သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနာဂတ်မြန်မာပြည်အတွက် လူငယ်အင်အား


ကိုလင်းထက်နိုင်
ကိုလင်းထက်နိုင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နှစ်ပေါင်းများစွာ ပညာရေးစနစ် ကမောက်ကမ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက လူငယ်တွေကြားမှာ ပညာသင်ယူရ ကောင်းတယ်ဆိုတဲ့စိတ်ဓါတ် ပျက်စီးသွားကြတယ်လို့ နိုင်ငံ့အရေးလှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူ ကိုလင်းထက်နိုင်က ပြောလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ဂုဏ်ယူနေကြတဲ့ လူငယ်တွေရှိပေမဲ့ အများစုကတော့ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်ဖြစ်ချင်သလို ဖန်တီးခွင့် မရသေးတဲ့အပေါ် စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်၊ သူကိုယ်တိုင်ကလည်း နိုင်ငံရေးစနစ်ကြောင့် အနာဂါတ်ပျောက်နေတာလို့ မြင်ခဲ့တဲ့အတွက် နိုင်ငံရေးထဲမှာ ပါဝင်လှုပ်ရှားခဲ့တာလို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကို ကိုလင်းထက်နိုင် ရောက်ခဲ့ချိန်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ လူငယ်တွေ ရှေ့ရေးအခွင့်အလမ်းတွေကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုလင်းထက်နိုင် ကျနော်တို့ ဗွီအိုအေကို တကူတကလာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို အများကြီး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး ကိုလင်းထက်နိုင်တဲ့ ပတ်သက်တဲ့ နောက်ခံအကြောင်းအရာလေး … အဲဒါလေးကို အရင်မေးလိုက်ချင်တယ်။ ကိုလင်းထက်နိုင် က ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေး လှုပ်ရှားမှုထဲကို ဘယ်အသက်အရွယ်၊ အတန်းပညာ ဘယ်လောက်မှာ စပါလာခဲ့တာလဲ။

ကိုလင်းထက်နိုင် ။ ။ မှတ်မှတ်ရရတော့ Second Year ပေါ့။ အမှန်အတိုင်းပြောရရင် သိပ်အတိအကျ ပြောရလို့ရှိရင် ၂၀၀၆ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ ကျနော့် ဆုံးဖြတ်ချက်နေ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေ ညဖက်မှာ ဒီလိုပဲ ပြောရမယ်ဆိုရင် လူငယ်တယောက်လိုပဲ လက်ဖက်ရည်ဆိုင်ထိုင်၊ လျှောက်သွားနေရင်နဲ့ အပြန်မှာ ကျနော်တို့ နှစ်ယောက် စကားပြောဖြစ်တယ်။ ကျောင်းပြီးရင် ငါတို့ ဘာလုပ်ကြမလဲဆိုတာကို စပြီးပြောကြတယ်။ ပြောတဲ့အခါမှာ နှစ်ယောက်စလုံးက သင်္ဘောတက်မလား၊ စင်္ကာပူ သွားမလား၊ မလေးရှား သွားမလား။ ဒါမှမဟုတ် ဒီမှာပဲ ဆောက်လုပ်ရေး လုပ်မလား။ အဲဒီလိုမျိုးတွေ ဝေးဝါးလာတယ်။ ပြောရင်ပြောရင်နဲ့ … ဘယ်လိုဖြစ်တာလဲ။ ငါတို့က ကျောင်းပြီးရင်လည်း ငါတို့က ဒီအတိုင်းပါပဲလား။ အနာဂတ်ကို ဘာမှမတွေ့ဘူး ဆိုတာနဲ့စပြီး ဘာကြောင့်လဲ… ဘာကြောင့်လဲ။ နှစ်ယောက်သား ငြင်းခုန်ဆွေးနွေးကြရင်နဲ့ ဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဆိုတာကို နှစ်ယောက်သာ မြင်မိသွားကြတာ။ ဒါနဲ့ ငါတို့ နိုင်ငံရေးလုပ်မယ်။ ဒီနိုင်ငံ ပြေလည်အောင်လုပ်မှ ငါတို့ ညီတွေညီမတွေလည်း အဆင်ပြေမယ်ပေါ့။ ဒါကတော့ တကယ့်ကို အမှန်တရားပဲ။

ကိုကျော်ကျော်သိန်း ။ ။ အဲဒီအချိန် ဆုံးဖြတ်ကတည်းက ဗကသများအဖွဲ့ချုပ် - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်နဲ့ တွဲပြီးလုပ်ခဲ့တာလား။

ကိုလင်းထက်နိုင် ။ ။ မဟုတ်သေးဘူး။ အဲဒီအချိန်က ဘာကြောင့် ဇူလိုင်လ (၁၈) ရက်နေ့လို့ ပြောလဲဆိုတော့ နောက်နေ့က (၁၉) ရက်နေ့ အာဇာနည်နေ့။ (၂၀) ရက်နေ့မှာ အန်အယ်လ်ဒီ ရုံးကိုသွားပြီးတော့ နိုင်ငံရေးလုပ်ဖို့။ ဘယ်လောက်အထိ နိုင်ငံရေးတွေးလဲဆိုရင် နိုင်ငံရေးလုပ်ဖို့ အန်အယ်လ်ဒီရုံး ပဲ သိတယ်။ ကျန်တာ ဘာမှမသိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ရုံးကိုသွားပြီး ပါတီဝင်အဖြစ် သွားလျှောက်တယ်။ ဟိုက အဲဒီတုန်းက အခြေအနေ အကြပ်အတည်းကြောင့် လက်မခံဘူး။ ပါတီဝင်အသစ် လက်မခံဘူးဆိုပြီး လုပ်လိုက်တယ်။ လုပ်လိုက်တော့ ထပ်ပြီးကြိုးစားတဲ့အခါမှာ ၈၈ မျိုးဆက်က အကိုတွေနဲ့ စရင်းနှီးတွေ့ဆုံခဲ့တယ်။ အဲဒီကနေ အမေရိကန်စင်တာမှာ စဖတ်ဝိုင်းလေး လုပ်တာကို join ခဲ့တယ်။ အဲဒီကနေ စပြီးထိတွေ့ခွင့် ရလာခဲ့တယ်။ ပထမဦးဆုံး လှုပ်ရှားမှုကတော့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပွဲကိုသွားပြီး အားပေးတာမျိုး။ နောက် Signature Campaign တွေ လုပ်ကြတယ်။ ၂၀၀၆ ကုန်ခါနီးလောက်မှာ။ ကိုမင်းကိုနိုင်တို့ လွတ်မြောက်ရေး။

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို လှုပ်ရှားရင်နဲ့ ကိုလင်းထက်နိုင်ကိုယ်တိုင် အဖမ်းခံရတယ်။ ထောင်ကျတယ်လို့ ကျနော် သိထားတယ်။ ဘယ်တုန်းက အဖမ်းခံရသလဲ။ ထောင်ဘယ်လောက် ကျသလဲ။ ဘယ်တုန်းက ပြန်လွတ်သလဲ။

ကိုလင်းထက်နိုင် ။ ။ အဖမ်းခံရတာတော့ ၂၀၀၈ ခုနှစ် (၆) လပိုင်းမှာ။

ကိုကျော်ကျော်သိန်း ။ ။ ဘာနဲ့ ဖမ်းလဲ။

ကိုလင်းထက်နိုင် ။ ။ ဖမ်းတာကတော့ ၂၀၀၇ မှာ ကျောင်းသားသမဂ္ဂ ဗကသ ဖွဲ့စည်းတဲ့အတွက်ရယ်။ နောက်ပြီးတော့ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုမှာ ကျောင်းသားသမဂ္ဂအနေနဲ့ ပါဝင်ခဲ့မှု အဲဒါတွေနဲ့ အဓိက ဖမ်းတာ။ ၈၈ မျိုးဆက်ကို ကူညီလို့ဆိုပြီးတော့လည်းပါတယ်။ ပုဒ်မ (၅) ခုနဲ့ ဖမ်းတယ်။ အင်းစိန်မှာ (၁) နှစ်နီးပါးလောက်နေပြီးတော့ တောင်ငူထောင်ကို ရွှေ့တယ်။

ကိုကျော်ကျော်သိန်း ။ ။ ထောင် ဘယ်နှစ်နှစ်ကျလဲ။

ကိုလင်းထက်နိုင် ။ ။ ထောင်က စုစုပေါင်း အမိန့်ချတာက (၁၀) နှစ်ခွဲ။ ဒါပေမဲ့ တရားသူကြီးက ဆယ်နှစ်ခွဲကို တပေါင်းတည်းကျခံစေဆိုပြီး ပြစ်ဒဏ်ကို ပြင်ပေးတယ်။ အဲဒါကနေ (၄) နှစ် တပေါင်းတည်း (၄) နှစ် ဖြစ်တဲ့အတွက် (၃) နှစ် (၄) လ ထောင်ထဲမှာ နေလိုက်ရပြီး ပြန်လွတ်လာတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဘယ်တုန်းက ပြန်လွတ်လဲ။

ကိုလင်းထက်နိုင် ။ ။ ၂၀၁၁ အောက်တိုဘာ။

ကိုကျော်ကျော်သိန်း ။ ။ ထောင်ကလွတ်တော့ အသက် ဘယ်လောက် ရှိပြီလဲ။

ကိုလင်းထက်နိုင် ။ ။ ထောင်ကလွတ်တော့ အသက် (၃၅) လောက်ရှိပြီ။

ကိုကျော်ကျော်သိန်း ။ ။ ထောင်ထဲမှာ တော်တော်သင်ယူနိုင်ခဲ့တာပေါ့။ ဆိုတော့ ကိုလင်းထက်နိုင်က ပြောရရင်တော့ ကျနော့်အတွေးထဲမှာ အခုနအဖြေကို ဖြေရင်နဲ့ ကိုလင်းထက်နိုင်က ယနေ့မြန်မာနိုင်ငံက လူငယ်ကျောင်းသားထုကို ထင်ဟပ်တဲ့ လူငယ်တဦးလို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ လူငယ်ကျောင်းသားထု အများစုက ကိုလင်းထက်နိုင်လို့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတယ်။ အနှိမ့်ဆုံးအဆင့် နိုင်ငံရေးမလုပ်ဘူး၊ ထောင်မကျဘူးဆိုရင်တောင် ဝေဝေဝါးဝါး ဘာလုပ်ရမှန်း မသိတဲ့အခြေအနေ။ ကျနော် စိတ်ဝင်စားတာက ကိုလင်းထက်နိုင်လို ကျောင်းသားအရွယ် ဒီကနေ မြန်မာနိုင်ငံအပေါ်အမြင် သူတို့ ဘယ်လို မြင်နေကြလဲ။ ကိုလင်းထက်နိုင် ဘယ်လို မြင်သလဲ။

ကိုလင်းထက်နိုင် ။ ။ ကျနော့်အမြင်မှာတော့ လူငယ်တွေက ဂုဏ်ယူတဲ့ လူငယ်တွေလည်းရှိတယ်။ ဒီနိုင်ငံအပေါ်ကို ဂုဏ်ယူနေတဲ့ လူငယ်တွေလည်းရှိတယ်။ ဒီနိုင်ငံအပေါ် စိတ်ပျက်နေတဲ့ လူငယ်တွေလည်းရှိတယ်။ အထူးသဖြင့် နိုင်ငံရေးတခုလုံးကို တခုလုံးဆိုတာထက် သူ့ရဲ့ဘဝ ရပ်တည်နေရတဲ့ဘဝကို တချို့က ဂုဏ်ယူတယ်ဆိုတာက သူ့ရဲ့ တဦးချင်း ခံစားချက်တွေပေါ့။ စိတ်ပျက်တယ်ဆိုတာကတော့ များတယ်။ အမှန်အတိုင်းပြောရရင် များတယ်။ များတယ်ဆိုတာ တိုင်းပြည်ကို မကောင်းမြင်နေတာ မဟုတ်ဘူး။ သူဘာသာ စိတ်ပျက်နေတာ။ ဘာအနာဂတ်မှ တိတိကျကျ မဖန်တီးနိုင်ဘူး။ အဓိက သူတို့မှာ ဖန်တီးနိုင်စွမ်း မရှိဘူး။ အဲဒါကတော့ အဓိက ပြဿနာ။ ဘာဖြစ်လဲဆိုတော့ ပတ်ဝန်းကျင်မှာ ကြားနေရတာက ကိုယ့်သားသမီးကို ဆယ်တန်းအောင်အောင်လုပ်။ ဆယ်တန်းအောင်ရင် အင်္ဂလိပ်စကားပြောသင်။ သင်ပြီးရင် နိုင်ငံခြားလွှတ်ဆိုတာ။ ဘာဖြစ်လို့ နိုင်ငံခြားလွှတ်ရတာလဲ သူ့မိသားစုက။ ဘာဖြစ်လို့ လူငယ်တွေကရော ဆယ်တန်းအောင်ပြီးရင် နိုင်ငံခြားသွားတော့မယ်ဆိုတဲ့ အတွေးလောက် ဘာလို့ဝင်လဲဆိုရင် ကိုယ့်နိုင်ငံမှာ သူတို့အတွက် အခွင့်အရေး မရှိလို့ဘဲ။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ အခု ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့နောက်ပိုင်းမှာ အခွင့်အရေးတွေ ပိုများမလာဘူးလား။

ကိုလင်းထက်နိုင် ။ ။ အခွင့်အရေးတွေ ပိုများလာသလားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မများဘူးလို့ပဲ ပြောရမှာပဲ။

ကိုကျော်ကျော်သိန်း ။ ။ မများသေးဘူးပေါ့။

ကိုလင်းထက်နိုင် ။ ။ မများသေးဘူး။ အခုအချိန်အထိ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့လူက ပိုပိုတိုးလာတယ်။ ကိုယ့်နိုင်ငံမှာ အေးအေးသက်သာနဲ့ လုပ်နိုင်တဲ့ အခြေအနေ မဖြစ်သေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ ကိုလင်းထက်နိုင်အပါအဝင် ကိုလင်းထက်နိုင်တို့ မျိုးဆက်ကျောင်းသားတွေက ဒီကနေ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအပေါ်ကို ဘယ်လို မြင်ကြသလဲ။

ကိုလင်းထက်နိုင် ။ ။ ကျနော်တို့ အယုံအကြည် မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက ဖွဲ့စည်းပုံကို ကြည့်တာ။ ဒီ အစိုးရက ထားပါတော့ စစ်တပ်ကနေ uniform change ပြီးတော့ ဒီမှာလာပြီး အုပ်ချုပ်တာကတောတပိုင်း။ ဒါက လူကိုကြည့်တာ။ ကျနော်တို့က ဖွဲ့စည်းပုံကိုကြည့်တယ်။ ဖွဲ့စည်းပုံက ကျနော်တို့ကို ဒီမိုကရက်တစ် အနှစ်သာရ မပေးထားနိုင်ဘူး။ စစ်တပ်က ကျနော်တို့ကို အချိန်မရွေး ကျောနားမှာလား။ ကိုယ့်ခေါင်းပေါ်မှာလား။ အချိန်မရွေး သူတို့က ရှိနေတဲ့ သဘောမျိုး။ ကျနော့်တို့ နိုင်ငံရေး လွတ်လပ်ခွင့် မရနိုင်သေးတာတွေ။ နောက်ပြီး ဖွဲ့စည်းပုံအရ လက်နက်ကိုင် အင်အားစုကြီးတစုက ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာကို ငါတို့မှာ ချယ်လှယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ တရားပိုင်ခွင့် ရယူထားတာကို ကျနော်တို့ မကြိုက်ဘူး။ ဒါက ဘယ်ကိုသွားသွား သူတို့အကျိုးစီးပွားကို ထိခိုက်တာနဲ့ ကျနော်တို့က အချိန်မရွေး အန္တရာယ်တွေ ကြုံနိုင်တယ်။ ပြည်သူတရပ်လုံး အန္တရာယ်တွေ ကြုံနိုင်တယ်။ အဲဒါ လွတ်လပ်မှု မရှိတာ။ နောက်တချက်က စီးပွားရေး အခွင့်အလမ်းတွေလည်း သူတို့ မဖန်တီးနိုင်သေးဘူး။ ဒါကျတော့ ခေါင်းဆောင်မှု စွမ်းအားပါ့။ စစ်တပ်ကနေ uniform change ပြီးတော့ တိုင်းပြည်ကို ဖွဲ့စည်းပုံအရ အုပ်ချုပ်တယ်။ သူတို့ရဲ့ ခေါင်းဆောင်မှု စွမ်းအားကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ပေါ်လစီတို့၊ လူမှုရေးပေါ်လစီတို့ တအားညံ့ဖျင်းတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးပေါ်မှာလည်း ယုံကြည်မှုနည်းတယ်။ သူတို့လုပ်နေတဲ့ မူဝါဒ၊ ချမှတ်ထားတဲ့ မူဝါဒတွေပေါ်လည်း ယုံကြည်မှုက အားမကောင်းလှဘူး။ ဒါဆိုရင် ဒီနေ့ တိုင်းပြည်သွားနေတဲ့ လမ်းကြောင်းသည် လမ်းကြောင်းမှန်နဲ့ သွားနေသလား။ လမ်းကြောင်းက မတည့်သေးဘူးလား။ လွှဲနေတုန်းပဲလား။ အဲဒါကို လူငယ်ကျောင်းသား အများစုက ဘယ်လိုမြင်ကြလဲ။

ကိုလင်းထက်နိုင် ။ ။ လူငယ်ကျောင်းသားအများစု ဆိုတာလည်း နိုင်ငံရေးကို အထူးသဖြင့် စိတ်ဝင်စားကြတဲ့ လူငယ်တွေကတော့ သုံးသပ်မိကောင်း သုံးသပ်မိကြလိမ့်မယ်။ အများစုကတော့ သူတို့ ဘဝရပ်တည်ရေးကိုပဲ ကြိုးစားနေကြတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုလင်းထက်နိုင်ကိုယ်တိုင် ဘယ်လို မြင်သလဲ။ ဒီနေ့ တိုင်းပြည်သွားနေတဲ့ လမ်းကြောင်းသည် လမ်းကြောင်းမှန်ပေါ် သွားနေသလား။ ဒါမှမဟုတ် မရောက်သေးဘူးလား။ ရောက်ခါနီးပြီးလား။ တည့်နေပြီးလား။

ကိုလင်းထက်နိုင် ။ ။ လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူး။ မရောက်သေးဘူးဆိုတဲ့ အဆင့်ဆိုရင်တော့ ပိုမှန်တာပေါ့။ အစိုးရကတော့ ဝေဝါးနေတယ်။ အစိုးရဝေဝါးနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က ဘယ်ကို တိတိကျကျ ပြနိုင်သလားဆိုရင် ကျနော်တို့လည်း မပြနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့တွေက နှစ်ပေါင်းများစွာ အမှောင်ထဲမှာ အရည်အချင်းစွမ်းအား ရုတ်လျော့ပြီး နေခဲ့ရတယ်။ ကျနော်တို့နိုင်ငံက အခုမှ ဘယ်အရာမဆို ကိုရီးယားက ဟိုဟာလုပ်လို့ လိုက်လုပ်ချင်ရတာနဲ့။ စင်္ကာပူက ဟိုဟာလုပ်လို့ လိုက်လုပ်ချင်။ အမေရိက က ဟိုဟာလုပ်လို့ လိုက်လုပ်ချင်။ အဲဒါတွေက ကျနော်တို့နိုင်ငံအတွက် ပြောရရင် ဆန္ဒတော့ကောင်းတယ်၊ ဒါပေမဲ့ အန္တရာယ်တော့များတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန ပြောတဲ့အထဲမှာ လူငယ်အများစုက လေ့လာခွင့်မရခဲ့ဘူး။ သင်ယူခွင့် မရခဲ့ဘူး။ အခွင့်အလမ်းတွေ နည်းခဲ့တယ်ဆိုတော့ အရည်အချင်း အားနည်းတယ်။ ဒီကနေ့ လူငယ်ကျောင်းသား အင်အားစုမှာ အဓိက အားနည်းချက် အရှိဆုံး အဆိုးနဲ့စတာတော့ မဟုတ်ပါဘူး။ အခုန စကားနဲ့ ဆက်ချင်လို့။ အားနည်းချက် အရှိဆုံးကိစ္စဆိုရင် ကိုလင်းထက်နိုင် ဘာကိုမြင်လဲ။

ကိုလင်းထက်နိုင် ။ ။ ကျနော်မြင်တာကတော့ ပညာကို သင်ယူရကောင်းမှန်ဆိုတဲ့ စိတ်ဓါတ်ပျက်စီးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ (၁၄) နှစ် ပညာသင်နှစ် ဘွဲ့တခုရဖို့ကို တက္ကသိုလ်မှာ - တချို့ဘာသာတွေဆိုရင် (၄) နှစ်။ (၁၃) နှစ် (၁၄) နှစ်နီးပါး တက္ကသိုလ်ဘွဲ့ရဖို့ သူတို့ ပညာသင်ရတယ်။ သူတို့အတွက် ဘာမှ အကျိုးမရှိတဲ့အခါဆိုတော့။ ဘွဲ့ရတဲ့လူငယ်တွေ၊ နောင်မျိုးဆက်တွေကပါ မထူးပါဘူး ဘွဲ့လေးမြန်မြန် လက်မှတ်လောက်ပဲ တန်းဖိုးထားတော့တယ်။ အဲဒီအခါကြတော့ တကယ် ကျနော်တို့အတွက် ရနိုင်တဲ့ ပညာတွေကို သူတို့ သင်ယူဖို့ကြတော့ စိတ်မရှိကြတော့ဘူး။ စိတ်မပါကြတော့ဘူး။ မထူးပါဘူး အရေးကြီးတာကတော့ ဝင်ငွေရတဲ့အလုပ်ဆိုတာမျိုး သူတို့တွေ ဒီအထဲမှာပဲ လည်ပတ်ကုန်ကြတယ်။

ကိုကျော်ကျော်သိန်း ။ ။ ပညာဆိုတာက ကျနော် နားလည်သလောက်ပေါ့။ သက်မွေးဝမ်းကြောင်းပညာရှိတယ်။ အင်ဂျီနီးယား၊ ဆေးဖက်ပညာဖြစ်ဖြစ် အလွယ်တကူ အသက်မွေးဝမ်းကြောင်းအလုပ်ကို အလွယ်လုပ်နိုင်တဲ့ အတတ်ပညာ၊ အသိပညာတွေ ရှိသလို၊ တဖက်ကလည်း အဆင့်မြင့်ပညာ။ (၄) နှစ်ဘွဲ့ရမယ်။ အဲဒီကနေ မာစတာဘွဲ့ရမယ်။ တခါ ဒေါက်တာဘွဲ့ရမယ်။ ပညာရပ်ပိုင်ဆိုင်ရာ ပညာရှင်တွေ ဖြစ်တာမျိုးတွေ။ အဲဒီတော့ အဓိက သင်ယူစိတ် မရှိတာက ဘယ်လို ပညာကိုမှ သင်ယူစိတ် မရှိတာလား။ ဘယ်လို ပညာတွေက ပိုလိုအပ်နေတာလဲ။

ကိုလင်းထက်နိုင် ။ ။ ဗမာပြည်က လူငယ်တွေကြတော့ စောစောကပြောသလို vocational schools တွေကိုတော့ စိတ်ဝင်စားတယ်။ ဆယ်တန်းမှာ အမှတ်များအောင် ကြိုးစားတယ်။ အထူးသဖြင့် အင်ဂျီနီးယားကျောင်းတွေ၊ technology university တွေ သွားတယ်။ ရေကြောင်းသိပ္ပံတို့လို ဆိုရင် သင်္ဘောတက်လို့ရတယ်။ အဲဒီလိုမျိုး အလုပ်အကိုင် အခွင့်အလမ်း ကိုယ့်ဘဝအတွက် အာမခံချက်ရှိမယ့် ကျောင်းတွေကို ကြိုးစားပြီး ရွေးချယ်ကြတယ်။ အဲဒီအခါကြတော့ ဒီဘက်မှာ academic subjects တွေ Physics, History တို့ဆိုရင် ယူတဲ့လူနည်းတယ်။ တချို့ဆိုရင် ပထဝီတို့ ဘာတို့ဆိုရင် တက္ကသိုလ်ရောက်မှ ရှိတာ။ ကိုးတန်း ဆယ်တန်းမှာ ပထဝီ၊ သမိုင်း ဘယ်သူမှ မယူဘူး။ အမှတ်မမီလို့ ယူလိုက်ရတဲ့ အဆင့်မျိုး ကြိုက်လို့တော့ မဟုတ်ဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဒီကနေ့ ကျောင်းသားလူငယ်ထုရဲ့ မြန်မာကိုယ့်တိုင်းကိုယ့်ပြည်အရေး။ နိုင်ငံရေးဆိုတဲ့ စကားလုံးကို ထားလိုက်အောင် ကိုယ့်တိုင်းကိုယ့်ပြည်အရေးအပေါ် စိတ်ဝင်စားမှု အားကောင်းရဲ့လား။

ကိုလင်းထက်နိုင် ။ ။ အဲဒါတော့ ကောင်းတယ်။ နောက်တချက်က လူငယ်တွေနဲ့ ပတ်သက်ရင် နိုင်ငံရေး ကိုယ့်တိုင်းကိုယ့်ပြည်အပေါ်မှာ သူတို့ရဲ့ စိတ်ဝင်စားမှုကို အမြဲတမ်း ယုံကြည်မှုအပြည့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကြုံခဲ့တာတွေ နည်းနည်းလေး ပြောပြမယ်။ ၂၀၀၇ မဖြစ်ခင် တက္ကသိုလ်မှာ လူငယ်တယောက်ပဲ ဟေးလားဝါးလား - အမှန်အတိုင်းပြောရရင် ကျောင်းကလစ်ပြီး ရွာထဲလျှောက်သွားလိုသွား၊ ဘုရားတွေ လျှောက်သွားလိုသွား။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုပ်မယ်လို့လည်း တခါမှ မထင်ဘူး။ ဒါပေမဲ့ ၂၀၀၇ ဖြစ်တဲ့အခါမှာ သူတို့နဲ့ ကျနော်တို့က ဆန္ဒပြချီတက်တဲ့ လူအုပ်ထဲမှာ အတူတူပြန်ဆုံကြတယ်။ သူတို့ကို ကြည့်လိုက်ရင် ကျောင်းမှာ ဟေးလားဝါးလားပဲ။ ကိုယ်လည်း ဟေးလားဝါးလားပဲ။ မပြောဖြစ်ဘူး၊ မဆိုဖြစ်ဘူး။ အချိန်တန်တဲ့အခါမှာ ကျနော်တို့လူငယ်တွေရဲ့ အားသာချက်က ကိုယ်ယူရမယ့်တာဝန်ကို ကျေအောင်ယူတယ်။

ကိုကျော်ကျော်သိန်း ။ ။ အရေးကြုံလာပြီဆိုရင်တော့ လုပ်ရမယ့်ဟာကို လုပ်ကြတာပေါ့။ ကိုလင်းထက်နိုင်က ကိုယ်တိုင်လည်း ကျောင်းသားတက်ကြွလှုပ်ရှားသူ တယောက်။ အဲဒါနဲ့ ထောင်လည်း ကျခဲ့ဖူးတယ်။ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ လက်ရှိလည်း ကိုယ်တိုင်က တာဝန်တွေယူပြီး လုပ်နေတယ်။ ကိုလင်းထက်နိုင် ကိုယ်တိုင်ရဲ့ အနာဂတ်လမ်းကြောင်းကို ဘယ်လို မြင်သလဲ။ လူငယ်တယောက်အနေနဲ့ ဘယ်လို သွားမလဲ။ လူကြီးဖြစ်လာချိန်မှာ ဘယ်လို သွားမယ်လို့ မျှော်မှန်းထားတာ ရှိသလဲ။

ကိုလင်းထက်နိုင် ။ ။ ကျနော့်ရဲ့ ဝါသနာ ကျနော်တို့ဆီမှာတော့ သမ္မတအကြံပေး think-tank လိုမျိုး ဖြစ်ချင်တာ။ ဒါပေမဲ့ ကျနော့်အနေနဲ့ ဖြစ်နိုင်သေးလားဆိုတော့ ကြိုးစားရအုံးမယ်။ ဒါကတပိုင်း။ သေချာတာကတော့ ဒီနိုင်ငံရဲ့ အကျိုးအတွက် တထောင့်တနေရာကနေ ထိထိရောက်ရောက် လုပ်ပေးချင်တဲ့လူ ဖြစ်ချင်တယ်။ လိုအပ်ရင်လည်း နိုင်ငံရေးသမားအဖြစ်လည်း ဝင်လုပ်ဖို့ ပြင်ဆင်တယ်။ ဒီအချိန်မှာပြောရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် ဘာမှ နားမလည်သေးလို့။ ဖြစ်ချင်တာကတော့ နိုင်ငံရေးသမား ဖြစ်ချင်တယ်။ ဒါပေမဲ့ လေ့လာရအုံးမယ်၊ ကြိုးစားရအုံးမယ်။ အဲဒါကြောင့်မို့လည်း စကားကို သိပ်မပြောချင်သေးဘူး။ အနာဂတ်ကို ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်တွေလည်း ခဏခဏ ပျက်ကျနေတော့။

ကိုကျော်ကျော်သိန်း ။ ။ ဒါပေမဲ့ သမ္မတအကြံပေးလို ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ချင်တယ်။ နိုင်ငံရေးခေါင်းဆောင်တယောက်လည်း ဖြစ်ဖို့ ရည်မှန်းချက်တော့ ရှိတယ်။ ဆိုတော့ ကိုလင်းထက်နိုင် တချိန်ချိန်မှာ အဲဒီလို ဖြစ်နိုင်မယ်လို့ ယုံကြည်လား။

ကိုလင်းထက်နိုင် ။ ။ လောလောဆယ် ဒီနိုင်ငံအနေအထားနဲ့ဆိုရင်တော့ မယုံကြည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ လွတ်လပ်ခွင့်မှာ မရှိတာ။

ကိုကျော်ကျော်သိန်း ။ ။ လွတ်လပ်ခွင့် အပြည့်အဝရဖို့တော့ လိုသေးတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုလင်းထက်နိုင် ဖြစ်ချင်တာ ဖြစ်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG