သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဒုတိယသမ္မတရာထူး နုတ်ထွက်သွားခဲ့တဲ့ သီဟသူရဦးတင်အောင်မြင့်ဦး နေရာကို ဘယ်သူဆက်ခံပြီး၊ အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့က ဘယ်လို ရွေးချယ်သွားမလဲဆိုတာကို မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူ ဦးညိုအုန်းမြင့်နဲ့ ဦးသန်းလွင်ထွန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် ဆွေးနွေးပွဲတွေအတွင်းမှာ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေတာကတော့ ဒုတိယသမ္မတအဖြစ် ဘယ်သူကို တပ်မတော်သားကိုယ်စားလှယ်အဖွဲ့က ရွေးချယ်တင်သွင်းလာမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေးအခြေအနေကို အကြောင်းပြပြီး မေလ အစောပိုင်းကတည်းက နုတ်ထွက်လွှာတင်သွင်းထားခဲ့တယ်ဆိုတဲ့ အချက်ကို ဗွီအိုအေ မြန်မာပိုင်းက သိရှိကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုပြီးခဲ့တဲ့ သတင်းပတ်အတွင်း လွှတ်တော်ဆွေးနွေးပွဲတွေ ပြန်လည်စတင်တဲ့အချိန်မှာပဲ သမ္မတဦးသိန်းစိန် က လွှတ်တော်ကို အကြောင်းကြားလွှာ ပေးပို့ပြီး ဒုတိယသမ္မတသစ် ရွေးချယ်ပေးဖို့ တရားဝင်ပေါ်ထွက်လာခဲ့ပါတယ်။ ဒုတိယသမ္မတလောင်းအဖြစ် ယာထားခံထားရတဲ့အထဲမှာ လက်ရှိရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီရွေးချယ်မှုမှာ ရာထူးကနေ အနားယူပြီးဖြစ်တဲ့ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး စသူတွေရဲ့ လွမ်းမိုးမှုတွေလည်း မကင်းနိုင်ပါဘူးလို့ ထိုင်းနိုင်ငံရှိ မြန်မာ့အရေးကျွမ်းကျင်သူ ဦးညိုအုန်းမြင့် က ပြောဆိုပါတယ်။

ဦးညိုအုန်းမြင့် ။ ။ လောလောဆယ်မှာတော့ အရင်တုန်းက ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်အေး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အထွေထွေအတွင်းရေးမှူး နှစ်ဦးကတော့ နံပတ်တစ် စဉ်းစားဖို့အချက်လို့ ဒီလိုပဲ သုံးသပ်ကြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လက်ရှိ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ ဒုတိယသမ္မတအဖြစ် သူ့အနေနဲ့ ရာထူးဆက်ခံနိုင်မယ့် အခြေအနေ။ ဒါမှမဟုတ်လို့ရှိရင်လည်း တပ်မတော် ကိုယ်စားလှယ်အသိုင်းအဝိုင်းကနေ တင်ပြပေးလာနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလား။

ဦးညိုအုန်းမြင့် ။ ။ ကျနော်အနေနဲ့ကတော့ သူရဦးရွှေမန်းက လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေးမှာ လွှတ်တော်ကို ဦးစီးဦးဆောင်လုပ်ပြီးတော့ check and balance လို့ခေါ်တဲ့ အပြန်အလှန်ထိန်းညှိမှု လုပ်ငန်းစဉ်တွေထဲမှာ

သူတာဝန်ယူလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ သူ့အနေနဲ့ ဒုတိယသမ္မတရာထူးထက်စာရင် လွှတ်တော်ဥက္ကဋ္ဌရာထူးက ပိုပြီးတော့ - သူရဦးရွှေမန်းပြောနေကြ ပြည်သူကိုမျက်နှာပြုပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေက ပိုပြီးတော့အရေးကြီးတယ်လို့ သူ့စိတ်ထဲမှာ ခံယူထားပါမယ်လို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးညိုအုန်းမြင့် ပြောသလို ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဆိုတဲ့ နှိုင်းယှဉ်ချက်လေးလည်း ပါသွားတော့ ပုံမှန်အားဖြင့်ဆိုလိုရှိရင်တော့ ဒုတိယသမ္မတရာထူးကို တချို့ကတော့ အဆောင်အယောင်အနေနဲ့ပဲ သဘောထားကြတာရှိပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုမှာပဲ ကြည့်လိုက်ပါ ပြီးခဲ့တဲ့ သမ္မတ George Bush လက်ထက်ကဆိုရင် ဒုတိယသမ္မတ Dick Cheney ဆိုရင် အမှန်တကယ်ကို လက်စောင်းထက်ပြီးတော့ အစစအရာရာကို ချယ်လှယ်သွားခဲ့တဲ့ ဒုတိယသမ္မတ။ အခုလက်ရှိ သမ္မတအိုဘားမားရဲ့ ဒုတိယသမ္မတ Joe Biden ကတော့ ဒီလောက် သြဇာအာဏာသုံးတဲ့ပုံ၊ အာဏာပြတဲ့ပုံ၊ အာဏာရယူတဲ့ပုံ မရှိဘူး။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတ နှစ်ဦးမှာ။ ဒုတိယသမ္မတ (၁) ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လောက်အရေးပါခဲ့တာ ရှိသလဲ။ ဘယ်လောက်များ လုပ်ခဲ့တာတွေ ရှိပါသလဲ။

ဦးညိုအုန်းမြင့် ။ ။ ဒုတိယသမ္မတ (၁) အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင် သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ တပ်ထဲမှာရှိခဲ့တဲ့ သူ့ရဲ့ အင်မတန်မှ သတ္တိရှိတယ်။ တိုက်ရည်ခိုက်ရည် အင်မတန်မှကောင်းတယ်။ နောက်တခါ နအဖလက်ထက်မှာ အတွင်းရေးမှူး (၁) တာဝန်ယူသလိုပဲ၊ စီးပွားရေးအပိုင်းမှာလည်း တာဝန်ယူလုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ သူ့ရဲ့ တည့်တည့်ပြော၊ ခပ်ကြမ်းကြမ်းကိုင်တဲ့အတွက်ကြောင့် သူကိုကျန်တဲ့ ပုဂ္ဂိုလ်တွေက တော်တော်လေး ကြောက်လည်းကြောက်တယ်၊ စိုးလည်းစိုးရိမ်တယ်။ အဲဒီတော့ သူ့ရဲ့အခန်းကဏ္ဍက သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ တကယ့်တကယ်ကတော့ ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍ၊ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် အင်မတန် အရေးပါပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခန်းကဏ္ဍက ပြီးခဲ့တဲ့ တနှစ်ခွဲမှာ ကျနော်တို့ သေသေချာချာ မမြင်ခဲ့ရဘူး။ တချို့ နေရာတွေမှာသာ သမ္မတပြီးရင် ဒုတိယသမ္မတ (၁) နဲ့ (၂) နဲ့ လာရမယ်ဆိုတာကို ပါဝင်တာကို တွေ့ရပြီး၊ တကယ့်တကယ်တမ်း လက်တွေ့ဆောင်ရွက်နေတဲ့ နေရာတွေမှာ ဒုတိယသမ္မတအခန်းကဏ္ဍ တော်တော်လေး ပျောက်နေတာကို ကျနော်တို့တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက အပြင်မှာ မတွေ့ရတဲ့ကိစ္စကို ပြောတာကို။ ကျနော်တို့ တဖက်မှာကြားနေရတာကလည်း အထူးသဖြင့် ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို နေရာမျိုးမှာကြတော့ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ အခန်းကဏ္ဍက တော်တော်လေး ကြီးကြီးမားမားနဲ့ တော်တော်လေးကို ကြိုးကိုင်ချယ်လှယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိခဲ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။

ဦးညိုအုန်းမြင့် ။ ။ အဓိကတော့ ဒုတိယသမ္မတ (၁) ရဲ့ အခန်းကဏ္ဍကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို အဓိကမောင်းနှင်ဖို့ သမ္မတကို အထောက်အကူပြုဖို့ဆိုတဲ့ အခန်းကဏ္ဍမှာတော့ ကျနော်တို့ ဒုတိယသမ္မတဟောင်းရဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းမှာ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေနဲ့ တချို့နေရာတွေမှာ အရင်တုန်းက နအဖကနေ အသွင်ကူးပြောင်းတဲ့အချိန်မှာ ပါလာတဲ့ ခေါင်းဆောင်တချို့က သမ္မတကြီး လိုချင်တဲ့၊ သမ္မတကြီး ဖြစ်စေချင်တဲ့ဆန္ဒ တချို့ဟာတွေမှာ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့် သမ္မတကြီးအနေနဲ့လည်း တိုင်းပြည်မှာ အင်မတန်မှ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်း မှေးမှိန်သွားတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်လောက်ပဲ ကာလုံမှာ သြဇာရှိပါစေ၊ တကယ်တမ်း တိုင်းပြည်ကို ရွေ့အောင် ၊ တိုင်းပြည်ကို ရှေ့ကိုတွန်းနိုင်တာက သမ္မတကြီးနဲ့ သမ္မတကြီးဘေးနားမှာ ဆောင်ရွက်နေကြတဲ့ ဝန်ကြီးအဖွဲ့တွေ၊ ကျန်တဲ့ အာဏာရပါတီရဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ဆောင်ရွက်မှုတွေက ပိုပြီးတော့ ထင်သာမြင်သာရှိတယ်လို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါဆိုလို့ရှိရင် အခု ဒုတိယသမ္မတအဖြစ် အမည်တင်သွင်းခံရဖွယ်ရှိတဲ့ သူတွေထဲက ထိပ်ဆုံးမှာရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဆိုလို့ရှိရင် မကြာသေးခင်ကပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောတဲ့စကားမှတ်ချက်တွေ။ ဥပမာအားဖြင့် လက်ရှိ နိုင်ငံရေးပါတီတွေအပေါ်ကို ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အရ တချို့နိုင်ငံရေးပါတီတွေအပေါ်ကို ဖိအားပေးပြောဆိုမှုတွေ၊ ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီတွေကို သတိပေးတဲ့အထဲမှာ နောက်ဆုံးသတိပေးချက်ဆိုရင် Burma လား၊ Myanmar လားဆိုတဲ့ ကိစ္စမျိုးတွေအဆင့်အထိ။ ဒီအချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ဦးတင်အေးကိုလည်း လူတွေတချို့က နည်းနည်းလေး အယူအဆစွဲ ပြင်းထန်တဲ့လူဆိုပြီး ပြောကြတယ်။ ဆိုတော့ သူ့ရဲ့ အနေအထားကရော ဒုတိယသမ္မတများ တကယ်ဖြစ်လာခဲ့ရင် ဘာတွေဖြစ်လာမယ်လို့ ထင်ပါသလဲ။

ဦးညိုအုန်းမြင့် ။ ။ ကျနော်အမြင်ကတော့ ပြီးခဲ့တဲ့ နအဖလက်ထက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးတင်အေးရဲ့ ဆောင်ရွက်ချက်တွေက ခပ်ပြတ်ပြတ်သားသား လုပ်တတ်သလို၊ သူ့ရဲ့ ရိုးသားတဲ့၊ ဒဲ့ဒိုးလုပ်တတ်တဲ့အကျင့်တွေလည်း ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ရိုးသားဖြောင့်မတ်မှုဆိုတာလို့ အားလုံးနားလည်း သဘောပေါက်ပါတယ်။ အဲဒီအတွက်ကြောင့် တကယ်လို့သာ သမ္မတကြီးဦးသိန်းစိန်အနေနဲ့ ဦးတင်အေး ကို ရွေးချယ်မယ်ဆိုရင် သူ့ရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ တဖက်မှာ လိုအပ်ချက်တွေ၊ ကိစ္စတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မှုအတွက် သမ္မတကြီးဦးသိန်းစိန်ရဲ့ ညာလက်ရုံးအဖြစ် လုပ်ဆောင်ဖို့ဆိုတဲ့နေရာမှာ ကျနော်ထင်တယ် ဖြစ်နိုင်ချေအလားအလာ များမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း တဖက်မှာ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဒီဟာကို ဥပဒေအကြောင်းအရ သူကိုင်ပြီးပြောရတဲ့ အချက်အလက်တွေလို့ ကျနော်ထင်ပါတယ်။ အဲဒါတွေအပေါ်မှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်တာထက်စာရင် အခုနပြောသလို ကြားဖြတ်ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်း ဖြစ်သွားအောင်လည်း ဦးတင်အေးရဲ့ ဆောင်ရွက်ချက်လို့ ပြောရင် မမှားဘူးလို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ဦးညိုအုန်းမြင့် ပြောတဲ့အထဲမှာ သမ္မတကြီးက ရွေးမယ်ဆိုတဲ့အချက်ပါတယ်။ သမ္မတကြီးက ရွေးမယ်ဆိုတဲ့အချက်က ကျနော်မရှင်းတာက အခု တပ်မတော်သား အစုအဖွဲ့ကနေ ဒုတိယသမ္မတလောင်း နံမည်တင်သွင်းတဲ့နေရာမှာ တဦးတည်းတယောက်တည်းကို တင်သွင်းမလား။ ဒါမှမဟုတ် ရွေးချယ်စရာအဖြစ် နှစ်ယောက်သုံးယောက်ကို တင်ပေးလိုက်လို့ သမ္မတကြီးက ရွေးရမလား။ ဒါမှမဟုတ်လို့ရှိရင် တခြား လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုပေးရမလား။

ဦးညိုအုန်းမြင့် ။ ။ ရွေးချယ်မှုကတော့ သမ္မတကြီးက နောက်ဆုံး ရွေးချယ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အခုနပြောသလို သမ္မတကြီးနဲ့တွဲပြီး ဒုတိယသမ္မတ (၁) တာဝန်အတွက်ဆိုရင် သမ္မတကြီးရဲ့ တကယ့်ကို သူ့ရဲ့လက်ရုံးအနေနဲ့ ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ကို သမ္မတကြီးက ရွေးချယ်ရမှာဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နအဖကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ကလည်း ဒီအသွင်ကူးပြောင်းရေးကာလမှာ အစိုးရတခုရဲ့ တည်ငြိမ်မှုနဲ့ အပြန်အလှန် လွှတ်တော်နဲ့ အစိုးရအကြား၊ အစိုးရနဲ့ တပ်မတော်အကြားမှာ ထိန်းညှိပြီး ဆောင်ရွက်နိုင်တဲ့၊ သြဇာရှိတဲ့ ပုဂ္ဂိုလ်မျိုးကို အဓိကလိုမယ်လို့ ထင်ပါတယ်။ သမ္မတအနေနဲ့ သူကို ဘယ်သူကိုတော့ ပိုပြီးတော့ လိုချင်တယ်ဆိုတာကတော့ သူတို့အထဲမှာ ကျနော်တို့အားလုံးသိထားတဲ့ ကြီးငါးကြီးလိုဟာမျိုးမှာ သူတို့ညှိပြီးတော့မှ သမ္မတကြီးနဲ့ ကျန်တဲ့လူတွေပါ အားလုံးစုပေါင်းဆုံးဖြတ်မှုနဲ့ ဒုတိယသမ္မတနေရာကို အဆိုတင်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ ဒုတိယသမ္မတအမည်စာရင်း တင်သွင်းတဲ့နေရာမှာ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ပါဝင်လာပြီး ပတ်သက်လာလိမ့်မယ် ဆိုတဲ့သဘောပေါ့။

ဦးညိုအုန်းမြင့် ။ ။ ဖြစ်နိုင်ချေများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသွင်ကူးပြောင်းရေးကာလတခုမှာ ပြီးခဲ့တဲ့ အုပ်ချုပ်မှုသက်တမ်းနဲ့ အစိုးရသစ် သက်တမ်းကြားထဲမှာ ထိန်းညှိနိုင်ဖို့ရယ်။ နောက်တခါ အစိုးရတခုမှာ မောင်းနှင်ဖို့အတွက် သမ္မတကြီးကို အဓိက အထောက်အကူပြုနိုင်မယ့်။ သမ္မတကြီးကို ဘေးတိုက်ကန့်လန့်လိုက်မယ့် လူမျိုးကိုတော့ သမ္မတကြီးက ရွေးချယ်မယ်လို့တော့ မထင်ဘူး။ သမ္မတကြီးအတွက်လည်း အကျိုးရှိမယ့် လူမျိုးကိုလည်း သူတို့ရွေးချယ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း တဖက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ရဲ့ အကြံပေးမှုတွေကိုလည်း သမ္မတကြီးအနေနဲ့ ဒီအပေါ်ကိုလည်း သတိထားမယ်လို့ ထင်ပါတယ်။ ကျန်တဲ့ခေါင်းဆောင်တွေကလည်း ဒီအပေါ်မှာ အရိပ်အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အစောပိုင်းက ဦးညိုအုန်းမြင့် ပြောတဲ့အထဲမှာပါတဲ့ ဦးဌေးဦး။ သူ့အနေနဲ့ လောလောဆယ်အားဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး။ နောက်တချိန်တုန်းကဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သမ္မတလောင်းအဖြစ် မြေတောင်မြှောက်မွေးမြူးလာခဲ့သူတယောက်အနေနဲ့ နံမည်ထွက်ခဲ့ဘူးတယ်။ အလားတူပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီးတော့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၊ တရုတ်နိုင်ငံအစိုးရတွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီး ရှိခဲ့ဘူးတဲ့ သူဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ အဲဒီတော့ သူ့အနေအထားက ဘယ်လိုရှိပါသလဲ။

ဦးညိုအုန်းမြင့် ။ ။ ဗိုလ်ချုပ်ဌေးဦး၊ ဦးဌေးဦး လက်ရှိ အာဏာရပါတီရဲ့ အထွေထွေအတွင်းရေးမှူးက ကျနော်တို့အားလုံး နာဂစ်မုန်းတိုင်းဖြစ်ပြီးချိန်မှာ သူ့ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတဲ့အခန်းကဏ္ဍကို ရောက်လာတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ်ဆောင်ရွက်မှုနဲ့ ဒီအပေါ်မှာ တာဝန်ယူပြီးတော့ ဒုက္ခသည်တွေ၊ ပျက်စီးဆုံးရှုံးမှုတွေအတွက်ကို ဦးဆောင်ပြီး လုပ်ခဲ့တဲ့နေရာမှာ နံမည်ကြီးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ ပုဂ္ဂိုလ်တယောက်ဆိုပြီး အားလုံးက ဒီလိုပဲ သတ်မှတ်တာကို တွေ့ရပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အင်မတန် ရင်းနှီးပြီးတော့ လက်ရှိ အာဏာရပါတီ ပြည်ခိုင်ဖြိုးရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးရဲ့ ၂၀၁၅ အနာဂတ်ကို ဆုံးဖြတ်ပေးတဲ့နေရာမှာ အဓိကကျမယ့် လူတယောက်လည်း ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် တခြားဖြစ်နိုင်ချေရှိတဲ့ အလားအလာရှိတဲ့လူတွေက အကြမ်းဖျဉ်းအားဖြင့် ဘယ်သူတွေ ရှိပါနေသလဲ။ လောလောဆယ်တော့ ကျနော်တို့လည်း မသိနိုင်ကြသေးဘူး။ ဒါတွေက ခန့်မှန်းနေကြတာ။

ဦးညိုအုန်းမြင့် ။ ။ အများ တချို့ပြောနေတဲ့ထဲမှာတော့ ဥပမာ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို တို့ကိုလည်း တပ်မတော်အစုအဖွဲ့က ရွေးချယ်ပေးနိုင်တဲ့ တပ်မတော်ကို ကိုယ်စားပြုပြီးတော့ ဒုတိယသမ္မတနဲ့ တိုင်းပြည်ရဲ့ အနာဂတ်၊ အစိုးရသစ်ရဲ့ အနာဂတ်ကို ဆက်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်နှစ်ဦးလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံးလည်း ခန့်မှန်းချက်လို့ပဲ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံမှာရှိ မြန်မာ့အရေးကျွမ်းကျင်သူ ဦးညိုအုန်းမြင့် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG