ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ HIV AIDS ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ပြည်ပရဲ့ထောက်ပံ့ငွေကြေးတွေ ဖြတ်တောက်ခံနေရတာကြောင့် ပြည်တွင်းမှာ ငွေကြေး တတ်နိုင်သူတွေအနေနဲ့လည်း ကူညီထောက်ပံ့ကြဖို့ HIV/AIDS ဝေဒနာရှင်တွေကို အကူအညီပေးနေသူတွေက ပန်ကြားပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အခုရောက်နေတဲ့ လူတွေက မြန်မာနိုင်ငံမှာ HIV/AIDS နဲ့ ပတ်သက်ပြီး ကိုယ်စားပြုလုပ်နေကြတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း (၉) ဖွဲ့ရှိတဲ့အထဲကနေ ပထမခြေလှမ်းအနေနဲ့ VOA မှာ လာပြီးတော့ ရှင်းပြပေးတဲ့ (၃) ဖွဲ့ဖြစ်တယ်။ အဲဒီတော့ ကိုမျိုးမင်းထိုက် အရင်ဆုံး ကိုယ့်အဖွဲ့က ဘာတွေလုပ်နေသလဲဆိုတာကို အကျဉ်းချုံး အရင်ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်တို့ Myanmar Youth Stars Network က အသက် အဓိက အသက် (၁၈) နှစ်ကနေ (၃၀) နှစ်အတွင်းမှာရှိတဲ့ လူငယ်တွေ။ Target population ကတော့ အမျိုးသားချင်း ချစ်ခင်စုံမက်တဲ့ လူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေ၊ မူးယစ်ဆေးသုံးစွဲနေသူတွေ - မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လွှမ်းခြုံပြီ မြို့နယ် (၁၈) မြို့မှာရှိပြီး HIV နဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေ၊ အသိပေးရေးလုပ်ငန်းတွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်။
မေး ။ ။ မဇာကြီးအဖွဲ့အနေနဲ လာတွေလုပ်ဆောင်နေပါလဲ။
ဖြေ ။ ။ ကျမတို့ တော်ဝင်ခရေကွန်ရက်ကတော့ အဓိကအနေနဲ့ ဦးစားပေးလူအုပ်စုတွေအထဲကမှ အမျိုးသမီးလိင်လုပ်သားတွေအတွက် အဓိက HIV ကာကွယ်ရေးလုပ်ငန်းကို အဓိကထား လုပ်ဆောင်ပေးနေသလို၊ အမျိုးသမီးလိင်လုပ်သားတွေအတွက် ဥပဒေမူဝါဒတွေ ပြင်ဆင်ပြောင်းလဲတဲ့နေရာမှာ အသိပေး၊ တောင်းဆိုမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။ ကျမတို့ တော်ဝင်ခေးကွန်ရက်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် (၂၆) မြို့နယ်မှာ အဖွဲ့ (၅၁) ဖွဲ့ကို ချိတ်ဆက်ပြီးတော့ HIV ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။
မေး ။ ။ ကိုသော်တာထွန်းအနေနဲ့ ရှင်းပြပါအုံး။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံ HIV ပိုးရှိသူများအသင်းအနေနဲ့ တွဲပြီးတော့ နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်။ အခြားခွဲခြားဆက်ဆံမှုနဲ့ဆိုင်တဲ့၊ အရည်အသွေးပြည့်မိတဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အသိပေးတောင်းဆိုခြင်း လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
မေး ။ ။ အကိုတို့ အဖွဲ့တဖွဲ့ချင်းဆီမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေလည်း ရှိမှာပဲ။ ဆိုတော့ ကိုမျိုးမင်းထက်က အရင် ရှင်းပြပါ။ ဘယ်လိုအခက်အခဲတွေများ ရင်ဆိုင်ရသလဲ။
ဖြေ ။ ။ အထူးသဖြင့် HIV နဲ့ ပတ်သက်ပြီးမှတော့ လုပ်ငန်းတွေမှာ ခွဲခြားမှုတွေကတော့ မြန်မာနိုင်ငံမှာ ရှိနေသေးတယ်။ နောက်တခုက လူငယ်တွေကြားထဲမှာ ပရဟိတလုပ်ငန်းတွေတော့ လုပ်လာတယ်။ HIV နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေထဲမှာ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုက တော်တော်လေးကို အားနည်းနေတယ်။
မေး ။ ။ မဇာကြီးအဖွဲ့အနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ ပြောပါ။
ဖြေ ။ ။ ကျမတို့ HIV ကာကွယ်ရေးလုပ်တဲ့လူတွေအတွက် အခက်အခဲဆုံးလိုပဲ ပြောလို့ရမယ့်ဟာက လုပ်ငန်းရှင်လို့ပြောတဲ့ KTV, Massage က မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေက HIV ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် အရမ်းအားနည်းတာ ကျမတို့အတွက် စိန်ခေါ်မှုတခုပါပဲ။ သူတို့ရဲ့အတွေးမှာက HIV သည် အားလုံးနဲ့ဆိုင်တယ်ဆိုတာကို မတွေးတဲ့အချက်ကလည်း စိန်ခေါ်မူတချက်ပါပဲ။ နောက်တခုက ကျမတို့အတွက် ခွဲခြားဆက်ဆံမှုတွေကလည်း အဓိက အခက်ခဲဆုံးတခုပါ။
မေး ။ ။ ကိုသော်တာထွန်းအဖွဲ့အနေနဲ့ အကိုတို့လုပ်တဲ့ လုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ ပြောပါ။
ဖြေ ။ ။ ကျနော်တို့ လက်ရှိလုပ်နေတဲ့ MPG လုပ်ငန်းတွေမှာ အဓိကတော့ ခွဲခြားဆက်ဆံမှုကတော့ အခုအချိန်အထိ ရှိနေတုန်းပါ။ HIV ပိုးရှိတဲ့ လူတွေအပေါ်မှာ ပြည်သူလူထုအတွင်းမှာကော နောက် HIV ပိုးရှိတဲ့သူတွေ ကိုယ်တိုင်ကပါ အဲဒီလိုမျိုးပါ။
မေး ။ ။ ကိုမျိုးမင်းထက် အခုလုပ်တဲ့ လုပ်ငန်းတွေဟာ တကယ့်တကယ်ကတော့ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်ဘာသာ Volunteer လုပ်ကြတယ်ဆိုပေမယ့်လဲ ရန်ပုံငွေကတော့ လိုမှာပါ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လုပ်ငန်းလည်ပတ်ဖို့အတွက်။ ဝန်ထမ်းတွေ၊ သွားရေးလာရေးတွေ ရှိမယ်။ သူတို့ကို ပညာပေးလုပ်ငန်းတွေ လုပ်ဖို့အတွက် အထောက်အကူပစ္စည်းတွေ ဝယ်ရတာ ရှိချင်ရှိမယ်။ အခု ကျနော်တို့ ကြားသိရတာက ပွင့်ပွင့်လင်းလင်း ပြောကြမယ်ဆိုရင် နိုင်ငံတကာအကူအညီကလည်း တဖြည်းဖြည်းလျော့ကျလာတယ်။ မြန်မာအစိုးရကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကူညီမှုက မရှိသလောက်နည်းတယ်။ ဆိုတော့ ခင်များတို့အနေနဲ့ ရန်ပုံငွေအခက်အတွေရှိတယ်။ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာကို ရှင်းပြလို့ရမလား။
ဖြေ ။ ။ ကျနော်တို့ ချမှတ်ထားတဲ့ လမ်းစဉ်တွေမှာဆိုရင် (၃) နှစ်စာ ချမှတ်ထားတဲ့ လမ်းစဉ်တွေမှာ အခုလက်ရှိ နိုင်ငံတကာက ရရှိနေတာ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ တနှစ်စာပဲ ရနေတယ်။ အဲဒီအထဲမှာမှ ကျနော်တို့က ဦးတည်အုပ်စုတွေဖြစ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေရှိတယ်။ အမျိုးသားချင်းချစ်ခင်စုံမက်သူတွေနဲ့ အမျိုးသမီးလိင်လုပ်သားတွေ ရှိတယ်။ သူတို့တွေက HIV ကူးစက်မှုနှုန်းက အများဆုံး ဖြစ်နေတယ်။ ဖြစ်နေတဲ့အတွက် ကာကွယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတုန်းပါ။ စိုးရိမ်တာက တနှစ်စာပဲ ပေးထားတဲ့အတွက် နောက် ၂၀၁၉-၂၀ ကျနော်တို့ ရှေ့ဆက်ပြီးတော့ HIV ကူးစက်မှုနှုန်းတွေက တအားမြှင့်တက်လာအုံးမှာလား။ ပညာပေးလုပ်ငန်းတွေက ဘတ်ဂျက်တွေ မရှိတော့တဲ့အတွက် လိုအပ်ချက်တွေ ရှိနေအုံးမှာလား။ ဒီကြားထဲမှာ လူငယ်တွေဖြစ်တဲ့အတွက် HIV က ဖြစ်နေသေးတယ်။ လူထုကလည်း ခွဲခြားဆက်ဆံခံနေရတဲ့ အုပ်စုတွေ ဖြစ်နေတဲ့အတွက်ပေါ်မှာ အရမ်းစိုးရိမ်မှုတွေက ရှိနေတုန်းပါ။
မေး ။ ။ ကိုသော်တာထွန်းအနေနဲ့ ဘာပြောစရာရှိပါလဲ။
ဖြေ ။ ။ MPG အနေနဲ့လည်း ဒီလိုပဲပါ။ ကျနော်တို့ ပြည်ပကနေ ရရှိတဲ့ အလှုငွေတွေနဲ့ လုပ်ငန်းတွေ လည်ပတ်လုပ်ဆောင်နေတယ်။ အထူူးသဖြင့် ပြည်ပနိုင်ငံကပေးတဲ့ ထောက်ပံ့မှုတွေနဲ့ ရေတိုရေရှည်လုပ်ငန်းတွေ - ရေတိုက တနှစ်စာပဲရှိတယ်။ ဒါပေမဲ့ MGA အနေနဲ့ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ဆီကနေ (၃) နှစ်စာ၊ နောက် ---- အဖွဲ့ကနေတော့ (၃) နှစ်စာတော့ရတယ်။ ရေရှည် ရပ်တည်နိုင်ဖို့အတွက်တော့ ကျနော်တို့မှာ အခက်အခဲတွေရှိတယ်။ ပြည်တွင်းအဖွဲ့အစည်းအနေနဲ့တော့ တအားရှားတယ်။ ခဏလာပြီး လှူလိုက်တဲ့ အဖွဲ့ရှိမယ်။ ကျနော်တို့ Program တွေ အစီအစဉ်တွေ လုပ်ဖို့အတွက်ကတော့ ပြည်တွင်းအစီအစဉ်အနေနဲ့ မရှိသေးပါဘူး။
မေး ။ ။ မြန်မာအစိုးရတွေရဲ့ ကူညီပံ့ပိုးမှုတွေက ရန်ပုံငွေအားဖြင်သော်လည်းကောင်း၊ အခြား Logistics အရသော်လည်းကောင်း ဘယ်လို ကူညီပေးတာမျိုး ရှိသလဲ။ ကူညီပေးတာကော ရှိသလား။
ဖြေ ။ ။ အခုလက်ရှိကတော့ ဟိုအရင်အစိုးရတွေလက်ထက်နဲ့စာရင် အခုအစိုးရမှာတော့ HIV/AIDS အတွက် နှစ်စဉ် ဆယ့်ငါးသန်းတော့ ပါဝင်ပေးနေတယ်။
မေး ။ ။ အားလုံးအတွက်လား။ ကျပ်ဆယ့်ငါးသန်းဆိုတာ မြန်မာငွေလား။
ဖြေ ။ ။ အားလုံးအတွက်ပါ။ ဒေါ်လာဆယ့်ငါးသန်းတော့ ပါဝင်ပေးနေတယ်။ ဆေးဝါးတွေ ဝယ်ဖို့အတွက်ပါ။ နောက်တခုကတော့ အရင်ကထက်စာရင်တော့ ကျနော်တို့ Community ထဲမှာ HIV/AIDS လုပ်နေတဲ့ ကွန်ရက်တွေရဲ့ ပူးပေါင်းပါဝင်မှုကိုတော့ လက်ခံလာတယ်။ ဒါပေမဲ့ နည်းသေးတယ်။ ဒီထက်ပိုပြီးတော့ လက်ခံဖို့တော့ လိုပါတယ်။ ကျနော်တို့ ပိုမိုပူးပေါင်းလုပ်ဆောင်ဖို့ပါ။
မေး ။ ။ အဲဒီလိုမျိုး ရန်ပုံငွေ လျော့နည်းလာတဲ့ အခြေအနေကြောင့် ခင်များတို့ အကူအညီပေးနေတဲ့ ဝေဒနာရှင်တွေ၊ ပညာပေးလုပ်ငန်းတွေကို ဘယ်လိုမျိုးများ ထိခိုက်နိုင်သလဲ တယောက်ချင်းဆီ ခပ်တိုတိုလေး ဖြေကြားပေးလို့ရမလား။ ကိုမျိုးမင်းထက် စပြီးပြောပါ။
ဖြေ ။ ။ ပြည်ပအလှုရှင်တွေပဲဖြစ်ဖြစ်၊ ပြည်တွင်းအလှုရှင်တွေပဲဖြစ်ဖြစ် ရန်ပုံငွေ အခိုက်အတန့်ရပ်တန့်သွားမယ်ဆိုရင်တော့ အခုနပြောသွားသလိုမျိုးပါ ဒီ HIV နဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေမှာ လျော့ကျသွားမယ်ဆိုရင် ကွန်ဒုံသုံးစွဲမှုတွေ၊ ကွန်ဒုံဖြန့်ချီရေးတွေမှာ နည်းသွားမယ်။ နည်းသွားတဲ့အခါမှာ HIV ကူးစက်မှုတွေက ဒီထက်ပိုပြီး မြှင့်တက်လာလိမ့်မယ်လို့ ကျနော်အနေနဲ့ထင်တယ်။ ရန်ပုံငွေတွေ ဒီထက်ပိုပြတ်တောက်သွားမယ်ဆိုရင်တော့ တခြားလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေ ရေရှည်တည်တန့်ဖို့ဆိုရင်တော့ တော်တော်ကြီးကို ခက်ခဲသွားပါလိမ့်မယ်။
မေး ။ ။ မဇာကြီးပြောပါ။
ဖြေ ။ ။ ဘာတွေ ဖြစ်လာနိုင်လဲဆိုတော့ ရန်ပုံငွေမှ မရှိတော့ဘူးဆိုရင် ကာကွယ်ရေးလုပ်ငန်းတွေလုပ်ဖို့က အရမ်းအားနည်းသွားမယ်။ အဓိကက ဘာပဲဖြစ်ဖြစ် မဖြစ်ခင်က ကာကွယ်တာ အကောင်းဆုံး ဖြစ်တယ်။ ကျမကတော့ ရန်ပုံငွေ ပြတ်တောက်မှု၊ မြန်မာနိုင်ငံအတွက်ကို ရန်ပုံငွေ ပြတ်တောက်မှုကို မဖြစ်စေချင်ပါဘူး။ ပြည်ပအလှုရှင်တွေအနေနဲ့ ဘာဖြစ်လို့လဲဆိုတော့ HIV သည် လူသားတိုင်းနဲ့ ဆိုင်နေတဲ့အတွက် ရန်ပုံငွေ ပြတ်တောက်မှုအခြေအနေကို ကျမအနေနဲ့ မဖြစ်စေချင်ပါဘူး။ နောက်တခုက ပြည်တွင်းက အလှုရှင်တွေအနေနဲ့ ဒီ HIV ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းတွေမှာ စိတ်ဝင်စားပြီး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ထည့်ဝင်ဖို့အတွက် အလှုရှင်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။ နောက်တခုက ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံက မြန်မာနိုင်ငံသူနိုင်ငံသားတွေ အများကြီး ရှိပါတယ်။ ဒီလိုလူတွေအနေနဲ့လည်း ကိုယ့်မြန်မာပြည်ရဲ့ HIV/AIDS လုပ်ငန်းတွေမှာ တတ်နိုင်တဲ့ကဏ္ဍဘက်ကနေ ပါဝင်ပြီးတော့ ဒီလုပ်ငန်းစဉ်တွေကို ရေရှည်လုပ်နိုင်ဖို့အတွက် စဉ်းစားပေးဖို့ လိုအပ်တယ်ဆိုတဲ့ဟာလေး ပြောချင်ပါတယ်။
မေး ။ ။ ကိုသော်တာထွန်းအနေနဲ့ ဘယ်လိုလဲ။
ဖြေ ။ ။ အဓိက HIV က လူမျိုးရေး၊ ဘာသာရေး၊ အဆင့်အတန်း မခွဲခြားဘဲ ကူးစက်နိုင်တဲ့ အခြေအနေမျိုး ရှိတာကြောင့် ကျနော်တို့ တားဆီးကာကွယ်ရေးတွေအတွက် ရန်ပုံငွေတွေ ဖြတ်တောက်မယ်၊ ပြတ်တောက်သွားမယ်ဆိုရင် အန္တရာယ်တအားများတယ်။ နိုင်ငံတော်အနေနဲ့ ထိခိုက်နိုင်တဲ့ အခြေအနေမှာတောင် ရှိပါတယ်။ ကျနော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းတွေက (၇၀) ရာခိုင်နှုန်းက ပြည်ပကနေလာတဲ့ ရန်ပုံငွေနဲ့ပဲ ရပ်တည်လုပ်ဆောင်နေပါတယ်။ ပြတ်တောက်သွားရင်တော့ လက်ရှိစာရင်းဇယားတွေအရ၊ လက်ရှိအခြေအနေနဲ့ ပြောင်းပြန်ပြန်ဖြစ်ပြီးတော့ ဟိုအရင်တုန်းကလိုမျိုး ပြန်ဖြစ်လာနိုင်တယ်။
မေး ။ ။ အဲဒါနဲ့ တဆက်တည်း မေးရမယ်ဆိုရင်တော့ တယောက်ချင်းဆီပဲ မေးရမှာပဲ။ တကယ်လိုများ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေဖြစ်ဖြစ်၊ ပုဂ္ဂလိကတဦးချင်းဆီပဲဖြစ်ဖြစ် - ဘာဖြစ်လို့လဲဆိုတော့ ခင်များတို့ ကြားဖူးသလားမသိဘူ .. အမေရိကန်မှာဆိုရင် သမ္မတအိုဘားမားဆိုရင် တဦးချင်းဆီက တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ လှုတဲ့ငွေနဲ့ သူ့ရွေးကောက်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ ရပြီးတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီးတော့ နိုင်သွားတယ်။ အဲဒီနည်းမျိုး ကျနော်တို့ဆီမှာ လုပ်လို့ရတယ်။ HIV/AIDS အတွက် တယောက်ချင်းဆီက ငါးရာလှုလှု၊ တစ်ထောင်လှုလှု သန်းနဲ့ချီပြီး လှုတယ်ဆိုရင်လည်း သန်းပေါင်းများစွာ ရမှာပဲ။ ဆိုတော့ တဦးချင်းဆီက လုံးကနဲခဲကနဲ လုပ်ငန်းရှင်တွေက လှုတာရှိသလို၊ မတတ်နိုင်တဲ့လူကလည်း တတ်နိုင်သလောက်ပဲ ငါးရာ၊ တစ်ထောင် လှုတာမျိုး လုပ်လို့ရတယ်။ တကယ်လို သူတို့လှုချင်တယ်ဆိုရင် ခင်များတို့ကို ဘယ်လိုဆက်သွယ်ရမလဲ။ ပြောပြပါအုံး။
ဖြေ ။ ။ HIV နဲ့ ပတ်သက်ပြီး လုပ်နေတဲ့ ကွန်ရက်ကြီး (၉) ခု ရှိတယ်။ ကျနော်တို့က ဒီနေ့ ကိုယ့်ရဲ့ကွန်ရက်တခုဆီကိုသာ ကိုယ်စားပြုလာတာ ဖြစ်တဲ့အတွက် ကျနော်တို့ဆီမှာ ကွန်ရက် (၉) ခု ရှိပါတယ်လို့ ပထမဦးဆုံး ပြောချင်တယ်။ ဆက်သွယ်ပြီးတော့ လှုဒါန်းချင်တယ်ဆိုရင် ပြည်ပကဖြစ်ဖြစ်၊ ပြည်တွင်းကဖြစ်ဖြစ် ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် လှုချင်တယ်ဆိုရင်တော့ Myanmar Youth Stars Facebook မှာ Email Address လေး ရှိပါတယ်။ www.facebook.com/myanmaryouthstars ဖြစ်ပါတယ်။ အဲဒီနေရာနဲ့ နောက်တခုက myanmaryouthstars.mys.mm@gmail.com ကို ဆက်သွယ်ပြီးတော့ လှုဒါန်းလို့ရပါတယ်။
ဖြေ ။ ။ ကျမတို့ တော်ဝင်ခရေကွန်ရက်ကတော့ အဓိက ဦးစားပေးလူအုပ်စုဖြစ်တဲ့ အမျိုးသမီးလိင်လုပ်သားတွေအတွက် HIV ကာကွယ်ရေးလုပ်ငန်းတွေလည်း ဦးစားပေးလုပ်နေတယ်။ နောက်တခုက စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ အလုပ်တွေကိုလည်း လုပ်နေတဲ့အတွက် ကျမတို့ တောင်ဝင်ခရေကွန်ရက်ကို ပြည်တွင်းပြည်ပ အလှုရှင်တွေက စိတ်ဝင်စားလှုချင်တယ်ဆိုရင်တော့ ကျမတို့ အီးမေးလ် swamnetwork2011@gmail.com ကို ဆက်သွယ်ပြီး လှုဒါန်းနိုင်သလို၊ ကျမတို့ Swim Myanmar facebook ကိုလည်း ချိတ်ဆက်ပြီးတော့ လှုဒါန်းနိုင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံ HIV ပိုး ရှိသူများအသင်းကို ဆက်သွယ်လှုဒါန်းလိုချင်ရင်တော့ ကျနော်တို့ mpg.myanmarpositive@gmail.com ဆက်သွယ်လှုဒါန်းနိုင်သလို၊ နောက်တခုက www.myanmarpositivegroup.org ကိုလည်း ဆက်သွယ်ပြီးတော့ လှုဒါန်းနိုင်ပါတယ်။