သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြောင်းလဲမှုအတွက် အမေရိကန် ဘာတွေ ပြင်ဆင်ထား


အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို ပြင်းထန်ဆုံး ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားခဲ့ရာက တစတစ ဖြေလျှော့လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာခဲ့ပြီးကတည်းက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာကို တွေ့မြင်ရပြီး အခုလို ဖြေလျှော့နေတာပါ။ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့ စကားနဲ့ ပြောရရင် Action by Action လုပ်ရပ်ကိုလုပ်ရပ်နဲ့ တဆင့်ပြီးတဆင့် တုံ့ပြန်သွားမယ်လို့ ဆိုထားတာပါ။ အခုအခါမှာတော့ အထင်ကရ နိုင်ငံရေးသမားတွေ အပါအဝင် အတော်များများကို လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ တခါ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း အပစ်အခတ်ရပ်ဆဲရေးတွေ ဆွေးနွေးနေပါတယ်။ အခုနောက်ဆုံးမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ယှဉ်ပြိုင်မယ့် ဒီရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ နိုင်ငံတကာက ပြောဆိုထောက်ပြနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာ့ရေးရာ မူဝါဒညွှန်းကြားရေးမှူးလည်းဖြစ်တဲ့ Derek Mitchell မကြာခင် မြန်မာနိုင်ငံ သွားရောက်တော့မှာ ဖြစ်ပါတယ်။ သူဟာ ဒီတကြိမ်မှာ ဘယ်အရာကို အဓိကထားပြီး လေ့လာစောင့်ကြည့်မလဲ၊ သုံးသပ်မလဲ။ တကယ်လို့ သူတို့မျှော်မှန်းတဲ့အတိုင်း ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးတွေ ရှိစေမလဲဆိုတာကို သုံးသပ်ကြည့်ရအောင်ပါ။

ဦးကျော်ဇံသာ ။ ။ သံအမတ်ကြီးခင်များ … ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဘာအရာ၊ ဘယ်ကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ ရည်ရွယ်ထားပါသလဲ။

Derek Mitchell ။ ။ ကျနော်က ပြီးခဲ့တဲ့ သြဂုတ်လက ဒီရာထူးကို လက်ခံပြီးကတည်းက မြန်မာပြည်ကို ငါးကြိမ် သွားပြီးပါပြီ။ ကျနော် မြန်မာပြည်ကို မသွားတဲ့လဆိုလို့ ဖေဖေါ်ဝါရီလ တလပဲ ရှိပါသေးတယ်။ အဲဒီမှာ အရာကိစ္စတွေဟာ လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အဲဒီမှာ တကယ့်လက်တွေ့ ဘာတွေ့ဖြစ်နေတယ်ဆိုတာကို ထိတွေ့မှုရှိနေဖို့ လိုအပ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်တင် မဟုတ်ပါဘူး မန္တလေးကိုပါသွားဖို့ ရှိပါတယ်။ အရာရှိတွေအပါအဝင် လူအများအပြားနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မယ်ဆိုတာ ဆွေးနွေးနည်းလမ်းရှာဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ကိစ္စတွေ အများကြီးရှိတဲ့အထဲမှာ ဒီခရီးစဉ်အတွက် ဘယ်ကိစ္စကို ဦးစားပေး သတ်မှတ်ပါသလဲ။ ရွေးကောက်ပွဲကိစ္စများလား။

Derek Mitchell ။ ။ ရွေးကောက်ပွဲတွေဟာ ကျနော်တို့အတွက် သိပ်အရေးကြီးပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ အမတ်နေရာ အနည်းငယ်အတွက်သာ ဖြစ်ပေမယ့် ဒါဟာ ရိုးသားမှု ဘယ်လောက်ရှိသလဲ။ နောက် ကျနော် မြန်မာပြည်သွားတိုင်း မြန်မာခေါင်းဆောင်တွေဆီက ကြားနေရတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက် အလေးထားသလဲဆိုတာ စမ်းသတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲကို ဘယ်လိုကျင်းပပေးမလဲ။ လွတ်လပ်ပြီး တရားမျှတမှု ရှိရဲလား။ မသမာမှု၊ ခြိမ်းခြောက်မှုတွေ ကင်းရဲလား။ မဲရေတွက်မှု မှန်မှန်ကန်ကန် ရှိရဲလား စတဲ့ကိစ္စတွေက အများကြီးပါ။ ဒါတွေဟာ အမေရိကန် ပြည်ထောင်စုအတွက်သာမက ဥရောပနဲ့ ကျန်တကမ္ဘာတခုလုံးအတွက် အရေးကြီးသလို။ မြန်မာပြည်သူတွေအတွက်တော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီရွေးကောက်ပွဲဟာ သံအမတ်ကြီးပြောတဲ့အတိုင်း မှန်မှန်ကန်ကန်၊ မျှမျှတတ ဖြစ်လာမယ်။ မသမာမှု၊ ခြိမ်းခြောက်မှုတွေလည်း မရှိဘူး။ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့တယ်ဆိုရင် မြန်မာပြည်အတွက် ဘာများမျှော်လင့်နိုင်ပါသလဲ။ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုများ ဆုချဖို့ စဉ်းစားထားပါသလဲ။

Derek Mitchell ။ ။ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မယ့် Partner တွေပါ။ ဒီ ရွေးကောက်ပွဲသာ တကယ် သမာသမတ်ဖြစ်ပြီးတော့ ဒီမိုကရေစီရေးအတွက် ရှေ့တိုးစေမယ်ဆိုရင် ကျနော်တို့ဘက်က တုံ့ပြန်မှုရှိမယ်ဆိုတာကတော့ သေချာပါတယ်။ ဘယ်လို တုံ့ပြန်မလဲဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် လိုက်လျောညီထွေဖြစ်အောင် ရှေ့တိုးလိုက်လျောမှုတွေ ရှိမယ်ဆိုတာကတော့ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုတ်သိမ်းဖို့အတွက် ဘယ်လောက်လောက် အရေးပါပါသလဲ။ ရွေးကောက်ပွဲ တရားမျှတမှုဟာ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် အရေးပါသလား။ ဘယ်လောက်လဲဆိုတာကို တွက်ပြပေးပါ။

Derek Mitchell ။ ။ ရာခိုင်နှုန်းအားဖြင့် ကျနော် မပြောလိုပါဘူး။ ဒါပေမဲ့ ဒါဟာ သိပ်အရေးကြီးတဲ့ကာလာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ရေးမှာ အဆုံးဖြတ်ပေးရမယ့် ကာလလည်း ဖြစ်ပါတယ်။ ပြုပြင်ရမယ့်ကိစ္စတွေ တိုင်းပြည်မှာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီအတွက် ဒီဟာက သိပ်အရေးကြီးပါတယ်။ ကျနော် အတိအကျ မပြောနိုင်ပေမယ့် ကျနော်တို့ဘက်က ထိုက်ထိုက်တန်တန် တုံ့ပြန်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကလည်း ပြောနေပါတယ်။ ဒီရွေးကောက်ပွဲဟာ သိပ်အရေးမကြီးပါဘူး။ အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဖို့လည်း သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်မှာ သူတို့က နေရာအများစုကို အုပ်စီးထားပြီး ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှအောင်ဆိုရင် ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးမှာပဲ ဒါကို ထွေထွေထူးထူး ပြောနေစရာမလိုဘူးလို့ လူတစုက ပြောနေပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောရပါသလဲ။

Derek Mitchell ။ ။ ကျနော် သုံးသပ်ပြောဆိုရမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီလောက် ခပ်ပေါ့ပေါ့ သဘောထားတာ မတွေ့ရပါဘူး။ အန်အယ်လ်ဒီနဲ့ တခြားပါတီတွေကလည်း ထိုနည်းလည်းကောင်းပါ။ အန်ဒီဖက်၊ တစည တို့အားလုံးပါပဲ။ ဒါဟာ သူတို့ပါတီကို သူတို့စည်းရုံးဖို့ အခွင့်အလမ်းပါ။ သူတို့ရဲ့ ရွေးကောက်ပွဲ မူဝါဒ၊ ပြည်သူ့ဆန္ဒကို ဘယ်လို ထင်ဟပ်ဖို့ အထူးကို သူတို့ ကြိုးစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ အနာဂတ်ရွေးကောက်ပွဲတွေအတွက် အခြေခံကောင်းတွေ ဖြစ်စေမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲကိစ္စအပြင် ဒီခရီးစဉ်မှာ နောက်ဘယ်ကိစ္စတွေကို အလေးအနက် ထားမလဲ။

Derek Mitchell ။ ။ အမြဲတမ်း စောင့်ကြည့်သတိထားရမယ့် အခြေအနေကိစ္စတွေပါ။ တိုင်းရင်းသားဒေသတွေရဲ့ အခြေအနေ၊ အပစ်အခတ်ရပ်ဆဲရေး အခြေအနေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု။ စစ်မက်ပဋိပက္ခဒေသတွေက ဒုက္ခသည်အရပ်သားတွေကို ကူညီရောက်ရှိနိုင်ရေးတွေ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စကိုလည်း ဆွေးနွေးမှာပါ။ နောက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့၊ ငွေရေးကြေးရေး။ အန်ဂျီအိုတွေ၊ ပုဂ္ဂလိကတွေကတဆင့် စာနာမှု အကူအညီတွေ ပေးခွင့်ရဖို့အတွက်လည်း ကျနော်တို့ဘက်က ကြိုးပမ်းမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီလို စစ်ရေးပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို ဝင်ခွင့်ရမယ်။ ဒုက္ခသည်တွေကို ကူညီခွင့်ရမယ်ဆိုရင် ဝင်ရောက်ကူညီဖို့ အစီအစဉ်တွေ ရှိပါသလား။

Derek Mitchell ။ ။ ဒီ ဒေသတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေ ဝင်ရောက်ကူညီနိုင်ရေးအတွက် ကျနော်တို့က ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဒါဟာ မြန်မာအစိုးရအဖို့ သူတို့ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စမှာ ဘယ်သူတွေ မှားတယ်၊ ဘယ်သူတွေ မှန်တယ်ဆိုတာ ကျနော်တို့အနေနဲ့ တဖက်ဖက်ကနေ ရပ်တည်ဆုံးဖြတ်တာမျိုး မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီမှာ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေအပြင် အမေရိကန်အစိုးရကိုယ်တိုင်က ဒီကိစ္စမှာ ကူညီဝင်ရောက် ဖြေရှင်းဖို့ အစီအစဉ်ရှိသလားဆိုတာကို သိပါရစေ။

Derek Mitchell ။ ။ ကျနော်တို့ကိုယ်တိုင်လည်း အကူအညီတွေ ပေးနိုင်မယ့် အခွင့်အလမ်းကို မျှော်လင့်နေပါတယ်။ အကူအညီတွေ ပိုပေးဖို့ လုံးဝသေချာပါတယ်။ ဘဏ္ဍာရေးအရ၊ လူမှုစွမ်းအင်အရ အန်ဂျီအိုတွေ၊ ပုဂ္ဂလိကတွေကတဆင့် လိုအပ်နေသူတွေကို ကူညီမှာပါ။ နိုင်ငံတကာ ကြက်ခြေနီတွေလည်း ဒီလို ကူညီဖို့ရရှိဖို့ ကိစ္စက သိပ်အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိစ္စကို မေးချင်ပါတယ်။ သံအမတ်ကြီးအဆင့် ပုံမှန်ဆက်သွယ်ရေးဖြစ်လာဖို့ အချိန်ဘယ်လောက် ကြားအုန်းမလဲ။

Derek Mitchell ။ ။ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်အတန်းကို ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ စနစ်က ဒီအတွက် အချိန်နည်းနည်း ယူရပါတယ်။ မြန်မာနိုင်ငံနဲ့ သံအမတ်ကြီး ဆက်ဆံရေးကကိစ္စက သဘောတူညီထားပြီး ဖြစ်ပါတယ်။ တယောက်ယောက်ကို နံမည်ခေါ်ပြီးတော့ မင်းသွားလိုက်လို့ ပြောလို့မရပါဘူး။ အသေးစိတ်ကို ညျိနှိုးနေကြပါတယ်။ ကျနော်ထင်တယ် ဒီရက်သတင်းပတ် ရက်အနည်းငယ်၊ လပိုင်း ဒီလောက်မှာ ဒီကိစ္စ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ဘယ်သူကိုထားမယ်ဆိုတာကို ကျနော်တို့ ဘာမှမကြားရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု သံအမတ်ကြီးပြောတဲ့အထဲမှာ Burma, Burmese ဆိုတဲ့ အသုံးအနှုန်းတွေ မကြာခဏ ကြားနေရပါတယ်။ ဒီ အသုံးအနှုန်းအတိုင်းပဲ Burma လို ဆက်ပြီး ခေါ်နေမလား။ မြန်မာ Myanmar လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ အစီအစဉ် ရှိပါသလား။

Derek Mitchell ။ ။ မြန်မာပြည်သူတွေကိုယ်တိုင် ဘယ်အသုံးအနှုန်းက သင့်တော်တယ်ဆိုတာ ရွေးချယ်ဆုံးဖြတ်ကြတာကို သိချင်ပါတယ်။ ကျနော်တို့ဘက်ကလည်း အဆင့်ဆင့် ကြည့်သွားမှာပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က သိပ်ကို အကဲဆတ်တယ်ဆိုတာကိုလည်း ကျနာ်တို့ သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ဒီကိစ္စအတွက် မူဝါဒ ဆုံးဖြတ်ချက် မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သံအမတ်ကြီးက နေပြည်တော်ကို သွားသွားနေတော့ အဲဒီမှာ hardliner လို့ခေါ်တဲ့ သဘောထား တင်းမာသူတွေဘက်က ဘယ်လောက် အားကောင်းနေတယ်လို့ သတိပြုမိပါသလဲ။ လူတွေကတော့ hardliner တွေရှိတယ်။ liberal တွေရှိတယ်ဆိုပြီး ပြောနေကြပါတယ်။

Derek Mitchell ။ ။ ကျနော်အနေနဲ့ ပြောရရင် ဒီလိုမျိုး ရေးကြပြောကြတာတွေ ကျနော်တို့ မြင်ရ၊ ကြားရပါတယ်။ ဒါပေမဲ့လည်း အစိုးရဘက်က တင်းမာသူ၊ ပျော့ပျောင်းသူဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။ ကျနော်တို့အချင်းချင်း ညှိနှိုင်းကြတယ်။ အခြေအတင်း ဆွေးနွေးကြတယ်လို့ အစဉ်တစိုက် ပြောနေကြတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ အစိုးရဘက်က ပြောတာပေါ့။

Derek Mitchell ။ ။ မှန်ပါတယ်။ ဒါဟာ အစိုးရဘက်က ပြောတာပါ။ ကျနော်တို့ကတော့ သူတို့ရဲ့ လုပ်ရပ်ကို စောင့်ကြည့်မှာပါ။ ကျနော်တို့ အုပ်စုခွဲပြီး မကြည့်ပါဘူး။ ပုဂ္ဂိုလ်တဦးချင်း မခွဲပါဘူး။ ကျနော်တို့ သမ္မတဦးသိန်းစိန် ပြောတာကို နားထောင်ပါတယ်။ သူပြောတာတွေက သိပ်ကို အားတတ်စရာကောင်းပါတယ်။ သူ့လုပ်ရပ်တွေက သိပ်ကိုရဲရင့်တဲ့ လုပ်ရပ်တွေလို့ ကျနော်ပြောရမှာပါ။ သူ့ရဲ့ သတ္တိနဲ့ တာဝန်ယူမှုကို ကျနော် တကယ် ယုံပါတယ်။ သူတို့လုပ်ရပ်တွေကို ကျနော် အားပေးပါတယ်။ ဒီလိုမျိုး ပြောင်းလဲပြုပြင်မှုတွေဟာ ဘယ်ဘက်မှာ မရှုံးနိုင်တယ် လုပ်ရပ်တွေပါ။ နောက်ဆုံးပြောရရင်တော့ အခု မြန်မာနိုင်ငံအခြေအနေဟာ ကျနော်တို့ ကမ္ဘာပေါ်မှာ တွေ့မြင်နေရတဲ့ အကောင်းဆုံး အခြေအနေပဲဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အခြေအနေပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ အရွေးခံရတယ်ဆိုပါတော့ - အဲဒီလို အရွေးခံရပြီးနောက်ပိုင်းမှာ ဘယ်လို အခြေအနေမျိုး ဖြစ်ထွန်းလာမယ်လို့ ထင်ပါသလဲ။ ဘယ်လို အခြေအနေမျိး ဖြစ်ထွန်းစေချင်ပါသလဲ။

Derek Mitchell ။ ။ ဒါကိုတော့ ကျနော်တို့ စိတ်ကူးနဲ့ မှန်းဆတာမျိုး မလုပ်ပါဘူး။ ကျနော်တို့ အယူအဆကတော့ မြန်မာပြည်သူတွေ လက်ခံတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်း ဒါဟာ အလွန်ကောင်းမွန်တဲ့ ပြသမှုပါ။ တိုင်းရင်းသားတွေကိုလည်း သဘောရိုးနဲ့ ကမ်းလှမ်း၊ နှစ်ဘက် ရိုးရိုးသားသား ဆွေးနွေး အင်မတန်ကို ခက်ခဲနက်ရှိုင်းတဲ့ ကွဲလွဲမှုတွေကို အဖြေရှာကြမယ်။ လိုအပ်သူတွေကို စာနာမှု အထောက်အပံ့တွေ ကူညီကြမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းလာမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ရွေးကောက်ပွဲပြီးရင်တော့ ဒါမျိုး ဖြစ်လာစေချင်ပါတယ်။

XS
SM
MD
LG