သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြောင်းလဲမှု နဲ့ လူ့ဘောင်သစ်ခေါင်းဆောင် အမြင်


ပြည်တွင်းပြောင်းလဲမှု နဲ့ လူ့ဘောင်သစ်ခေါင်းဆောင် အမြင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေ က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ အခြေအနေ နဲ့ အမေရိကန်နိုင်ငံခြားရေးခရီးစဉ်အကြောင်းတို့ကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mrs. Hillary Clinton ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါဟာ ရာစုနှစ်တဝက်ကျော်အတွင်း မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး အနေနဲ့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ သမိုင်းဝင် ထူးခြားတဲ့ ခရီးစဉ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက်တွန်းအားပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့  ပြောင်းလဲတိုးတက်မှုတွေဟာ တကယ်ပဲ အားရစရာတွေ ရှိနေပြီလား။ ပြည်ပမှာ အခြေစိုက်လှုပ်ရှားနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ခေါင်းဆောင်လည်းဖြစ်၊ ၁၉၈၈ ခုနှစ်ကနေ မြန်မာ့နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ ဦးအောင်မိုးဇော် က သူ့ရဲ့ အမြင်ကို ဗွီအိုအေကို အခုလိုပြောဆိုပါတယ်။

ဦးအောင်မိုးဇော် ။ ။ အဲဒီအခြေအနေအထိတော့ ယူဆလို့မရသေးဘူး။ ကနေ့ အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီး ဗမာပြည်သွားတယ်ဆိုတာကို ကျနော် နားလည်းသလောက်ကတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ အရွေ့ တချို့ ၊ အပြောင်းအလဲတချို့ ၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့  စဖြစ်နေပြီ။ အဲဒီအပေါ်မှာ ပိုပြီးမြန်ဆန်အောင်လို့ နောက်ကိုပြန်လှည့်မလာနိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင်လို့ သွားပြီးတိုက်တွန်းတဲ့သဘော။ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လေ့လာအကဲဖြတ်တဲ့သဘောလို့ပဲ ကျနော်နားလည်းပါတယ်။

ဦးစံမိုးဝေ ။ ။ ပြီးခဲ့တဲ့နောက်ဆုံး နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတုန်းက မြန်မာနိုင်ငံဟာ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌရာထူးကို အဆိုပြုထားအပေါ်မှာ အထောက်အကူဖြစ်အောင် လွှတ်ပေးတာလို့ ပြောဆိုတိုက်တွန်းမှုတွေ ရှိပါတယ်။ အဲဒီကိစ္စကလည်း အောင်မြင်သွားပြီ။ အခု ဝန်ကြီးကလင်တန် ခရီးစဉ်မတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဖြစ်မလာခဲ့ဘူး။ အဲဒီတော့ မြန်မာအစိုးရဘက်က လုပ်ဆောင်မှုတွေက စိတ်ရင်းစေတနာမှန်နဲ့ လုပ်နေတာမျိုး ဖြစ်နိုင်သလား။

ဦးအောင်မိုးဇော် ။ ။ အကျဉ်းသားကိစ္စနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ ဒီနေ့ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အပြောင်းအလဲဖြစ်လာတယ်လို့ ကျနော် မယူဆသေးဘူး။ ဘာကြောင့်လည်းဆိုတဲ့အခါကြတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ နိုင်ငံရေးအရ အကျဉ်းကျခံနေရတဲ့လူတွေ ရှိတယ်ဆိုတာတောင်မှ အခုအချိန်အထိ အသိအမှတ်မပြုသေးဘူးဖြစ်တယ်။ ဒီ position က သူတို့ အာဆီယံဥက္ကဋ္ဌ ရာထူးမယူခင်က position ဖြစ်တယ်။ အာဆီယံဥက္ကဋ္ဌ ယူပြီးတော့လည်း ဒီ Position ကိုပဲ ဆက်ပြီးကိုင်စွဲထားတုန်းပဲဖြစ်တယ်လို့ အဲဒီလိုယူဆတယ်။ ဆိုတဲ့အခါကြတော့ မှန်တယ် ဗမာပြည်ထဲမှာ အပြောင်းအလဲတချို့  အရွေ့ တချို့  နှေးနှေးနဲ့ ဖြစ်ပေါ်နေတာရှိတယ်။ အင်မတန် နှေးကွေးစွာ ဖြစ်ပေါ်နေတာရှိတယ်။ တပြိုင်နက်ထဲမှာပဲ အခုနလိုပြောတဲ့ အခြေခံကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အသိအမှတ်ပြုရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စ အပါအဝင် တခြား သိသာထင်ရှားတဲ့၊ ခိုင်မာတဲ့ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ပြောင်းလဲမှုမျိုးကို လုပ်တာကိုတော့ ကျနော်တော့ အခုအချိန်အထိ မတွေ့ရသေးဘူး။ အဲဒီအခါကြတော့ ယနေ့ စစ်ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ အစိုးရအနေနဲ့ တိုင်းပြည်ကို တကယ်ပဲ စစ်စစ်မှန်မှန် အပြောင်းအလဲကို ဦးတည်ပြီးတော့ သွားဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ်လို့ရှိရင် တစုံတရာ အချိန်ဆွဲနေတာလား။ သူတို့ မပြောင်းလဲဘဲနဲ့ သူတို့ နိုင်ငံတကာ ဆက်ဆံရေးတွေ အဆင်ပြေလာအောင်။ သူတို့လုပ်မယ့် လုပ်ငန်းတွေ အဆင်ပြေလာဖို့အတွက်ကို ကြိုးစားနေတာလားဆိုတဲ့ ကိစ္စတွေက အများကြီး စဉ်းစားစရာရှိတယ်။ ဝေဝါးနေဆဲဖြစ်တယ်။ ခိုင်ခိုင်မာမာ ပြောင်းလဲဖို့ လမ်းကြောင်းကို ရောက်နေပြီလို့ ပြောလို့မရသေးဘူး ဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောဆိုမှုတွေလုပ်တယ်။ အန်အယ်လ်ဒီ ပါတီကို ပြန်ပြီး မှတ်ပုံတင်နိုင်အောင်၊ ရွေးကောက်ပွဲဝင်နိုင်အောင် တံခါးဖွင့်ပေးတယ်။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းတာတို့ဘာတို့ရှိတယ်။ အဲဒါတွေကရော အရေးပါတဲ့ ပြောင်းလဲမှုတွေ မဟုတ်ဘူးလား။

ဦးအောင်မိုးဇော် ။ ။ ဒီ အပြောင်းအလဲတွေက အရေးမပါဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီ အပြောင်းအလဲတွေက လိုအပ်ပါတယ်။ ဒီ အပြောင်းအလဲတွေက ရှေ့ ဆက်ပြီးတော့ တိုးတက်သွားဖို့။ ရှေ့ ဆက်ပြီး တကယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားဖို့ အရမ်းလိုအပ်တယ်။ အဲဒီအတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဗမာပြည်ကိုသွားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က အခုနလို အစရဲ့ အစ ဗမာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေဖို့အတွက် အစဖြစ်တယ်။ သမ္မတကြီးကို ယုံကြည်ပါတယ် စသဖြင့်ပေါ့ အပြောင်းအလဲတွေကို ပိုမြန်ဆန်နိုင်ဖို့အတွက်ကို ပြောဆိုနေကြတာတွေ ဆက်ဆံနေကြတာတွေ ဖြစ်နိုင်တယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယူဆတယ်။ ဆိုတဲ့အခါကြတော့ ဒါပေမဲ့လို့ ကနေ့ အပြောင်းအလဲတွေကနေ ရှေ့ ကို မြန်မြန်ဆန်ဆန်ကြီး တိုးတက်သွားမယ် သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်ကြီး ပြောင်းလဲသွားမယ်ဆိုတဲ့ ပြောင်းလဲသွားနိုင်တဲ့ ခန့်မှန်းချက်မျိုးကတော့ အခုကာလမှာ ပေးဖို့က အရမ်းကို စောသေးတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဦးစံမိုးဝေ ။ ။ သမ္မတဦးသိန်းစိန် က မစ္စစ် ကလင်တန်နဲ့ စကားပြောတုန်းက သူ့ရဲ့  ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ အစိုးရထဲမှာ လိုလားသူတွေလည်းရှိတယ်။ သံသယ ရှိနေသူတွေလည်း ရှိတယ်။ ဆန့်ကျင်နေသူတွေလည်း ရှိတယ်ဆိုပြီးတော့ ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်တာကို ဘယ်လိုယူဆပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခု နိုင်ငံတော်သမ္မတဆိုတဲ့ ပုဂ္ဂိုလ်က အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီးကို အဲဒီလို ပြောတဲ့ကိစ္စက ကျနော်အနေနဲ့ကတော့ ပွင့်လင်းတယ်လို့ မယူဆဘူး။ သူကနေ့ လုပ်နေကိုင်နေတဲ့ကိစ္စတွေက အင်မတန် နှေးကွေးတဲ့အခါကြတော့ အဲဒီအပေါ်မှာ အခုနလို ပြောဆိုလာမယ့်ကိစ္စကို ကြိုပြီးတော့ ကာတယ်လို့ပဲ ကျနော်ယူဆတယ်။

ဦးစံမိုးဝေ ။ ။ နောက်တခုက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့  ပိတ်စို့အရေးယူမှုတွေကို ရုတ်သိမ်းပေးစေချင်တာ ထင်ရှားပါတယ်။ ဒီတော့ ဝန်ကြီးကလင်တန် ပြောသွားတဲ့ ဒီလို ရုတ်သိမ်းပေးဖို့ မြင်ချင်တဲ့အရာတွေဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေ၊ တိုင်းရင်းသားပဋိပက္ခတွေ ဖြေရှင်းဖို့ ဆိုတာတွေ အပါအဝင်။ မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်ဖြတ်ဖို့ စတာတွေ ပြောဆိုခဲ့ပါတယ်။ အဲဒီတော့ အဲဒီအရာတွေကို မြန်မြန်ဆန်ဆန် မြင်တွေ့နိုင်မယ်လို့ ယူဆနိုင်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော် ဒီနေရာမှာ တခုပြောချင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့စကားထဲက တခုပြောချင်ပါတယ်။ တခုက ဘာလဲဆိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျနော်တို့ တိုင်းပြည်အတွက်ဆို အမေရိကန်ပြည်ထောင်စုနဲ့ ပြေလည်ရေး မပြေလည်းရေး၊ အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ရေး၊ မကောင်းမွန်ရေး ဆိုတာထက် ကျနော်တို့ တိုင်းပြည်ထဲက ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိနဲ့ နောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရပ်တည်သွားနိုင်ဖို့က ပိုပြီးတော့ အဓိကကျတယ်လို့ သူပြောသွားတာကို ကျနော် အမှတ်တမဲ့ တွေ့လိုက်ရတယ်။ အဲဒီလိုဆိုတဲ့အခါကြတော့ ကနေ့ လက်ရှိ အစိုးရအနေနဲ့ ကျနော်တို့ တိုင်းပြည်က ပြည်သူတွေ လွတ်လွတ်လပ်လပ် အခြေအနေတွေ ခံစားနိုင်ဖို့၊ လွတ်လပ်စွာ စီးပွားတွေ ရှာနိုင်ဖို့၊ ပျော်ပျော်ရွှင်ရွှင် ရှိနိုင်ဖို့ကိစ္စကို အမှန်တကယ် ဦးတည်မယ်။ ပြည်သူတွေ တကယ်လိုလားနေတဲ့ ငြိမ်းချမ်းရေးကို တကယ် တည်ဆောက်နိုင်မယ်။ ပြည်သူတွေ တကယ် လိုလားနေတဲ့ အခုနလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ရေး။ ဒီကိစ္စတွေကို တကယ် ဆောင်ရွက်နိုင်မယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တကယ် ခိုင်ခိုင်မာမာ လျှောက်နိုင်မယ်ဆိုလို့ရှိရင် အခုန sanction ဆိုတဲ့ကိစ္စတွေက သူအလိုလို လျော့ပါးသွားမှာဖြစ်တယ်။ သူ့အလိုလို ရုတ်သိမ်းသွားမှာဖြစ်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ အခုန ကိုစံမိုးဝေ မေးတဲ့မေးခွန်းနဲ့ ပတ်သက်လို့ကတော့ ကျနော့် ခန့်မှန်းချက်၊ ယူဆချက်ကတော့ မြောက်ကိုရီးယားလို ကိစ္စမျိုးကို သူတို့ တစုံတရာ အပေးအယူလုပ်နိုင်မယ့် အခြေအနေရှိတယ်။ ကျနော် ယူဆတယ်။ ပြည်တွင်းနိုင်ငံရေးတွေနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ နှေးကွေးနေတာ ကိုစံမိုးဝေ တို့လည်း အသိဖြစ်ပါတယ်။ ကျနော်တို့က မြန်မြန်ထက်ထက် ဖြစ်စေချင်တယ်။ ပြောင်းမယ်ဆိုရင်လည်း ပြောင်းတာတွေက ခိုင်ခိုင်မာမာပြောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်စေချင်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်ဆုံး သိချင်တာတခုကတော့ အခုဆိုရင် အမေရိကန်အစိုးရက မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုနေပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကလည်း တရားဝင်ပါတီအဖြစ်နဲ့ အစိုးရရဲ့  နိုင်ငံရေးဖြစ်စဉ် လမ်းကြောင်းပေါ်မှာ တက်တော့မယ်။ အခုအချိန်အခါမှာ ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာ့အတိုက်အခံ နိုင်ငံရေးအခန်းကဏ္ဍက ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ ဖြစ်လာမလဲလို့ ထင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်အထင်ကတော့ ကျနော်တို့ တိုက်ပွဲက မပြီးသေးဘူး။ ကျနော်တို့ တိုင်းပြည်ထဲမှာ အခုနပြောသလို အပြောင်းအလဲဖြစ်နိုင်တဲ့ လက္ခဏာတချို့  ရှိတယ်ဆိုပေမယ့် တောက်လျှောက်တင်ပြခဲ့သလိုပဲ အပြောင်းအလဲဆိုတာ အခိုင်အမာဖြစ်နေတဲ့ အနေအထား မဟုတ်ဘူးဆိုတဲ့အခါကြတော့ အခုတိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အရွေ့  ပိုပြီးမြန်ဆောင်သွားအောင်လို့၊ ပိုပြီးခိုင်မာသွားအောင်လို့ ကျနော်တို့ လုပ်ရမယ့်အလုပ်တွေ အများကြီးရှိသေးတယ်။ ကျနော်တို့ အဲဒီအလုပ်တွေကို နိုင်ငံတကာကိစ္စတွေမှာပဲဖြစ်ဖြစ် ပြည်တွင်းကိစ္စတွေမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေနဲ့ ပူးတွဲတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် လုပ်စရာတွေ အများကြီးကျန်သေးတယ်။ အဲဒီ လုပ်စရာရှိတဲ့ အလုပ်တွေကို သေသေချာချာ ခိုင်ခိုင်မာမာလုပ်သွားနိုင်ဖို့ လိုသေးတယ်။ ဒါမှလည်း တိုင်းပြည်အတွင်းမှာရှိတဲ့ ရွေ့ နေတဲ့အရွေ့ တွေက ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လိမ့်မယ်။ ပိုပြီးခိုင်ခိုင်မာမာ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။ ဒါ တပိုင်းပေါ့။ နောက်တပိုင်းက ကျနော်တို့ ဒီလိုပဲ နယ်စပ်ဒေသတွေမှာပဲဖြစ်ဖြစ် နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျနော်တို့ ရပ်တည်လှုပ်ရှားနေရတယ်ဆိုတာက ကျနော်တို့ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေချင်လို့။ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်အောင်လို့ ကျနော်တို့ ရပ်တည်လှုပ်ရှားနေတာဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာ အပြောင်းအလဲတွေ မြင်ရပြီဆိုလို့ရှိရင် ကျနော်တို့ ဝမ်းသာရမှာပေါ့။ ကြည်နူးရမှာဖြစ်တယ်။ ဆိုတော့ ဒီနေရာမှာ ကျနော်တို့ အခန်းကဏ္ဍက ဘာလည်းဆိုတဲ့ကိစ္စကတော့ ဖြေဖို့ခက်တယ်လို့ ထင်တယ်။ ကျနော်တို့ လုပ်နေတာတွေ၊ ရပ်တည်နေတာတွေ ကိုယ်၌က တိုင်းပြည်အတွင်းမှာ အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့အခါကြတော့ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲမြန်မြန်ဖြစ်လေ ကျနော်တို့အတွက် စိတ်အေးရလေ။ ကျနော်တို့အတွက် စိတ်ချမ်းသာရလေ ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယူဆပါတယ်။

ဦးစံမိုးဝေ ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ခေါင်းဆောင်၊ နှစ်ပေါင်း (၂၀) ကျော် အတိုက်အခံထဲမှာ ထည်ထည်ဝင်ဝင် လှုပ်ရှားခဲ့သူ ဦးအောင်မိုးဇော် နဲ့ ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG