သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအကြံပေးအဖွဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲ


သမ္မတအကြံပေးအဖွဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲ
သမ္မတအကြံပေးအဖွဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အစိုးရဖွဲ့သစ်၊ နိုင်ငံတော်သမ္မတအတွက် အဖွဲ့ဝင် (၉) ယောက်ပါတဲ့ သမ္မတ အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အရပ်သားပညာရှင်တချို့ ပါဝင်တဲ့ အကြံပေးအဖွဲ့ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး အကောင်းဖက်က မျှော်လင့်နေသူ ရှိနေသလို၊ ဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ထိရောက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ဒီလို အကြံပေးအဖွဲ့ ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ပြည်တွင်းမှာ လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် ဦးရွက် ဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်း ရဲ့ သဘောထားသုံးသပ်ချက်များကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဖွဲ့ဖွဲ့တာကိုတော့ တရားဝင်တော့ မကြေညာရသေးဘူး။ ဒါပေမဲ့ ဂျာနယ်တွေထဲ မှာလည်း ရေးနေပါတယ်။ သတင်းဌာနတွေကလည်း ပြောနေတယ်။ မြန်မာသမိုင်းမှာ အရင်တုန်းက မရှိဘူး။ မရှိခဲ့လို့လည်း တချို့ကိစ္စတွေ ဖြစ်ကုန်တာတွေလည်း ရှိတာပေါ့။ အဖွဲ့အစည်းတခုအနေနဲ့အရ institutional တခုနဲ့ ကြည့်မယ်ဆိုရင်တော့ အရင်က မရှိခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် အခု သမ္မတအကြံပေးအဖွဲ့ ဖြစ်လာတယ်။ အဲဒါကိုတော့ ကျနော်အနေနဲ့ ကြိုဆိုပါတယ်။ အကောင်းဘက်က ကျနော်မြင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာခင်ဇော်ဝင်း က အကောင်းဖက်က မြင်ပေမဲ့လို့ ဒီအဖွဲ့ ဘယ်လောက်အထိ ထိထိရောက်ရောက် အကြံပေးနိုင်မလဲ။ သမ္မတကရော ဒီအဖွဲ့ရဲ့ အကြံပေးချက်တွေကို တကယ်တမ်း ယူရ မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်တာတွေတော့ ရှိနေပါတယ်။ ဒီအဖွဲ့ရဲ့ အကြံပေးချက် တွေကို တကယ်တမ်း မြန်မာအစိုးရဘက်က လက်ခံမယ်လို့ ယူဆပါသလား။ ထိရောက်မှုရှိမယ်လို့ သုံးသပ်ပါသလား။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါလည်း မှန်ပါတယ်။ အင်မတန်ကိုလည်း ဒါက အသစ်အဆန်းဖြစ်နေတယ်။ အရင်က မရှိခဲ့ဘူးပေါ့။ သို့သော် ပေးတဲ့အကြံဉာဏ်တွေကလည်း မှန်ကန်တယ်၊ ကောင်းမွန်တယ်ဆိုရင်တော့ ဒါကို သမ္မတအနေနဲ့ ညှိနှိုင်းပြီးတော့ ပေးတဲ့အကြံတွေကို သူ့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းရှိပါတယ်။ ဆိုတော့ အခုကျနော်တို့ သိရသလောက်ပေါ့ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ပြောတဲ့ မိန့်ခွန်းတွေမှာ ဆိုရင်လည်း အကောင်းဖက်ကို ယိမ်းတဲ့အရာလေးတွေလည်း မြင်ရပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ ဘယ်သူမှ အတိအကျ ပြောလို့မရသေးဘူး။ ကျနော် အခုနစဉ်းစားနေတာ ဥပမာ အမေရိကန် နိုင်ငံမှာဆို သမ္မတအကြံပေးတွေရှိတယ်။ အမျိုးသား forum ကောင်စီရှိတယ်။ ပညာရှင်တွေဆိုလည်း ဒိတ်ပဲ။ ဒီကြားထဲကနေ အမေရိကန်အစိုးရလည်း စီးပွားရေးမူဝါဒတွေ ချော်ကုန်တာတွေလည်း အများကြီး။ စီးပွားရေး ကပ်တွေဆိုက်တာလည်း အများကြီးပေါ့။ အဲဒီအခါကြတော့လည်း စီးပွားရေးအကြံပေးတွေလည်း အထုအထောင်းခံရတယ်။ ဆိုတော့ ဒီဟာကတော့ two ways ပဲ ရှိပါတယ်။ ပညာရှင်တွေ ပုဂ္ဂိုလ်တွေအနေနဲ့ ကလည်း အကြံပေးတယ်ပေါ့။ သမ္မတအနေနဲ့ ဒီဥစ္စာကို ဘယ်လောက်အထိ လက်ခံပြီးတော့ အကောင်အထည် ဖော်မလဲပေါ့။ လက်ခံတဲ့အခါကြတော့လည်း အကောင်းအထည်ဖော်နိုင်တဲ့ ယန္တရား ကလည်း လိုသေးတယ်။ အဲဒါတွေ ဘယ်လောက်အထိ ပီပီပြင်ပြင် ရှိမလဲဆိုတာကတော့ အများကြီးလည်း စဉ်းစားစရာ ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အကောင်အထည် ဖော်နိုင်တဲ့ ယန္တယားနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအရ သမ္မတရဲ့ လုပ်ပိုင်းခွင့်ဆိုတာတွေကို ပြန်ပြီးတော့ ကြည့်ချင်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံကိုကြည့်ရင် နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေကို သမ္မတတယောက်ရဲ့သဘောနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မပါဘဲနဲ့ ဖျက်သိမ်းတာမျိုး၊ ပယ်ဖျက်တာမျိုးတွေ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေညာတဲ့ကိစ္စမျိုးပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ကိစ္စမျိုးတွေကြတော့ နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့အညီ လုပ်ရမယ်ဆိုတာမျိုးတွေ ဖွဲ့စည်းပုံမှာ သတ်မှတ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း သမ္မတက အကြံဉာဏ်ယူပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မရှိဘူးဆိုရင် ဒီအကြံပေးအဖွဲ့ရဲ့ အကြံပေးချက်တွေက ထိရောက်မှု ရှိပါမလား။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါ ဒီလိုရှိပါတယ်။ လက်ရှိအခြေခံဥပဒေကို ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးအာဏာ executive power မှာ အများကြီးကို အားကောင်းနေပါတယ်။ အာဏာလည်း အများစုကိုယူထားတယ်။ အခုနပြောတဲ့ အမျိုးသားကောင်စီ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာဆိုရင် သမ္မတက ဥက္ကဋ္ဌ ဖြစ်တယ်။ အဲဒီမှာတော့ အခြေခံဥပဒေက ဘယ်လိုပဲတည်ဆောက်ထားထား သမ္မတအနေနဲ့ သူကပိုင်ပိုင်နိုင်နိုင် သူအနေနဲ့ ဦးဆောင်မှုပေးနိုင်မယ်ဆိုရင် ဒီကောင်စီဟာ သမ္မတအာဏာ နဲ့ သမ္မတပုဂ္ဂိုလ်ကို ကျော်လုပ်လို့ မရပါဘူး။ ကျော်လုပ်လို့ မရပါဘူးလေ။ ဒီ personality ပုဂ္ဂိုလ်ရဲ့ အရည်အချင်းပေါ်မှာလည်း တည်ပါတယ်။ အခုနပြောသလို သမ္မတအာဏာကတော့ အများကြီးယူထားတယ်ပေါ့ အဲဒီမှာ တခုအားနည်းချက်ရှိတာက သမ္မတက သူ့အာဏာနဲ့သူ ဒီပေါ်လစီတွေ ပြဌာန်းတယ်၊ အုပ်ချုပ်သွားတယ်ပေါ့။ အဲဒီမှာ တယောက်တည်း ဆိုရင် မှားနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့ အကြံပေးကောင်စီရှိလို့ အကြံပေးကောင်စီကလည်း ထိန်းထိန်း သိမ်းသိမ်းနဲ့ အကြံပေးနိုင်မယ်ဆိုလို့ရှိရင်တော့ သမ္မတအာဏာက ပိုပြီးတော့ ချောချောမောမော ထိထိ ရောက်ရောက် အသုံးချနိုင်မယ်လို့ ထင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခု အကြံပေးအဖွဲ့မှာပါတဲ့ လူတွေရဲ့ နံမည်စာရင်းတွေကို ကြည့်တဲ့အခါမှာ စီးပွားရေး ပညာရှင် ဦးမြင့်တို့လို အရပ်သားပညာရှင်တွေ။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးမှာ ပိုပြီးတော့ ကျွမ်းကျင်တဲ့။ နောက် အနောက်နိုင်ငံတွေကို ကိုယ့်ဘက်ကအခြေအနေတွေကို တင်ပြနိုင်မယ့် လူတွေဆိုပြီး သုံးသပ်ကြတာမျိုးပါ။ အဲဒီတော့ ဒီလိုလူတွေ ပါလာတဲ့အတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး တစုံတရာအပြောင်းအလဲရှိမယ်။ ပြောင်းလဲနိုင်မယ့် ရိုက်ခတ်မှုမျိုးရှိမယ်လို့ သုံးသပ်မိပါသလား။ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါကတော့ အလားအလာတော့ ရှိပါတယ်။ ကျနော်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ် (၉) ယောက်ကို personally တယောက်မှ မသိပါဘူး။ ဆိုတော့ သူတို့အနေနဲ့ ပြောမယ်ဆိုရင်လည်း တာဝန်ပေးတဲ့အတွက် အစွမ်းကုန်တော့ သူတို့ဆောင်ရွက်ကြမယ်၊ အကြံပေးကြမယ်လို့ ထင်ပါတယ်။ အဲဒီနေရာမှာ ဘာပြောချင်လဲဆိုရင် အခုနပြောသလို သမ္မတထက်ဆရင် သူတို့အနေနဲ့က နိုင်ငံတကာနဲ့ ပိုပြီးတော့ အတွေ့အကြုံရှိတယ်။ ထိတွေ့မှုရှိတယ်။ ဒီလိုရှိပါတယ်ဆိုတာကို သမ္မတကိုတော့ အကြံကောင်း ပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တခုလိုတာ ဘာလဲဆိုတော့ ဒီလိုနေရာမျိုးမှာ advisors ဆိုတာက moral courage ကိုယ့်ပညာတင်မကဘူး၊ ခံယူချက်သတ္တိလည်း ရှိရမယ်။ ကျနော် ဥပမာ နှစ်ခုပြောပြမယ် - ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ ဦးနေဝင်း ခေတ်ကဆိုရင် ငွေစက္ကူကို တရားမဝင်ကြေညာတာ သုံးကြိမ်လုပ်ပြစ်လိုက်တယ်။ အားလုံးမှတ်မိကြပါတယ် အလူးအလဲခံခဲ့ကြရတယ်။ အဲဒီတုန်းက ဘယ်သူက အဲဒါကို မှားနေပါတယ်လို့ ထောက်ပြရဲတာ မရှိခဲ့ဘူး။ နောက်ပြီးတော့ ၂၀၀၇ ခုနှစ်မှာ ပူပူနွေးနွေးပဲ ရှိပါသေး တယ်။ ဓါတ်ဆီဈေး၊ ဒီဇယ်ဈေးကို ငါးဆ တက်ပစ်လိုက်တယ်။ ပြည်သူတွေဆန္ဒပြကြတယ်။ ဒါကိုရော ထောက်ပြရဲတဲ့လူ ရှိခဲ့သလား။ ဒီနေရာမှာ အလွန်အကျွံ ဖြစ်တဲ့ကိစ္စတွေဆိုလိုရှိရင် အခုနပြောတဲ့ အကြံပေး တွေက ကောင်းသောအကြံ ပေးရဲရမယ်။ ကောင်းပြီ၊ ကောင်းသောအကြံပေးပါတယ်။ ခင်များတို့ ယူရင်လည်း ယူ မယူရင်လည်း နေပါဆိုတဲ့ အနေအထားမျိုးနဲ့လည်း မရတော့ဘူး။ ကျနော်တို့ ခံယူတဲ့သတ္တိဆိုတာ။ ကောင်းပြီ ကျနော်ဒီလို အလွန်အကျွံဖြစ်နေပြီ၊ ကျနော်ပြောတာကို လက်မခံနိုင်ဘူးဆိုလိုရှိရင် ကျနော် ဒီရာထူးက ထွက်ပါပြီဆိုတဲ့ သတ္တိမျိုးလည်း လိုပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာခင်ဇော်ဝင် ပြောတာ ကျနော်တို့ နိုင်ငံမှာ ပညာရှင်တွေ၊ အကြံကောင်း ဉာဏ်ကောင်း ပေးနိုင်တဲ့လူတွေ ရှားတာမျိုးမဟုတ်ဘူး။ အကြံဉာဏ်တွေကို သတ္တိရှိရှိ ပေးရဲတဲ့လူတွေ လိုအပ်နေတယ်ဆိုတဲ့ သဘောမျိုးပေါ့။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါ မှန်ပါတယ်။ ကျနော်တို့ မြန်မာတွေက ပညာမှာ အင်မတန် အားကောင်းကြ ပါတယ်။ ပညာမှာ ကျနော်တို့ ဗမာတွေ မညံ့ပါဘူး။ ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ ဒီလိုဖြစ်လာတဲ့အတွက် အထူးသဖြင့် ဝန်ထမ်းတွေဖြစ်လာတဲ့အတွက် အခုနပြောတဲ့ moral courage နဲ့ပြောရဲတဲ့ သတ္တိက နည်းတယ်။ အဲဒါတွေ ပြောချင်တာပါ။

ဦးသိန်းထိုက်ဦး ။ ။ သတ္တိရှိရှိ အကြံပေးဖို့ကိစ္စမှာပဲ နိုင်ငံရေးအကြံပေးအဖွဲ့ကို ပြန်ကြည့်မယ်ဆိုတဲ့အခါ ကျတော့ သမ္မတရဲ့ အကြံပေးအဖွဲ့ထဲမှာပါတဲ့ သူတွေက နိုင်ငံရေးအဖွဲ့အစည်းတွေကို ဦးစီးဦးဆောင် လုပ်တဲ့လူတွေ၊ နိုင်ငံရေး အစဉ်အလာ၊ နိုင်ငံရေးလှုပ်ရှားမှု အစဉ်အလာရှိကြတဲ့လူတွေတော့ မဟုတ်ကြပါဘူး။ စစ်တပ်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ စစ်တမ်းတွေပြုစုခဲ့တဲ့ စစ်တပ်နောက်ခံရှိတဲ့ ပညာရှင်တွေလို့တော့ သတ်မှတ်နိုင်ပါတယ်။ အဲဒီတော့ အပြင်က နိုင်ငံရေးအတိုက်အခံ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ပါဝင်တာမျိုး မဟုတ်တဲ့အတွက်ကြောင့် ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းရေးမှာ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေ ထူးထူးခြားခြား ဒီအကြံပေးအဖွဲ့ကြောင့် ထူးခြားမှုရှိမယ်လို့ မျှော်လင့်နိုင်ပါ့မလား။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒီလိုပြောရင်လည်း မှန်ပါတယ်။ အဲဒီမှာတော့ နည်းနည်းလေး အားနည်းချက် ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပေါ့။ အခုဟာက ကောင်းပြီ ဒီပုဂ္ဂိုလ်တွေက တကယ့်ကို စာတတ် ပေတတ်တွေ ဖြစ်မှာပါ။ ပြီးတော့ စာပေနောက်ခံနဲ့ နိုင်ငံရေးကျွမ်းကျင်ရုံနဲ့လည်း မရဘူးလေ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက အင်မတန်မှ သိမ့်မွေ့ပါတယ်။ အနှစ် (၅၀) လောက် ကင်းကွာပြီးမှ အခုပါတီစုံ ဒီမိုကရေစီနိုင်ငံရေးက ပြန်စပါတယ်။ ပါတီတွေ ဖြစ်ပေါ်လာရတယ်ပေါ့။ ဒီ စစ်တပ်အစိုးရနဲ့ တပ်မတော်နဲ့ ပါတီတွေနဲ့ ဆက်ဆံတဲ့နေရာမှာဆိုရင် ပါတီတွေအကြောင်းကို မသိဘူး။ အတွေ့အကြုံမရှိဘူးဆိုရင် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားကိစ္စတွေပေါ့။ တိုင်းရင်းသားကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ယခင်အစိုးရက သူ့အနေနဲ့ အဖြေမရှာနိုင်တဲ့အတွက် လက်ရှိ အစိုးရကို သူ့အနေနဲ့ လွှဲပြောင်းပေးခဲ့တာပါ။ အနှစ် (၆၀) ကြာခဲ့ပြီ တော်တော်လေးကို သိမ့်မွေ့နက်နဲ့တဲ့ကိစ္စတွေပါ။ လက်တွေ့ ဒီကိစ္စတွေကို အတွေ့အကြုံမရှိဘဲ၊ နားမလည်ဘဲနဲ့ စာတွေ့ အကြံပေးရုံတခုတည်းနဲ့ ကျနော် အနေနဲ့ လုံလောက်ပြည့်စုံလိမ့်မယ်လို့ မထင်ပါဘူး။

ဦးသိန်းထိုက်ဦး ။ ။ ဒီ ဥပဒေပိုင်းနဲ့ ပတ်သက်လို့ အခု ဥပဒေအကြံပေးအဖွဲ့ ပေါ်လာလို့ရော တရားဥပဒေ စိုးမိုးမှု၊ မြန်မာနိုင်ငံမှာ အားကောင်းလာအောင် အထောက်အကူပြုမယ်လို့ မျှော်လင့်နိုင်ပါသလား။

ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါကတော့ စလုံးရေးစလို့ပဲ ပြောပါရစေ။ ဥပမာတခု ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံ အင်ဒိုးနီးရှား က သူအောင်မြင်တဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အများကြီးလည်း အားရစရာကောင်းပါတယ်။ သို့သော် ပညာရှင်တွေက ဘာပြောကြသလဲဆိုရင် အင်ဒိုးနီးရှား နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ဟာ အင်မတန်မှ ချိ့နဲ့နေပါသေးတယ်။ အဲဒါဟာ သူရဲ့ အားနည်းချက် ဖြစ်နေတယ် လို့ ပြောပြကြတယ်။ အဓိက ပြောရမယ်ဆိုရင်တော့ အာဂတိလိုက်စားမှုပေါ့။ အဲဒါက တရားမဏ္ဍိုင် တခုလုံး ကြီးကို ဖုံးလွှမ်းနေတယ်။ မြန်မာပြည်မှာ အခုနပြောတဲ့ rule of laws ဥပဒေအုပ်စိုးမိုးမှုဆိုတာ နှစ်ရှည်လများ အားနည်းပြီးတော့ ဒီတိုင်းပဲ ရှိနေခဲ့ပါတယ်။ အဲဒီ ဥပဒေနဲ့ တရားရေးမဏ္ဍိုင်ကိုက တော်တော်လေးကို ပြန်ပြီး ထူထောင်ရအုံးမှာပါ။ ဒီ ပညာရှင် (၃) ဦးလောက်နဲ့ မဖြစ်နိုင်ပါဘူး။ မဏ္ဍိုင်ကြီးတခုလုံးကို ပြန်ပြီး တည်ဆောက်ရမှာပါ။ Rule of laws တဖက်ကလည်း ခိုင်မာအောင် တည်ဆောက်နိုင်အောင်၊ နောက်ပြီးတော့ နောက်လာမယ့် မျိုးဆက်သစ်ကိုလည်း ပြန်ပြီးတော့ မြေတောင်မြှောက်ပေးနိုင်အောင်လည်း ဥပဒေနဲ့ ပတ်သက်တာတွေ အများကြီးလုပ်ရအုံးမယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံက အခုန ဒေါက်တာခင်ဇော်ဝင်း ပြောသလိုပဲ အနှစ် (၅၀) လောက် စစ် အုပ်ချုပ်ရေးအောက်မှာ ရှိခဲ့တော့ တကယ်တမ်း အကြံပေးအဖွဲ့အနေနဲ့က လူ (၉) ယောက်တို့ရဲ့ အကြံပေး ချက်ကရော လုံလောက်မှု ရှိပါသလား။ ဒီအကြံပေးအဖွဲ့ (၉) ယောက်အပြင် တိုင်းပြည် ဒီနေ့ဖြစ်နေတဲ့ အနေအထားတွေ ပြောင်းလဲဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့ ဒေါက်တာခင်ဇော်ဝင်း မြင်ပါသလဲ။ အထူးသဖြင့် ဒီ အကြံပေးအဖွဲ့က ဘာတွေကို နားထောင်သင့်တယ်လို့ သုံးသပ်ပါသလဲ။

ဒေါက်တာခင်ဇော်ဝင်း ။ ။ ဒါကလည်း ဒီပုဂ္ဂိုလ်တွေ (၉) ယောက်ကလည်း ဒီကိစ္စတွေကို ကောင်းကောင်း နားလည်မယ်လို့ ထင်ပါတယ်။ သူတို့လည်း ဉာဏ်စွမ်းရှိသလောက် စွမ်းရွက်ပါမယ်ပေါ့။ ကျနော်က ဒီ (၉) ယောက်က ပေးတဲ့အကြံတွေအပြင်မက ဒီ (၉) ယောက်သောအဖွဲ့က ပြောမယ်ဆိုရင် လမ်းကြောင်းတခု channel တခု ကောင်းကျိုးအဖွဲ့တခုအနေနဲ့ နေပြီးတော့ ဒီ (၉) ယောက်မှအပြင် တခြားတခြားမှာပေးသော အကြံကောင်းတွေကိုလည်း သူတို့မှတဆင့် သမ္မတထံသို့ သူတို့အနေနဲ့ channel လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ အဲဒီတော့ ဒီ (၉) ယောက်ကြီးပဲ အကုန်လုံးကို အကြံတွေကို ပေးသွားမယ်။ ဒါပြည့်စုံတယ် လုံလောက်တယ်လို့ မမြင်ဘဲနဲ့ တတိုင်းပြည်လုံးဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ် ကောင်းသော အကြံတွေကို ကိုယ်က channel တခုအနေနဲ့ အသုံးချခံပြီးတော့ တိုင်းပြည်အတွက်ကို ကိုယ့်အနေနဲ့ ဒီဥစ္စာကို ရည်မှန်းပြီးတော့ သမ္မတထံသို့ ဒီဟာတွေကို စုစည်းပြီးတော့ ပေးနိုင်မယ်ဆိုလို့ရှိရင် အများကြီး ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာအစိုးရက အဖွဲ့ဝင် (၉) ဦးပါ သမ္မတရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ပြည်တွင်းမှာ လူ့မှုရေးလုပ်ငန်းတွေကို ဦးဆောင် ဦးရွက် လှုပ်ရှားနေသူ ဒေါက်တာခင်ဇော်ဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG