည်လူတွေ၊ ရှမ်းပါတီတွေကို ကိုယ်စားပြုဖို့တော့ မလွယ်ဘူး။ နောက်တချက်ကလည်း ဒီ ပုဂ္ဂိုလ်တွေက လွှတ်တော်မှာ နာမည်ပါလာတယ်၊ ဒုသမ္မတဆိုတဲ့ နာမည်တွေ ပါလာတယ်။ သူတို့ရဲ့ ပြည်နယ်အလိုက် ဒေသအလိုက် စုဖွဲ့တဲ့နေရာမှာပါလာတဲ့ စစ်ဗိုလ်တွေပေါ့။ ကာကွယ်ရေးဦးစီးချုပ်ကနေ စေလွှတ်ပေးတဲ့ စစ်တပ်အရာရှိတွေကို သူတို့ကျော်လို့ရမလား ။ ထုံးစံအတိုင်းပဲ တိုင်းမှူးတွေ၊ စစ်တပ်အရာရှိတွေရဲ့ အောက်မှာပဲ လုပ်ရမယ့် ပုံစံမျိုးလားဆိုတာ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မပေါ်လာသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မကြာသေးခင်ကပဲ ဦးခွန်ဥက္ကာတို့ ဦးဆောင်တဲ့ ပြင်ပမှာရှိတဲ့ နယ်စပ်ဒေသတွေမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ (၁၂) ဖွဲ့ စုပေါင်းပြီးတော့ ကိုယ့်နယ်မြေ ကိုယ်ကာကွယ်ရေးအတွက်ဆိုပြီး မဟာမိတ်အဖွဲ့ ဖွဲ့တယ်ဆိုတာကို ကြားရပါတယ်။ အဲဒီတော့ ပအို့ဝ်ဒေသမှာ ဆိုရင် အရင်တုန်းကဆိုရင် ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအို့ဝ်တိုင်းရင်းသားအဖွဲ့တွေကနေပြီးတော့ ပြည်သူ့စစ်အသွင် ပြောင်းလိုက်ပြီးပြီ။ ဒီလို တိုင်းရင်းသားလက်နက်ကိုင် ပြည်သူစစ်အဖွဲ့အစည်းတွေနဲ့ ဦးခွန်ဥက္ကာတို့ ဖွဲ့စည်းတဲ့ လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေ ဒီကြားထဲမှာ အချင်းချင်း ပြဿနာတွေ တက်မလာနိုင်ဘူးလား။

ခွန်ဥက္ကာ ။ ။ တကယ်တော့ နယ်မြေထဲမှာ ထိန်းထိန်းသိမ်းသိမ်း မလုပ်ရင်တော့ (ပြဿနာ) တက်စရာ အကြောင်းရှိတယ်။ နောက်ပြီးတော့ ပအို့ဝ် အမျိုးသားတပ်မတော်ဆိုတဲ့ဟာကလည်း ပြည်သူစစ် လုံးဝ ဖြစ်သွားတော့ သူတို့ရဲ့ ကွပ်ကဲမှု၊ အမိန့်ပေးမှု၊ အမိန့်နာခံမှု၊ အလုပ်တွေအားလုံးက ရှေ့တန်းဒေသ ကွပ်ကဲရေး တကစ တွေကပဲ ကိုင်တွယ်တဲ့အခါကြတော့ အခု နအဖတပ်ရဲ့ အစိတ်အပိုင်းပဲ ဖြစ်နေတယ်။ နအဖ တပ်ရဲ့ ညွှန်ကြားချက်အတိုင်း ဖြစ်နေတော့ နအဖတပ်နဲ့မခြား လုပ်ကိုင်ဆောင်ရွက် လူထုကို အနိုင်ကျင့်တာတွေ ပေါ်လာတဲ့အခါကြတော့ ကျနော်တို့က မလွှဲမရှောင်သာ လူထုကို ရန်မပြုဖို့၊ လူထုကို အနိုင်မကျင့်ဖို့၊ လူထုကို အခွန်ကောက်ကြီးကြီး မကောက်ဖို့၊ နောက်ပြီးတော့ လူတွေကို ဖမ်းပြီးတော့ တပ်ထဲမသွင်းဖို့။ ဒါတွေကိုတော့ ကျနော်တို့က တားရမှာဖြစ်တယ်။ သူတို့က ဇွတ်လုပ်တယ်။ ကျနော်တို့ မေတ္တာရပ်ခံတာ၊ ဟန့်တားတာကို လက်မခံဘူးဆိုရင်တော့ ပဋိပက္ခတွေ ရှိလာနိုင်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဦးခွန်ဥက္ကာတို့ အခု နယ်စပ်ဒေသမှာ စုပေါင်းဖွဲ့စည်းတဲ့ မဟာမိတ်အဖွဲ့အစည်းမှာ အဖွဲ့အစည်းပေါင်းစုံ ပါနေတာလည်း တွေ့ရတယ်။ (၁၂) ဖွဲ့ - ပအို့ဝ်ဖွဲ့ အပါအဝင် ကချင်၊ ဒီဘက်မှာ ကယားအဖွဲ့၊ ရှမ်းပြည်ဘက်က အဖွဲ့တွေပါ အကုန်လုံးပါနေတော့ ဒီအဖွဲ့အစည်းတွေရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

ခွန်ဥက္ကာ ။ ။ အဓိကတော့ ပထမဦးဆုံး ရည်ရွယ်ချက်ကတော့ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ အပစ် မရပ်တဲ့ အဖွဲ့တွေ လာပေါင်းတာ နံပတ်တစ် ဖြစ်တယ်။ ဥပမာဆိုရင် ကချင် က အနှစ် (၂၀) အပစ်အခတ် ရပ်ဆဲထားတယ်။ မွန်ဆိုရင် အနှစ် (၁၉) နှစ် (၂၀) အပစ်အခတ် ရပ်ဆဲထားတယ်။ ရှမ်းပြည်မြောက်ပိုင်း ဆိုလည်း အပစ်အခတ် ရပ်ဆဲထားတယ်။ အဲဒီလို အပစ်ရပ်ထားတဲ့ အဖွဲ့တွေက အပစ်ရပ်ထားတယ့်၊ ငြိမ်းချမ်းရေးယူထားတယ့် အခြေအနေတွေက ပျက်ပြားနေပြီ။ ဒီအခြေအနေတွေကို နအဖကလည်း အလေးမထားတော့ဘူး၊ စစ်ရေးအရ အင်အားသုံးပြီးတော့ ဖြိုခွင်ဖို့ ပြင်ဆင်မှုတွေလည်း တွေ့ရတယ်။ ဒါကြောင့် ဒီအဖွဲ့တွေက လုံခြုံမှု၊ စိတ်ချမှုမရှိတော့ ဒီမှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့ KNPP တို့လို KNU တို့လို ဒီမှာ ဆက်လက်ခုခံနေတဲ့အဖွဲ့တွေနဲ့ လာပူးပေါင်းပြီးတော့ ကောင်းအတူတူ၊ ဆိုးအတူတူ ကျနော်တို့ ပူးပေါင်းပါဝင်ကြမယ်။ အပစ်ရပ်ထားတဲ့အဖွဲ့လည်း စစ်ရေးအရ သက်သာပေမယ့် KNU လို အဖွဲ့ကျတော့ နှစ်စဉ်နှစ်တိုင်း၊ လစဉ်လတိုင်း တိုက်ပွဲငယ်၊ တိုက်ပွဲကြီးတွေ ထိုးစစ်ခံနေကြရတော့ ဒီလို အဖွဲ့ကြီးတွေ အတွက်လည်း အင်အားဖြစ်အောင် ဖေးမနဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် ကြောင့် ကျနော်တို့ အလားအလာကောင်းမယ့် စုဖွဲ့မှုမျိုးလို့ ပြောနိုင်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာ ကချင်လွတ်မြောက်ရေးအဖွဲ့ဆိုလိုရှိရင် သူနည်းသူ့ဟန်နဲ့ အင်အား စုဆောင်းမှု တွေ စပြီး လုပ်နေတာ ကြားရပါတယ်။ အလားတူပဲ ဝအဖွဲ့ဆိုရင် ဦးခွန်ဥက္ကာ တို့ရဲ့ မဟာမိတ်အဖွဲ့ထဲမှာ မပါသေးဘူး။ မပါပေမယ့်လည်း သီးသန့်အားဖြင့် သူ့ရဲ့ အင်အားတွေ စုဆောင်းနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတယ်။ ဒီအဖွဲ့တွေကလည်း မြန်မာစစ်အစိုးရကလည်း အတင်းဖိအားပေးလုပ်နေတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဖွဲ့စည်းရေးကိစ္စတွေကို ငြင်းဆိုထားတဲ့အဖွဲ့တွေဆိုတော့ ဒီအခြေခံတွေဟာ မြန်မာနိုင်ငံအတွင်းမှာ နောက်တကြိမ် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြားထဲမှာ ပြည်တွင်းစစ်သဘောမျိုး ဖြစ်လာနိုင်တဲ့ အလားအလာလို ယူဆပါသလား။

ခွန်ဥက္ကာ ။ ။ အဲဒီလို ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာကတော့ အခုလက်ရှိ နအဖအပေါ် မူတည်ပါတယ်။ နအဖ တပ်မတော်က အခုလက်ရှိတပ်ကနေပြီးတော့ ဘာပြောပြော နားမထောင်ဘူး။ ဘာပဲလုပ်လုပ် ဂရုမစိုက်ဘူး။ စစ်ရေးအရပဲ ချေးမှုန်းမယ်၊ အထူးသဖြင့် အခုတက်လာတဲ့ ဦးသိန်းစိန် အစိုးရ၊ ပြည်ထောင်စု လွှတ်တော်။ ဒီ အစိုးရ၊ လွှတ်တော်တွေကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တိုင်းပြည်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် လက်အောက်မှာရှိတယ်ဆိုတဲ့ ပုဒ်မကို အကောင်အထည် ဖော်ဖို့ ညွှန်ကြားချက်တွေပေးမယ်၊ ဥပဒေတွေ ထုတ်လာမယ်။ အဲဒီ ညွှန်ကြားချက်တွေ၊ ဥပဒေတွေကို အခုလက်ရှိ စစ်တပ်က အကောင်အထည်ဖော်မယ်ဆိုရင်တော့ သူတို့ကတော့ စပြီးတော့ တိုက်ရမှာ။ သူတို့ စတိုက်ပြီးဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေအားလုံးကလည်း ကိုယ်ရှိတဲ့နေရာ ကိုယ်ရောက်တဲ့ နေရာကနေ ညီညီညွတ်ညွတ်နဲ့ နီးရာ ရန်သူစခန်းတွေကို စစ်ဆင်တိုက်ခိုက်ကြမှာ။ အဲဒီလို စစ်ဆင်တိုက်ခိုက် ကြရင်တော့ အကျယ်ပြန့်ဆုံး တိုင်းပြည်တဝှမ်းမှာ ပြည်တွင်းစစ် ပြန်ရောက်လာနိုင်ဖို့ကတော့ သေချာသလောက် ရှိပါတယ်။ ဒါပေမဲ့ ရန်သူက စတိုက်မှ ဖြစ်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တိုင်းနဲ့ပြည်နယ်တွေ၊ တိုင်းရင်းသားပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ဒေသကြီးတွေမှာရှိတဲ့ လွှတ်တော်တွေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲ။

ခွန်ဥက္ကာ ။ ။ အကယ်၍ အဲဒီလို ပြည်နယ်အလိုက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အလိုက်၊ ဒေသအလိုက် တိုက်ပွဲတွေစပြီး ဖော်မယ်ဆိုရင်တော့ ဒီပြည်နယ်မှာ စုဖွဲ့ထားတဲ့ လွှတ်တော်တွေ၊ ပြည်နယ်မှာရှိနေတဲ့ အမတ် တွေ၊ နိုင်ငံရေးပါတီတွေက ဘယ်လောက်ပြောနိုင်ဆိုနိုင်၊ ဘယ်လောက် ဟန့်တားနိုင်မလဲ။ ဗဟိုအစိုးရရဲ့ အာဘော်ကို ဘယ်လောက်အထိ ဆန့်ကျင်နိုင်မလဲဆိုတာတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ အခုအချိန် ထိကတော့ ခြိမ်းခြောက်တဲ့အဆင့်မှာရှိနေပြီးတော့ လက်နက်တွေကို ပြပြီးတော့ အမြောက်၊ တောင်ပေါ်ပစ် အမြောက်တွေ၊ ဒုံကျည်းတွေ၊ တင်ကားတွေ၊ ဟယ်လီကော်ပတာတွေကို ဟိုနေရာဒီနေရာ ရပ်ထားပြီး - ကချင်နယ်စပ်၊ ရှမ်းနယ်စပ်မှာထားပြီး နည်းနည်း ခြိမ်းခြောက်တဲ့သဘောနဲ့ လုပ်နေတာကို တွေ့တယ်။

XS
SM
MD
LG