သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ကူညီထောက်ပံ့ရေး အစိုးရ လုပ်ဆောင်မှုများ


Maung taw- Maung daw - Rakhine
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်း ပဋိပက္ခကြောင့် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ (၃၂) သန်း ထောက်ပံ့မယ်ဆိုတဲ့အပေါ် မြန်မာအစိုးရက ကြိုဆိုလိုက်ပေမယ့် ဒီလို နိုင်ငံတကာ အကူအညီတွေဟာ ရခိုင်ပြည်နယ်အတွင်းက လူမှုအသိုင်းအဝိုင်းအားလုံးအတွက် မျှမျှတတဖြစ်ဖို့ လိုမယ်လို့ မြန်မာဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အစိုးရဦးဆောင်တဲ့ ကြက်ခြေနီလှုပ်ရှားမှုနဲ့ အကူအညီပေးရေး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေပေမယ့် ဒေသခံတွေကို စည်းရုံးပညာပေးပြီး စိန်ခေါ်ချက်တွေကို ကျော်လွှာရမှာဖြစ်တယ်လို့လည်း မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့် ကို VOA က ကိုသားညွှန့်ဦး က နယူးရော့ခ်မြို့မှာ တွေ့ဆုံမေးမြန်ထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဝန်ကြီးခင်များ .. အခုလို VOA လက်ခံတွေ့ဆုံဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ရခိုင်အရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ပါ။ ဆိုလိုတာက မနှစ်က ကြေညာပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ ဝန်ကြီးက ဒုက္ခသည်နဲ့ ပြည်တွင်းမှာရှိတဲ့ IDP တွေကိုပါ သူတို့က အကူအညီ ဒေါ်လာ (၃၂) သန်း ပေးဖို့ဆိုပြီးတော့ ကြေညာပါတယ်။ သမ္မတ Trump ကလည်း ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ပြေလည်အောင်လို့၊ ဖြေရှင်းနိုင်ဖို့ဆိုပြီး UNSC ခေါ်ဖို့ဆိုပြီး တိုက်တွန်းပြောဆိုနေတာ ရှိပါတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ အမေရိကန်ပေါ်လစီအပေါ် ဘယ်လိုမြင်ပါလဲ။

ဦးကျော်တင့် ။ ။ ပထမဦးဆုံးကတော့ ကိုသားညွှန့်ဦးက VOA နဲ့ အခုလို မေးမြန်းခွင့်ပြုတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ အမေရိကန်ပေါ်လစီနဲ့ ပတ်သက်လို့တော့ အမေရိကန်နိုင်ငံဟာ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တတ်တက်ကြွကြွ ထောက်ခံအားပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားအောင်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆက်လက်အောင်မြင်အောင် ဆက်လက်ပံ့ပိုးမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။

လူသားချင်း စာနာထောက်ထား ကူညီပေးရေးကို ကျနော်တို့လည်း ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်နေတာကို ကျနော်တို့က ကြိုဆိုပါတယ်။ တခုတော့ ရှိတာကတော့ သတင်းမီဒီယာတွေထဲမှာ ပြောနေကြတာက ထွက်ပြေးလာတဲ့လူတွေက ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးတဲ့လာတဲ့ လူတွေကိုပဲ မြင်ကြတယ်။ ပြည်တွင်းမှာလည်း သောင်းနဲ့ချီပြီးတော့ တိမ်ရှောင်ကြေတဲ့ လူတွေအများကြီး ရှိပါတယ်။ အဲဒီအချက်ကို အမေရိကန်နိုင်ငံက နားလည်မှုရှိမယ်လို့ ယူဆပါတယ်။ နောက် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း မြန်မာနိုင်ငံအစိုးရရဲ့ အနေအထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကို နားလည်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လို့ ယုံကြည်ပါတယ်။

နောက်တခုက သမ္မတကြီး Donald Trump အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒါကို ဦးစားပေးတရပ်အနေနဲ့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒုသမ္မတ ပြောကြားထဲအထဲမှာတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးချင်တယ်လို့ တွေ့ရတော့ ကျနော်တို့ အံ့သြသင့်မိပါတယ်။ အဲဒီတော့ ဒီကိစ္စကတော့ ကျနော့်အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းတဲ့အခါမှာ Forward Looking ရှေ့ကို ဘယ်လိုဆက်သွားမလဲ Approach နဲ့ ဆက်သွားပြီးတော့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ချဉ်းကပ်ပုံနဲ့ သွားချင်ပါတယ်။ ဒီပြဿနာ ဖြစ်ပေါ်တာကြောင့် ဝေဖန်မယ်။ အပြစ်ပေးမယ်။ ရှုတ်ချမယ်ဆိုတဲ့ Apprach မျိုးနဲ့ မသွားဘဲနဲ့ ဒီပြဿနာ ဖြေရှင်းဖို့ အထောက်အကူပြုတဲ့ နည်းလမ်းမျိုးနဲ့ ဖြေရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်။

နောက်တခုကတော့ လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံကနေ Red Cross Movement နဲ့ ICRC တို့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အဲဒီလိုအဖွဲ့အစည်းတွေပါတဲ့ Red Cross Movement နဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ လူသားချင်းစာနာ အစီအစဉ်ကိုလည်း စတင်ဆောင်ရွက်နေပါပြီ။ နောက်ပြီးတော့ အဲဒီအထဲမှာလည်း အမေရိကန်အပါအဝင် အမေရိကန်သံအမတ်ကြီး၊ UK သံအမတ်ကြီး၊ ဒိန်းမက်တို့နဲ့ ဆွေးနွေးညှိနှိုင်း ပါဝင်ပါတယ်။ အဲဒီတော့ ကျနော်တို့မှာလည်း အဓိကတော့ ဒုက္ခရောက်နေတဲ့ လူတွေကို အကူအညီပေးနေတဲ့ Humanitarian Assistance ယန္တရားတခု ရှိနေဖို့ အရေးကြီးပါတယ်။

ကိုသားညွှန့်ဦး ။ ။ အခုန ဝန်ကြီးပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ကြက်ခြေနီလှုပ်ရှားမှုနဲ့ အကူအညီတွေပေးဖို့ လုပ်တယ်။ ဒါပေမဲ့ မနေ့ကပဲ ဒေသခံတွေတချို့က သံသယနဲ့ ပြဿနာတွေ တက်ကြတယ်။ အဓိကတော့ ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီပေးမယ့်ကိစ္စကို ဒေသခံတွေက ဟန့်တားနေတယ်။ တကယ်တမ်း နိုင်ငံတကာ အကူအညီတွေက ပေးကြမယ်ဆိုရင် တကယ်လက်တွေ့ လုပ်ကြဖို့အတွက် အခက်အခဲတွေအများကြီး ရှိနိုင်လား။ ရခိုင်ဒေသမှာ။

ဦးကျော်တင့် ။ ။ အဓိကတော့ အဲဒီအခက်အခဲတွေ ရှိတယ်။ ပြည်ပကတော့ အလွယ်ကလေး ပြောကြတယ်။ လူသားချင်းစာနာ အခွင့်အရေးတွေ လက်ခံဖို့ပြောတယ်။ ပြောတဲ့အခါမှာ ကျနော်တို့အနေနဲ့ ဒေသမှာ လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာ Community နှစ်ခုစလုံးနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်စလုံးကို မခွဲမခြားဘဲနဲ့ အကူအညီပေးဖို့ဆို လက်ခံပါတယ်။ အထူးသဖြင့် ကြက်ခြေနီအဖွဲ့နဲ့ အဲဒီလိုပဲ ပြောထားပါတယ်။ အဲဒီတော့ ဒေသမှာတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တဘက်လူတွေက သူတို့က အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်တဲ့လူတွေအဖြစ် ယူူဆထားတဲ့အခါကြတော့ တဘက်ကို ပံ့ပိုးပေးတာသည် အကြမ်းဖက်သမားတွေကို ပံ့ပိုးကြတယ်လို့ ယူဆကြပြီးတော့ ကန့်ကွက်မှုတွေ ရှိပါတယ်။ ဒါကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

မနေ့တနေ့က ကြက်ခြေနီအဖွဲ့က ကူညီမယ့် သင်္ဘောကို ဝိုင်းဝန်းပြီးတော့ အနှောင့်အယှက်ပေးတဲ့အဖွဲ့တွေကို ရဲတပ်ဖွဲ့တွေ စေလွှတ်ပြီးတော့ အရေးယူမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေနဲ့အနေနဲ့ လူသားချင်းစာနာထောက်ထား ကူညီပေးမှုကိုတော့ လက်ခံအောင်၊ နားလည်ယုံကြည်အောင် အစိုးရအနေနဲ့ တိုက်တွန်းပေးရမယ့် အနေအထားမှာရှိတော့ ဒါက ဘာသာရေးနဲ့ မဆိုင်ဘူး။ ဒါက လူသားချင်းအကူအညီ ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို ကူတယ်ဆိုတဲ့ဟာမျိုး။ ကျနော်တို့ ကြက်ခြေနီအဖွဲ့ကို ရွေးချယ်ထားခြင်းက ကြက်ခြေနီအဖွဲ့ ICRC သူတို့က Apolitical နိုင်ငံရေးနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်း။ သူတို့က အကူအညီ ပံ့ပိုးရေးကိုပဲ ကူညီဆောင်ရွက်တယ်။ ဒါကြောင့် သူကိုပဲ ကြားနေအဖွဲ့အစည်းမို့ ရွေးချယ်ပြီးတော့ လူသားချင်းစာနာထောက်ထား ကူညီမှုတွေကို စီရင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

အဲဒီတော့ ဒီလိုနည်းနည်း တချို့ အစွန်းရောက်လူနည်းစုတချို့ ကန့်ကွက်တာတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို စိန်ခေါ်မှုမျိုးတွေ ကျနော်တို့ ကျော်လွှာနိုင်အောင် အစိုးရအနေနဲ့ တရားဥပဒေပိုင်းကနေ လုပ်ရမယ်။ နောက်ပြီးတော့ ပညာပေးအနေနဲ့ စည်းရုံးမှုတွေ ပြုလုပ်ရမယ်လို့ ယုံကြည်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်အချက်ကတော့ အကြမ်းဖက်တိုက်ဖျက်ရေးကိစ္စပါ။ အခု ARSA ကိစ္စက နိုင်ငံတကာတချို့ တခြားနိုင်ငံကကွန်ရက်တွေနဲ့ ပတ်သက်တယ်လို့ သိထားပါတယ်။ အဲဒီတော့ ဗမာအိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ဒီအကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဆက်စပ်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါလား။

ဦးကျော်တင့် ။ ။ ကျနော်တို့ အင်ဒိုနီးရှားနဲ့ အင်မတန် သမိုင်းကြောင်းနဲ့ ချစ်ခင်ရင်းနှီးမှု ရှိပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ကျနော်တို့နိုင်ငံအပေါ် နားလည်စာနာမှုလည်း ရှိတယ်။ သူတို့ကလည်း ဒီပြဿနာ ဖြေရှင်းရေးကို မြန်မာအစိုးရ ဖြေရှင်းတာကို အပြုသဘောနဲ့ ဝိုင်းရင်းကူညီကြမယ့် အခြေအနေလည်း ရှိပါတယ်။ မကြာသေးမီကပဲ ရန်ကုန်မှာ ကျနော်တို့ အင်ဒိုနီးရှားနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့တာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း နိုင်ငံခြားမှာ Border Liasion Office တွေ ဖွင့်ဖို့ MOU လက်မှတ်ထိုးဖို့ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ ကျနော်တို့ဘက်ကလည်း မူအားဖြင့် သဘောတူထာ ပြီးပါပြီ။ နောက်ပြီးတော့ Security Dialogue ဆိုပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ဆိုပြီး ကျနော်တို့ MOU တခု သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းနေတာ ရှိပါတယ်။ အကြမ်းဖက် နှိမ်းနှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အင်မတန်လိုအပ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ အခုက ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကိုယ်က ပြင်းပြင်းထန်ထန် ပြောနေကြတဲ့အခါကြတော့ တကယ်တမ်း ပူးပေါင်းဆောင်ရွက်မယ့် အခွင့်အလမ်းတွေ ရနိုင်ပါ့မလား။

ဦးကျော်တင့် ။ ။ သူတို့ဘက်က တချိန်လုံး ပြောနေပါတယ်။ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်း ဖြေရှင်းချင်ပါတယ်။ မြန်မာနိုင်ငံဘက်က နည်းနည်းတုံ့ပြန်မှု နှေးကွေးနေပါတယ်လို့ တကမ္ဘာလုံးကို။ ကျနော်တို့က မဟုတ်ပါဘူး ကျနော်တို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အသင့်ပါလို့ ပြောထားပါတယ်။ ဒါက ဒီဘက်မှာ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရပ်တည်နေတာကိုတော့ တွေ့ရှိရပါတယ်။ သံတမန်ဆက်ဆံရေးမှာ နှစ်နိုင်ငံချင်း ထိတွေ့ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျနော်တို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း Foreign Office Consultation နည်းဥပဒေ ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ နည်းဥပဒေ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒီတော့ သူတို့ဘက်က ပြောနေတဲ့ ဒုက္ခသည် လေးသိန်းကျော်လောက် သူတို့ နိုင်ငံထဲကို ဝင်လာတယ်။ ဒီလူတွေကို ပြန်လက်ခံပါဆိုပြီး ပြောနေတာနဲ့ ပတ်သက်လို့ကော။

ဦးကျော်တင့် ။ ။ အဲဒါကို ကျနော်တို့အနေနဲ့ ၁၉၉၃-၉၄ လောက်က ကျနော်တို့ နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့ ဘယ်လို စံနှုန်းတွေ Criteria တွေနဲ့ ပြန်လည်လက်ခံခဲ့တာတွေ ရှိပါတယ်။ အခုလဲ ကျနော်တို့အနေနဲ့ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံသား ဖြစ်တယ်ဆိုရင် လက်ခံဖို့ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ နိုင်ငံသားလို့တောင် မပြောပါဘူး။ ရောက်နေတဲ့ လူတွေသည် ကျနော်တို့ နိုင်ငံသားဖြစ်လျှင်ဖြစ်စေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ Resident ကာလကြာရှည်စွာ နေထိုင်သွားသူဖြစ်စေ ကျနော်တို့အနေနဲ့ ပထမဦးဆုံး စစ်ဆေးရပါတယ်။

Verification Process တွေနဲ့ အဲဒီလို စစ်ဆေးပြီးတော့ ဒီဘက်မှာ နိုင်ငံသားဖြစ်တယ် - တချို့လည်း နိုင်ငံခြား ရွာတွေမှာ နေသွားမှာ သေချာတယ်။ အထောက်အထားတွေ ခိုင်လုံတယ်ဆိုရင် နောက်ပြီးတော့ စီစစ်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ သူတို့ဘက်က Data တွေက အင်မတန် များပါတယ်။ မြန်မာနိုင်ငံသားတွေ အရင်က လေးသိန်း ရှိတယ်။ အခုနောက်ပိုင်း ဝင်လာတာ လေးသိန်းဆိုတော့ ရှစ်သိန်းလောက် ရှိတယ်လို့ သူတို့ ခန့်မှန်းပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ သူတို့က Myanmar Citizen လို့ သုံးနေတယ်။ အမှန်က အဲဒါတွေက ဘာမှ အတည်မပြောရသေးဘဲနဲ့ သူတို့ဟာသူတို့ ပြောနေတဲ့ Data တွေ ဖြစ်ပါတယ်။ ၁၉၉၂-၉၃ ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ ပြန်လည်တင်ပို့ရေး အစီအစဉ်အရ စီစစ်ပြီးကျန်တာ ကျနော်တို့ စာရင်းအရဆိုရင် အဲဒီတုန်းက နှစ်ထောင်ကျော်လောက်ပဲ ရှိတယ်။ သူတို့ကလည်း မပြန်ျင်လို့ဆိုပြီး အဲဒီလို ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ Verification နိုင်ငံသား ဟုတ်မဟုတ်၊ ကျနော်တို့ဆီမှာနေတဲ့သူ ဟုတ်မဟုတ် စီစစ်မှုတွေလုပ်ဖို့ အဆင်သင့်ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်ဆုံးတချက် မေးချင်ပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ။ ဒါကို အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနအလိုက် ဒီဇိုင်းတွေ ဆွဲနေပြီလို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကိုဖီအာနန် အကြံပြုချက်နဲ့ ပတ်သက်လို့ ဘယ်လို ပြင်ဆင်ထားတာ ရှိပါလဲ။

ဦးကျော်တင့် ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကျနော်တို့ အဓိက လေ့လာထားတာကတော့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးအပိုင်း ပါပါတယ်။ ဒီကိစ္စသည် Border မှာ ဖြစ်နေတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် Border ကတော့ ကိုယ့်ဘက်ကလူလည်း သွားချင်။ သူဘက်က လူလာတာလည်း ရှိတယ်။ ဒါတွေက ရောထွေနေတာလည်း ရှိတယ်။ အဲဒီတော့ အကောင်အထည် ဖော်တဲ့အနေနဲ့ပဲ ပထမဦးဆုံး ဒီနေ့ညနေမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး၊ ကျနော်တို့ NSA ဦးသောင်းထွန်း၊ ကျနော်တို့နဲ့ သူတို့ စတင်တွေ့ဆုံဖို့ ရှိပါတယ်။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်နေတဲ့အပိုင်း ဒေါက်တာကိုဖီအာနန် အစီရင်ခံစာထဲမှာ ပါပါတယ်။ နောက်ပြီးတော့ အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့မှု။ အဲဒါတွေကတော့ အာဆီယံနဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီပံ့ပိုးမှုအပိုင်းမှာ အာဆီယံထဲကနေ ကူညီပေးဖို့ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ သူတို့လည်း ဘယ်လိုနည်းနဲ့ အဖွဲ့လိုက်ဖြစ်စေ တနည်းနည်းနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ဖို့ လာမယ့် စနေနေ့မှာ ဆွေးနွေးဖို့ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်ဆုံးတချက် မေးချင်တာ အခု နိုင်ငံတကာဘက်က အာဆီယံဖြစ်စေ၊ တခြားအိမ်နီးချင်းတွေဖြစ်စေ၊ အမေရိကန်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကူညီပေးမယ်ဆိုတဲ့ Commitment တွေ ဘယ်လောက်အထိ ရှိထားပြီလဲ။

ဦးကျော်တင့် ။ ။ အခုလောလောဆယ် ကျနော် ဒီကိုမလာသေးခင် ဒိန်မက်ဆိုရင် သန်း ၂၀ လောက်ဖြစ်တယ်။

ကိုသားညွှန့်ဦး ။ ။ ဒါက မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားဒုက္ခသည်တွေ …

ဦးကျော်တင့် ။ ။ သူကတော့ မြန်မာနိုင်ငံ ဦးဆောင်တဲ့ ကျနော်တို့အခေါ် Government Led Mechanism in Cooperation with Red Cross Movement – Red Cross Movement နဲ့ ညှိနှိုင်းပြီးလုပ်တဲ့ မြန်မာအစိုးရ ဦးဆောင်တဲ့ ကူညီပေးရေး ယန္တရား - အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော် ဒီထွက်မလာခင်တုန်းကတော့ ဒိန်မက်၊ နော်ဝေတို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ နောက်ပြီးတော့ ဒီမလာခင်ကဆို အိန္ဒိယလည်း ပစ္စည်းတွေ လှမ်းပို့ဖို့ ရှိပါတယ်။ အင်ဒိုနီးရှားကလည်း ပံ့ပိုးဖို့တွေ ရှိနေပါတယ်။ အဲဒီတော့ ဒီဟာတွေသည် ကျနော်တို့ ပြောခဲ့တဲ့ လိုအပ်တဲ့ အသိုင်းအဝိုင်းအားလုံးအတွက် မခွဲမခြားပေးဖို့ဆိုတာ ပါပါတယ်။ အဲဒါလေးကတော့ ကျနော်တို့အစိုးရကိုယ်တိုင်ကလည်း ဘတ်ဂျက်အများကြီး စိုက်ထုတ်ပြီးတော့ တန်းဖိုးထားပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ စေတနာရှင်တွေ ပံ့ပိုးကြတာလည်း အများကြီး ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနမှာ သူတို့ ငွေစာရင်း တွက်ထားတာ ရှိပါတယ်။ အဲဒီတော့ ဒီငွေစာရင်း ဖွင့်ထားတာ ရှိပါတယ်။ အဲဒီတော့ ဒီ Mechanism နဲ့ ပတ်သက်ပြီးတော့ ICRC ကိုယ်တိုင်ကလည်း နိုင်ငံတကာမှာ ဒီဟာကို ဝိုင်းဝန်းကူညီကြဖို့ဆိုပြီး Appeal လုပ်တာ။ ရန်ပုံငွေ ပံ့ပိုးမှုတွေ မေတ္တာရပ်ခံချက် ထုတ်ပြန်ပြီဖြစ်ပါတယ်။ အဲဒီမှာလည်း စီစဉ်ရာထားတာတွေ ရှိပါတယ်။ စတင်လည်း အကောင်အထည် ဖော်နေပါပြီ။

ကိုသားညွှန့်ဦး ။ ။ ဝန်ကြီး အခုလိုမျိုး ဖြေကြားပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်။

ဦးကျော်တင့် ။ ။ ကျနော်တို့လည်း ကျနော်တို့ရဲ့ သဘောထားလေးတွေ ပြောကြားခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG