သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်သား ပုဂ္ဂလိက သတင်းစာများရဲ့ အခြေအနေ၊ အလားအလာ


ဦးရဲနိုင်မိုး (ရန်ကုန်စာနယ်ဇင်းသင်တန်းကျောင်း)
ဦးရဲနိုင်မိုး (ရန်ကုန်စာနယ်ဇင်းသင်တန်းကျောင်း)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာ့သတင်းလောကမှာ လွတ်လပ်မှုတွေ ရှိလာတယ်ဆိုပေမယ့် မြန်မာလူ့အဖွဲ့အစည်းအလိုကျ ရေးသားနေကြတဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေ ရှိနေတုန်းမယ်လို့ ရန်ကုန်စာနယ်ဇင်းသင်တန်းကျောင်း ဦးရဲနိုင်မိုး က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပုဂ္ဂလိကသတင်းစာတွေ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့်ပြန်ရလာတာ လာမယ့် ဧပြီလ (၁) ရက်နေ့ဆိုရင် (၁) နှစ်ပြည့်ပါပြီ။ (၁) နှစ်သက်တမ်းရှိလာပြီဆိုတဲ့ မြန်မာသတင်းစာတွေနဲ့ ပတ်သက်လို့ ဦးရဲနိုင်မိုး, ကို ဗွီအိုအေ (ရန်ကုန်ရုံးခွဲမှာ သတင်းအယ်ဒီတာ ဦးသားညွှန့်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဦးရဲနိုင်မိုး အခုလိုမျိုး မေးမြန်းချက်ကို လာရောက်ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။ ကျနော် အရင်ဆုံးမေးချင်တာက အခုလာမယ့် ဧပြီလ (၁) ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေကို ထုတ်ဝေခွင့်ပေးတာ (၁) နှစ်ပြည့်သွားပါပြီ။ ကိုရဲနိုင်မိုး ကို ကျနော် အရင်ဆုံးမေးချင်တာက ဒီသတင်းစာတွေရဲ့ ရပ်တည်ရေး၊ ရပ်တည်ချက်အပေါ် ဘယ်လောက်အထိ အခုလိုအနေအထားနဲ့ဆက်ပြီး ခံနိုင်မယ်လို့ ယူဆပါသလဲ။

ဦးရဲနိုင်မိုး ။ ။ တော်တော်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာရေးအရ ကြည့်မယ်ဆိုရင် သတင်းစာအားလုံး ရှုံးတယ်။ နေ့တိုင်းရှုံးနေတာ။ အဲဒီတော့ ရေရှည်မှာ အချို့သော အင်မတန်ငွေရေးကြေးရေးအရ တောင့်တင်းတယ်။ ဘယ်ကလာနိုင်တဲ့ ငွေတွေလည်း ရှိနိုင်တယ်ဆိုတဲ့ အုပ်စုတွေကလွှဲရင် ရပ်တည်ဖို့ဆိုတာ တော်တော်ခက်ခဲသွားတယ်။ ဒါကြောင့် တချို့တွေက ဘယ်လိုနောက်ပြောင်ကြသလဲဆိုတော့ အရင်လို စီစစ်ရေးထားပြီးတော့ ထိန်းချုပ်တာထက်တော့ အခုဟာက ရေရှည်အတွက် ပိုကောင်းတယ်လို့ ကျနော်တို့ နောက်ပြောင်ကြတယ်။ အင်မတန် ခက်ခဲ့ပါတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ တခြားကြော်ငြာတွေ၊ ဘာတွေ အားကိုးလို့ မရဘူးလား။

ဦးရဲနိုင်မိုး ။ ။ ကြော်ငြာက ဈေးကွက်ထဲမှာရှိတဲ့ အရေအတွက်က အတော်လေး အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်။ ဒီသတင်းစာတွေအားလုံး အသက်ရှင်ရပ်တည်နိုင်အောင် မလုံလောက်ဘူး။

ဦးသားညွှန့်ဦး ။ ။ နောက်တချက်က ဖြန့်ချီရေးအပိုင်းပါ။ ဖြန့်ချီရေးအပိုင်းမှာ ကျနော်တို့ ကြားနေရတာက။ တချို့တွေ ပုဂ္ဂလိကသတင်းစာတွေအတွက် အတော်လေး အားနည်းနေတယ်ကြားတယ်။ ယှဉ်လိုက်လို့ရှိရင် အစိုးရပိုင်သတင်းစာတွေနဲ့ ယှဉ်လိုက်ရင်။

ဦးရဲနိုင်မိုး ။ ။ တော်တော်ကွာနေပါတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီအခြေအနေ ဖြန့်ချီရေးအပိုင်းနဲ့ ပတ်သက်လို့ အစိုးရမီဒီယာ၊ အစိုးရသတင်းစာတွေနဲ့ ယှဉ်နိုင်ဖို့အနေအထား ဘယ်လိုရှိပါသလဲ။

ဦးရဲနိုင်မိုး ။ ။ အဲဒါတော့ လတ်တလောအနေအထားမှာ တော်တော်လေး အားနည်းတယ်။ ဒါကြောင့် အစိုးရသတင်းစာတွေက အခုထိ ရပ်တည်နေသေးတယ်။ Eleven အုပ်စုကလွှဲရင်။ Eleven အုပ်စုဆိုရင် ကိုယ်ပိုင်ဖြန့်ချီရေးကို ကျနော် ကြားသလောက်ဆိုရင် ထက်ထက်မြတ်မြတ် လုပ်နိုင်တယ်။ ကျန်တာက အရင်ကတည်းက ပုံနှိပ်မီဒီယာဈေးကွက်မှာ လက်တဆုပ်စာလောက်ရှိတဲ့ ဖြန့်ချီရေးသမားတွေက ဘယ်အရာ အားလုံးကို ဖြန့်ချီနေကြတာ။ တော်တော် ထူထောင်ဖို့ကို ခက်ခဲ့တယ်။

ဦးသားညွှန့်ဦး ။ ။ ဒါပေမဲ့ အစိုးရသတင်းစာတွေ ကြတော့ကော။

ဦးရဲနိုင်မိုး ။ ။ အစိုးရသတင်းစာတွေရဲ့ အားသာချက်ကတော့ ဆယ်စုနှစ်များစွာ လုပ်ခဲ့ကြပြီးပြီ။ နောက်ပြီးတော့ ပြည်သူပိုင်တဲ့ အဆောက်အအုံတွေ၊ ယာဉ်တွေ။ နဂိုရှိပြီသာ ဖြန့်ချီရေးတွေ၊ လူအင်အားတွေကို သုံးလို့ရတယ်။ နောက် သူတို့ဖြန့်ချီရာမှာ အားသာချက်က သူတို့မှာ ကိုယ်ခွဲတိုက်တွေ ရှိနေတဲ့အတွက် တပြိုင်တည်းရိုက်နိုင်တဲ့ အားသာချက်ရှိတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တချက်က ဒီသတင်းစာတွေ တနှစ်ပြည့်။ တနှစ်ပြည့်မှာ သတင်းစာတွေရဲ့ အရည်အသွေး၊ သတင်းစာတွေ ထုတ်နိုင်တဲ့ အနေအထားနဲ့ ပတ်သက်လို့ ကျေနပ်အားရမှု ရှိပါသလား။ ဒါမှမဟုတ်ရင် လိုအပ်တယ် ထင်သလား။

ဦးရဲနိုင်မိုး ။ ။ သတင်းစာအရည်အသွေးကတော့ တိုးတက်လာတယ်။ ဒါပေမဲ တော်တော်လေး လိုအပ်နေတဲ့ အခြေအနေရှိတယ်။ အခုပြီးခဲ့တဲ့ သုံးလေးလလောက်ကို ပြန်ကြည့်မယ်ဆိုရင် အရင်ထုတ်နေတဲ့ တကယ်ကို ဓမ္မဓိဌာန်ကျတဲ့ သတင်းစာတွေက အရည်အသွေးပိုကောင်းအောင် ကြိုးစားလာပေမယ့်လဲ။ အသစ်ဝင်လာတဲ့ ပုံနှိပ်မီဒီယာဈေးကွက်မှာ အဝါရောင်ဆန်တဲ့၊ သာမန်စာဖတ်သူကို ဘန်းထဲမှာ လွယ်လွယ်ကူကူ လက်ရပ်ခေါ်တဲ့ ပြူးတီးပြဲတဲ ဓါတ်ပုံတွေနဲ့ စာလုံးတွေဟာ များလာတယ်။ အဲဒါတွေရှိနေတာက တကယ်သွားတဲ့ နေ့စဉ်သတင်းစာတွေရဲ့ ရုန်းအားကို တဖတ်က တိုက်ခိုက်နေသလို ဖြစ်နေတယ်။

ဦးသားညွှန့်ဦး ။ ။ ဒါပေမဲ့လဲ လတ်တလော မီဒီယာ လွတ်လပ်ခွင့်ရှိလာတဲ့အခါမှာ ဖြတ်သန်းရတဲ့ ကာလတခုအနေနဲ့ မယူဆဘူးလား။ ဒါမျိုးက ဥပမာ Yellow Journalist.

ဦးရဲနိုင်မိုး ။ ။ ယူဆပါတယ်။ ကျနော်ထင်တယ် ဒီလိုဖြတ်သန်းရတဲ့ကာလတခု မဟုတ်ဘူး။ ဖွံ့ဖြိုးပြီးသာ နိုင်ငံတွေမှာလည်း အတိုင်အတား တစုံတရာ ရှိနေတာပဲ။ တခုပဲ ကျနော်တို့မှာ ဖွံ့ဖြိုးစနေရာလေးမှာ စာဖတ်ပရိသတ်ရဲ့ အာရုံဟာ အဲဒီဖက်ကို ရောက်သွားအခါမှာ တကယ်ကို မျှမျှတတ ရေးတယ်ဆိုတဲ့ သတင်းစာတွေရဲ့ စောင်ရေကို ထိခိုက်လာတာကို တွေ့ရတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ အရည်အသွေးပိုင် ပြောမယ်ဆိုလို့ရှိရင် သတင်းစာ ဖော်ပြမှု။ ပုဂ္ဂလိကသတင်းစာတွေနဲ့ အစိုးရသတင်းစာတွေ ဘယ်လိုကွာသလဲ။ ပရိသတ်ရဲ့ အားပေးမှုလည်း ဘယ်လိုရှိပါသလဲ။

ဦးရဲနိုင်မိုး ။ ။ တဖတ်မှာ ကြည့်မယ်ဆိုရင် အစိုးရသတင်းစာတွေက စောင်ရေမနည်းလှဘူး။ အဲဒီလို ပြောတဲ့အတွက် အစိုးရသတင်းစာတွေကို ပုဂ္ဂလိကသတင်းစာတွေထက် ပိုယုံတယ်လို့ ပြောတာမဟုတ်ဘူး။ ဥပမာ နာရေးသတင်းကို စောင့်ပြီးဖတ်တယ်။ ကြော်ငြာကို စောင့်ပြီးဖတ်တယ်။ အစိုးရဘာလုပ်နေသလဲဆိုတဲ့ အရိပ်အငွေ့ကို သိချင်လို့ ဖတ်ကြတယ်။ သူတို့ကို ယုံတဲ့လူလည်းရှိမယ်။ ဒါပေမဲ့ သူတို့ကို ပိုယုံတာတော့ မဟုတ်ဘူး။ အရည်အသွေးအရ ကြည့်မယ်ဆိုရင်တော့ ကျနော်ကတော့ ပုဂ္ဂလိက သတင်းစာတွေကသာတယ်။ ဘာကြောင့်လဲဆိုတော့ လူတဦးချင်းဆီရဲ့ အရည်အသွေးက သာတာမဟုတ်ဘူး။ အစိုးရသတင်းစာတွေက အခုထက်ထိ နိုင်ငံတော်ရဲ့ အသုံးချမှုကို ခံနေရတဲ့အခြေအနေကြောင့်လို့ ထင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ သာမန်ပြည်သူတွေရဲ့ ပုဂ္ဂလိကသတင်းစာတွေအပေါ် တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။

ဦးရဲနိုင်မိုး ။ ။ သာမန်ပြည်သူတွေ ပုဂ္ဂလိကပြည်သူတွေက စောင်ရေ နှစ်သိန်းကျော်လောက်ရှိမယ့်။ သူတို့ဖတ်တယ်၊ သူတို့ရယ်တယ်။ ဒါပေမဲ့ သူတို့အတွက် အသုံးတည့်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ ဘာလုပ်နေသလဲဆိုတာကို အရိပ်အငွေ့ကို သူတို့မြင်ရတယ်။ နောက် သူတို့ နာရေးသတင်းတွေ ဖတ်မယ်။ နောက် ဈေးကအရမ်းချိုတယ်။ Distribution ကောင်းတဲ့အတွက် မနက်စောစော သူတို့ဆီကို ရောက်လာတယ်။ အဲဒီ သဘောပါပဲ။

ဦးသားညွှန့်ဦး ။ ။ ပုဂ္ဂလိက သတင်းစာတွေနဲ့ ပတ်သက်လို့ကော။

ဦးရဲနိုင်မိုး ။ ။ ပုဂ္ဂလိကသတင်းစာတွေ ဆိုရင်တော့ မြန်မာစာဖတ်ပရိသတ်ရဲ့ အချို့ထဲမှာ အများစုက ပုဂ္ဂလိကသတင်းစာတွေကို ပိုပြီးတော့ ကြိုက်တယ်လို့ထင်တယ်။ ကျနော် တဦးရဲ့ ထင်မြင်ချက်။ ဒါပေမဲ့ သတင်းဆိုတာ ဘာလဲလို့ ခွဲခြားတဲ့အခါမှာ သတင်းစာဖတ်သူတွေ ပုံစံအမျိုးမျိုး ကွဲလာတယ်။ ဓမ္မဓိဌာန်ကျတဲ့ သတင်း၊ မျှတတဲ့သတင်းကို ဖတ်ချင်သူ။ ဒါမှမဟုတ် ကိုယ်မုန်းတဲ့ နိုင်ငံခေါင်းဆောင်တယောက်၊ အရင်တုန်းက ခေါင်းဆောင်တယောက်ကိုဆဲတာကိုမှ ကြိုက်တဲ့လူ။ အဲဒီအထဲမှာတော့ နည်းနည်းလေး အယူအဆ ကွဲနေတဲ့ ပရိသတ်က ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက် မြင်ရပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက် သတင်းစာတွေရဲ့ ownership ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခုနက ကိုရဲနိုင်ဝင်းလည်း ပြောပါတယ်။ တကယ်တမ်း ကျိကျိတက် စီးပွားရေးလုပ်ငန်းသမားကြီးတွေက ချယ်လှယ်လာနိုင်မယ့် အနေအထား။ အဲဒီလို အလားအလာ၊ အရိပ်အရောင်တွေ ဖြစ်နေတဲ့အခါကြတော့ ဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုရှင်းပြမလဲ။

ဦးရဲနိုင်မိုး ။ ။ ချယ်လှယ်မယ့် အလားအလာတော့ မဟုတ်တော့ဘူး။ ချယ်လှယ်နေပြီလို့ ပြောရမလား။ အဲဒီလို ပြောတဲ့အခါမှာ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီ မဟုတ်ရင်လည်း အစိုးရဟောင်း မိသားစုတင်မကဘဲနဲ့ တခြားသော ငွေကြေးတတ်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း ပါနေတာကို တွေ့ရတယ်။ အဲဒီတော့ တည်ထောင်တဲ့သူတွေရဲ့ သဘောထားပေါ် မူတည်ပြီးတော့ အဲဒီ သတင်းတွေဟာ သူတို့လိုချင်သလို လိုက်ပြီးတော့ လှုပ်ရှားလာကြတာ တွေ့ရတာတော့ စိတ်မကောင်းစရာပါ။ ရှေ့မှာလည်း ပိုပြီးတော့ ကြုံတွေ့လာရအုံးမယ်လို့ ကျနော်ထင်တယ်။ အခု အရေအတွက်အရ တိတိကျကျ မပြောနိုင်သေးပေမယ့် တကယ်ကို လွတ်လပ်ပြီး အမှီအခိုကင်းကင်းနဲ့ လုပ်နိုင်တဲ့ သတင်းအရေအတွက်ဟာ majority လို့တော့ ပြောနိုင်မယ် မထင်ဘူး။

ဦးသားညွှန့်ဦး ။ ။ သတင်းလွတ်လပ်မှုကရော။ သူတို့ ရေးသားကြရတာ အခုလက်ရှိ အနေအထားက ဘယ်လောက်အထိ ရှိတယ်လို့ ယူဆပါသလဲ။ ဥပမာ အစိုးရပိုင်းဖြစ်ဖြစ်၊ တဖတ်က ထုတ်ဝေသူအပိုင်းဖြစ်ဖြစ်။

ဦးရဲနိုင်မိုး ။ ။ လောလောဆယ် အစိုးရပိုင်ကတော့ တားမြစ်မှုမရှိဘူး။ ကျနော်တို့တတွေ technically မူအားဖြင့် ရေးချင်တာ ရေးလို့ရတယ်။ သို့သော် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက် ဥပဒေလိုမျိုးဟာက Unity ကြုံတွေ့နေရတာတော့ရှိတယ်။ အဲဒါကတပိုင်း။ နောက်တခုက လွတ်လပ်ခွင့်ကို ထိပါးနေတာကတော့ ကျနော်တို့ကိုယ်တိုင်ရဲ့ ကိုယ်ပိုင်ဆင်ဆာစနစ် ဖြစ်နေတယ်။ အခုန ခမ်းမထဲမှာ ဆွေးနွေးသလို ယဉ်ကျေးမှုတို့၊ ရိုးရာတို့ ဒါတွေ မပြောကောင်းဘူး။ ဒါကိုရေးရင် သံဃာတော်တွေက စိတ်ဆိုးမယ်။ ဒါကိုရေးရင် ပြည်သူတွေက လမ်းမတွေ့ရင် ဆဲဆိုနိုင်တယ်။ ဒါဟာ အများစုပိုင်ဆိုင်တဲ့၊ အများစုက ကိုးကွယ်တဲ့ ဂုဏ်သိက္ခာနဲ့ သာသနာရေး။ အဲဒါတွေဟာ အခုအချိန်မှာ ကျနော်တို့ရေးဖို့ တော်တော်လေးကို ခက်ခဲတယ်။ Columnist ပိုင်တိုင်ဆောင်းပါးရှင်အနေနဲ့ ပြောမယ်ဆိုရင် အဲဒီလို issue တွေကို လွတ်လွတ်လပ်လပ် ရေးနိုင်ဖို့ ကြိုးစားတိုင်း၊ ကျနော်ဟာ ကျနော့်မိသားစုက ဘာတွေစိုးရိမ်မလဲ။ နောက် အယ်ဒီတာတွေက ဘယ်လောက် စိုးရိမ်ပူပန်မလဲဆိုတာကို ထည့်တွေးရတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီလို အရေးအသားမျိုး ရေးမယ်ဆိုလို့ရှိရင် ပရိသတ်ကို အဓိက စိုးရိမ်တာလား။ အယ်ဒီတာ ဒါမှမဟုတ် ထုတ်ဝေသူတွေကို စိုးရိမ်စိတ်ရှိလား။

ဦးရဲနိုင်မိုး ။ ။ အယ်ဒီတာတွေအတွက် ကျနော်က အားနားတာ။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ရေးသားမှုမျိုး ပေါ်ထွက်လာပြီး နောက်နေ့ တယ်လီဖုန်း ဝင်လာမယ်။ သူတို့ကို ဆဲရေးကြမယ်။ ဝေဖန်ကြမယ်။ ခြိမ်ခြောက်ကြမယ်။ မိသားစုကြတော့ ကျနော် အဲဒီလိုမျိုး ရေးဖြစ်တဲ့အခါမှာ သူတို့က စိုးရိမ်ပူပန်မှု အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ဒါကိုကြိုက်ပါ့မလားရှိတယ်။ ထုတ်ဝေသူဖက်ကိုတော့ ကျနော် သိပ်ပြီး မတွေးမိဘူး။

ဦးသားညွှန့်ဦး ။ ။ အခုဆိုလို့ရှိရင်လဲ သတင်းစာတွေက တနှစ်ပြည့်သွားပြီ။ ဒီကျင့်ဝတ်ပိုင်ဆိုင်ရာနဲ့ ပတ်သက်လို့ကော ဘာတွေ ပြောချင်သလဲ။

ဦးရဲနိုင်မိုး ။ ။ ပြီးခဲ့တဲ့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ နှစ်တွေနဲ့စာရင်တော့ သတင်းစာဆရာတွေက ကျင့်ဝတ်နဲ့ ပတ်သက်ရင် အပြုသဘောအရမ်းဆောင်ပြီး တိုးတက်လာတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခက်အခဲတွေ ရှိနေသေးတယ်။ ကျင့်ဝတ်အရ ပြောရမယ်ဆိုရင် ခုနက ဓမ္မဓိဌာန်ကျမှုကို လွှတ်ကင်းသွားတာလည်း ကျင့်ဝတ်ထဲမှာပါတယ်။ အဲဒါ အခုအချိန်မှာ အရေးကြီးဆုံးကိစ္စလို့ ဖြစ်နေတယ်။ လူမျိုးအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရဖြစ်ဖြစ် ကျနော်တို့ သတင်းစာဆရာတချို့ဟာ bias ဘက်လိုက်မှု မကင်းဘဲ မနေနိုင်တဲ့ပြဿနာက အများစုတွေ့ရတယ်။ အခုအချိန်မှာ အကြီးဆုံးပဲ။ ၂၀၁၅ နီးလာတဲ့အတွက်လည်း အဲဒါ ပိုပြီးတော့ စိုးရိမ်တယ်။ ပြီးခဲ့တဲ့ By-election 2012 တုန်းက သတင်းမီဒီယာလုပ်တာဟာ အရမ်းအကောင်းဆုံးအနေအထားမှာ မဟုတ်ခဲ့ဘူး။ ရှေ့မှာ အတတ်နိုင်ဆုံး ဓမ္မဓိဌာန်ကျပါစေလို့ မြင်ရတယ်။ သတင်းထောက်လူငယ်တွေကြားထဲမှာ တွေ့ရတဲ့ ကျင့်ဝတ်ဆိုတာကတော့ သူတို့ရဲ့ ငွေကြေးအားနည်းမှုတွေ၊ သူတို့ resource အားနည်းမှုတွေကြောင့် ပုံမှန်ကြုံတွေ့ရတာပါ။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ တကယ်ကို ထိပ်ပိုင်းဖြစ်လောက်တဲ့ သတင်းမျိုးတွေ။ ဥပမာ ဘာသာရေးကိစ္စမျိုးတွေ ဖြစ်တာမျိုးတွေ။ အဲဒါမျိုးတွေမှာ ပုဂ္ဂလိကသတင်းတွေမှာ လွှတ်သွားတယ်မျိုးတွေ။ မဖော်ပြရဲလို့ ပျောက်သွားတာမျိုးတွေ ရှိခဲ့လား။

ဦးရဲနိုင်မိုး ။ ။ ရှိတယ်။ ကျနော်ထင်တာက မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို အားလုံးကို ကျနော်တို့ သိသင့်သလောက် မသိခဲ့ရဘူးလို့ ကျနော်ထင်တယ်။ ထင်တာမဟုတ်ဘူး ကျနော်သိတယ်။ အဲဒီတုန်းက သွားခဲ့တဲ့ သတင်းထောက်တွေနဲ့ စကားပြေရတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီတုန်းက မရေးသားနိုင်ခဲ့ဘူးပေါ့။ အဲဒါကို အစိုးရဖက်က ဘယ်လိုရှိသလဲ။

ဦးရဲနိုင်မိုး ။ ။ အစိုးရဖက်က သူတို့ စိုးရိမ်တာက majority အများစုကို စိုးရိမ်ပူပန်မှု။ သူတို့ရဲ့ ဒေါသကို ကြောက်ပုံရတယ်။ Fareed Zakaria က ပြောသလို evils of majority. လူအများစုရဲ့ မကောင်းဘူး။ ဒေါသကို သူတို့ကြောက်ပုံရတယ်။

ဦးသားညွှန့်ဦး ။ ။ အစိုးရဖက်ကရော ရှိနေတဲ့ အကန့်အသတ်တွေက ရှိနေတုန်းပဲလား။ လုံးဝမရှိတော့ဘူးလား။ ဒီသတင်း ဖော်ပြမှုနဲ့ ပတ်သက်လို့။

ဦးရဲနိုင်မိုး ။ ။ အစိုးရဖက်က အကန့်အသတ်ကတော့ သတင်းဖော်ပြမှုအပေါ်မှာ မရှိပါဘူး။ သို့သော် အရင်လို စီစစ်ရေးမရှိတဲ့အတွက် (အခုတော့ စီစစ်ရေး သတိရပြီပေါ့လေ) ကျနော်တို့က ဆင်ခြေရတဲ့အပိုင်းက အခုနက လက်ရှိတည်ဆဲဥပဒေတွေနဲ့ အချိန်မရွေး အရေးယူနေတယ်။ ယူမှာ။ အခုလည်း ယူနေတယ်။ မကန့်ကွက်ဘူး။ မတားမြစ်ဘူး။ သို့သော် သူတို့က ယူမယ်ဆိုရင်တော့ ယူမယ့်သဘောရှိတယ်။ ရှိတဲ့ဥပဒေတွေက မတရားတဲ့ဥပဒေတွေ အများကြီး ရှနေတုန်းပဲ။
ဦးသားညွှန့်ဦး ။ ။ဒီဥပဒေတွေနဲ့ ပတ်သက်လို့ အခုလက်ရှိဆိုရင် အခုနပြောသလို ဥပဒေတွေ၊ ဥပဒေမူကြမ်းတွေ တင်နေတယ်။ အဲဒီတော့ ဒီဥပဒေက လက်ရှိသွားနေတဲ့ သတင်းမီဒီယာသမားတွေကို တကယ်ပဲ အကာအကွယ်ပေးနေတယ်လို့ ထင်သလား။

ဦးရဲနိုင်မိုး ။ ။ အပြည့်အဝ အကာအကွယ်ပေးနိုင်မယ်လို့တော့ မထင်ဘူး။ ပြန်ကြားရေးက လုပ်တဲ့ဟာကတော့ ကျနော့်အမြင်က ပြောရရင် ပြန်ကြားရေးက သူရဲ့လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားရဖို့အတွက် ရည်ရွယ်ပြီးလုပ်တဲ့ ဥပဒေလို့မြင်တယ်။ Press Council က လုပ်တဲ့ဥပဒမှာလည်း သူတို့မှာလည်း ညှိနှိုင်းရဖို့ အခက်အခဲရှိတယ်။ ဥပမာ freedom of information act ဆိုတာမျိုးဟာ ပြည့်ပြည့်စုံစုံ ပါသင့်သလောက် မပါလာဘူး။ ယေဘုယျသဘော ဆောင်ထားတာမျိုးပဲရှိတယ်။ ဆိုတော့ သာမန်ပြည်သူလူထုကို မီဒီယာကတဆင့် ဝန်ကြီးဌာနတွေဟာ သတင်းအချက်အလက် ပေးကိုပေးရမယ်ဆိုတာဟာ တိတိကျကျ မပါသေးဘူး။

ဦးသားညွှန့်ဦး ။ ။ အခုဆိုရင် electronic ဥပဒေဆိုရင် ရှိနေတုန်းပဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာလုပ်ဖို့ရှိသလဲ။

ဦးရဲနိုင်မိုး ။ ။ အဲဒီဥပဒေက စတင်တည်ထောင်ကတည်းက ရည်ရွယ်ချက်ဟာ အတိုက်အခံ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့၊ သတင်းမီဒီယာကို ချုပ်တည်းအနိုင်ယူဖို့ ဖြစ်တဲ့အတွက် ဘယ်လိုမှကောင်းစရာ၊ လူ့အဖွဲ့အစည်းအတွက်လည်း ကောင်းစရာမရှိဘူး။ အဲဒီတော့ သတင်းမီဒီယာကို ဖွံ့ဖြိုးတယ်။ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် အဲဒီဥပဒေတွေက abolish ဖျက်သိမ်းပြစ်ရမယ်။

ဦးသားညွှန့်ဦး ။ ။ နောက်ဆုံးတခု မေးချင်တာက အခုနက သတင်းစာထွက်တာ တနှစ်ပြည့်တော့မယ်။ များသောအားဖြင့် စိန်ခေါ်ချက်တွေ၊ အခက်အခဲတွေ အများကြီးကြုံနေရတယ်။ အဲဒီတော့ အလားအလာကောင်းတွေကော မြင်ရသလား။ မြန်မာ့သတင်းစာလောကအတွက်။

ဦးရဲနိုင်မိုး ။ ။ နံပတ်တစ် အလားအလာကောင်းကတော့ အရမ်းရဲရင့်ပြီးတော့ အသက်မွေးဝမ်းကြောင်းပေါ်မှာ ယုံကြည်တဲ့ လူငယ်မျိုးဆက်သစ်ကို မွေးထုတ်ပေးသွားတာ။ ကျနော် မီဒီယာသင်တန်း နည်းပြဆရာအနေနဲ့ သူတို့နဲ့ နေ့တိုင်းတွေ့ရတဲ့အတွက် သူတို့ရဲ့ သံဓိဌာန်တွေ၊ သူတို့ သတ္တိတွေ၊ မျှော်လင့်ချက်တွေ။ သူတို့မှာ အရည်အသွေး လေ့ကျင့်သင်ကြားပေးမှု နည်းပါးပေမယ့် သူတို့ ယုံကြည်ချက် အရမ်းကြီးမားတယ်။ အဲဒါကတော့ အလားအလာ အကောင်းဆုံးပဲ။ သူတို့က သံဓိဌာန် အရမ်းကြီးမားတယ်။ အယ်ဒီတာ level မှာလည်း တွေ့ရတယ်။ သတင်းထောက် level မှာလည်း တွေ့ရတယ်။ နောက်တခုကတော့ နိုင်ငံတကာက သတင်းမီဒီယာဖွံ့ဖြိုးမှုအတွက် မြန်မာနိုင်ငံကို ကူညီပေးဖို့အတွက် အရမ်းကို စိတ်စေတနာ ပြင်းပြနေတယ်အချက်။ အဲဒီနှစ်ခုကို စနစ်တကျ ကျနော်တို့ နှစ်ခွက်တခွက် ပေါင်းကျိုပြီးတော့ အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင်တော့ ဘယ်လောက်ပဲ အစိုးရနဲ့ ထိန်းချုပ်ချင်သူတွေရှိရှိ ကျနော်တို့ ဆက်ပြီးတော့ မှန်မှန်ကန်ကန် လျှောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခုန အခက်အခဲတွေကို ဒီကိစ္စတွေနဲ့ ကျော်နိုင်မယ်ထင်လား။ ဥပမာ ငွေကြေးကိစ္စလိုဟာမျိုး၊ ကျင့်ဝတ်လို့ဟာမျိုး ဒါတွေကို ကျော်လွှာနိုင်မယ်ထင်လား။

ဦးရဲနိုင်မိုး ။ ။ ကျင့်ဝတ်ကိစ္စ တဖြည်းဖြည်း ကျနော့်အမြင်မှာတော့ ကျော်လွှာလာတယ်လို့မြင်တယ်။ ရခိုင်ကိစ္စ ဖြစ်ခဲ့တုန်းက လွန်ခဲ့တဲ့ (၂) နှစ်က ရေးတာနဲ့ အခုနောက်ပိုင်းနဲ့ တဖြည်းဖြည်း ကျင့်ဝတ်မှုဆိုင်ရာ၊ ရေးသားမှုစံချိန်စံနှုန်း တက်လာတာကို တွေ့ရတယ်။ စီးပွားရေးပိုင်ဆိုင်ရာကိစ္စကတော့ တော်တော်ကို ကြိုးစားယူရအုံးမယ်။ အဲဒါ အစိုးရနဲ့လည်း အများကြီး သက်ဆိုင်နေတယ်။
ဦးသားညွှန့်ဦး ။ ။ အစိုးရက ဘာလုပ်ပေးနိုင်မလဲ။

ဦးရဲနိုင်မိုး ။ ။ ဥပမာ အစိုးရက နေ့စဉ်သတင်းစာတွေကို အစိုးရက ကိုင်ပြီးတော့ ဈေးကွက်ထဲမှာ ရှိနေတာ တခုတည်းကဆိုင်နေတယ်။ နောက် အခြားဟာ လုပ်ပေးနိုင်မယ့်ဟာတွေဆိုရင် ဥပမာ သတင်းစာစက္ကူ တင်သွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရက တကယ့်မီဒီယာကို အားပေးမယ်ဆိုရင် သူတို့ ဘာကူညီနိုင်မလဲ။ အဲဒီလို အချက်မျိုးတွေလည်း ရှိသင့်တယ်။

ဦးသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ဦးရဲနိုင်မိုး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။
XS
SM
MD
LG